
ဖူးတယ်..ချစ်ခဲ့ဖူးတယ်ဆိုလို့အခုမချစ်တော့ဘူး
လားမေးစရာနော်.. အခုလဲချစ်ပါတယ်..နောင်ကို
လည်း ချစ်နေဦးမှာသေချာပါတယ်..ပန်းဆိုရင်ငယ်
ငယ်ကလေးတည်းက ဘယ်ပန်းမဆို ချစ်ခင်နှစ်
သလို အဆင်းကြောင့်လည်း နှစ်သက်မိတတ်ပါ
တယ်.ကိုယ် ချစ်ခင်နှစ်သက်မိတဲ့ ပန်းကလေး
တွေအကြောင်းသတိတရနဲ့စာရေးချင်လာမိတာ
ကြောင့် ရေးဖြစ်ပြန်ပါပြီ။

စ ကတည်းက လွဲနေတယ်..
အမှန်တရားမရှိတဲ့ တို့၂ယောက်ကြား
အမှားတွေထပ်တလဲလဲ ကျွံရင်း
နာကျင်မှုနွံမှာ အကြိမ်ကြိမ်နှစ်မြုပ်ခဲ့တယ်..
ငါ့ရင်မှာနာသလို
ငါ့ စိတ်တွေဒဏ်ရာအထပ်ထပ်နဲ့
ပြတ်သွားတဲ့ကြိုးတစ်ချောင်းလို
ပြန်ဆက်လည်း နဂိုအတိုင်းပြန်မဖြစ်မှတော့
စိတ်ညစ်မခံပါနဲ့
မင်း… ငါ့ကိုမေ့လိုက်ပါ…

ပန်းနုနှင်းဆီ
ညနေပိုင်း အလုပ်တွေပြီးဆုံးလို့ ကွန်ပျူတာဖွင့်ပြီး သူမရဲ့ ကိုယ်ပိုင် အီးမေလ်းလေး ဖွင့်လိုက်စဉ် ချစ်သူ
ထံမှ အီမေလ်းလေး ရောက်နေကြောင်း တွေ့လိုက်ရ
တော့ လက်ခနဲ ပြုံးလိုက်မိရင်း ကြည်နူးသွားရသည်။
သူမရဲ့ တစ်နေ့တာ ပင်ပန်းနေသမျှ ဒီအီးမေလ်းလေး
တစ်စောင်က ပြေပျောက်သွားစေနိုင်လောက်အောင်
အစွမ်းထက်လှပါသည်....
ချစ်သူဆီက အီးမေလ်း မဖတ်ရသည်မှာလည်းကြာခဲ့ ပြီဖြစ်သည်။
သူမ သူငယ်ချင်းများစွာက ပြောခဲ့ဖူးပါသည်.. ချစ်သူသည် မျက်နှာများသည်တဲ့.. ထို သတိပေးစကားတို့ကို ဥပက္ခာပြုကာ အရာရာအားလုံးကို ခွင့်လွှတ်နိုင်အောင် သူမ ကြိုးစားခဲ့ပါသည်။ ချစ်သူ စိတ်ချမ်းသာစေချင်စိတ်၊ သူမကိုယ်တိုင်လည်း ရုန်းထွက်ဖို့ ခက်ခဲသော အချစ်စိတ်တို့ဖြင့် ဒီဇာတ်လမ်းကို ဆက်ကနေခဲ့မိခြင်းပါ။ တစ်ပတ်တစ်ခါ အွန်လိုင်းမှာ chatting နှင့် စကားပြောဖြစ်ချိန်တွင် သူမရေးသမျှကို အလျှင်မှီအောင် မပြန်နိုင်သော သူ့ကို အလုပ်များလွန်းလို့ နေမှာပါဟု ဖြေတွေး တွေးခဲ့ ပေမယ့် တကယ်တမ်းတော့ မဟုတ်နိုင်ဘူးလို့လည်း သူမစိတ်ထဲ ထင်နေခဲ့ပြန်သည်။ သူ့မှာ သူမနှင့်အပြိုင် စကားပြန်ပြော နေရသူ ဘယ်နှယောက်များ ရှိနေမှာပါလဲ… သူ့စာပြန်အရိုက်ကို စိတ်ရှည်လက်ရှည်စောင့်ရင်း သူမကိုယ်ကိုယ် သိမ်ငယ်စိတ်များစွာ ၀င်ခဲ့မိသည်မှာလည်း အကြိမ်ကြိမ်ပင်… ချစ်သူရဲ့ ဦးစားပေးစာရင်းထဲမှာ ဘယ်ချိန်မှ သူမ ပါဝင်ခွင့် ရမည်လဲ.. ဆိပ်ကမ်းကပ်လို့ ဖုန်းလိုင်းမိလျှင် ဖုန်းဆက်ပါပြောတိုင်း အလုပ်များသည်ဟူသော အကြောင်းပြချက်နှင့် ဘယ်သောခါမှ သတိတရ ဖုန်းမခေါ်တတ်ခဲ့ သူမှာ သူမချစ်သူဖြစ်ပါသည်။
ညနက်သန်းကောင် သူမ အိပ်ပျော်နေလျှင်တော့ တစ်ခါတစ်ရံ သူဖုန်းခေါ်တတ်ပါသည်။ ချစ်သူထံမှ လာသောဖုန်းအတွက် ညနက်သန်းကောင်ဖြစ်စေ သူမနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလျှင်ဖြစ်စေ ဘယ်သောခါမှ မငြူစူ တတ်ခဲ့ပါ.. ပျော်ရွှင်စိတ်လှုပ်ရှားစွာနှင့် ဖုန်းကို ကောက်ကိုင်ကာ တုန်တုန်ရီရီ ပြန်ထူးဖြစ်ခဲ့သည်သာ.. အွန်လိုင်း တက်လာနိုင်မလား မေးတိုင်း မဖြစ်နိုင်ဘူးဟု သူမဘက်က ဘယ်ခါမှ မငြင်းဆိုနိုင်အောင် ချစ်သူထံမှာဘဲ သူမစိတ်အာရုံတစ်ခုလုံး နှစ်မြုပ်ထားခဲ့တာပါ… တစ်ခါတစ်ရံ သူနှင့် စကားပြော အဆင်မပြေ ဖြစ်လို့ သူမစိတ်ထိခိုက်စွာ စောစောစီးစီး အွန်လိုင်းမှ ထွက်လာခဲ့မိလျှင်တောင် နောက် တနေ့ သူ့ဆီက ဖုန်းလေးတစ်ချက်ဆက်ကာ အွန်လိုင်းတက်လာပါ ပြောရုံနှင့် ပြန်ချော့စရာ မလိုအောင် သူမဘက်က အေးဆေးစွာ အရာရာ ကြေလည်သွားခဲ့ရပြီး အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့မိသည်သာ။ ပြီးတော့ သူမချစ်သူက သူမျက်နှာများတာ သူမနှင့် မတွေ့ ခင် က ဟုဆိုပါသည်.. ယခုချိန်တွင်တော့ သူမမှ လွဲ၍ အခြားသူမရှိတော့ပါဟု ပြောလာသောစကားများကို ချစ်သည့်စိတ်နှင့် သူမ ယုံကြည်ပေးခဲ့ပါသည်။
ခုညတော့ သူမမျှော်လင့်နေသော ချစ်သူထံမှ အီးမေလ်းရောက်နေပြီ..
Inbox ထဲမှာ ချစ်သူရဲ့ မေလ်းလေးကို ဖွင့်လိုက်စဉ်တွင် သူမကိုယ်တိုင် သတိမထားမိသော်လည်း သူမမျက်လုံးလေးများက အပြုံးလဲ့လဲ့ကလေးဖြင့် လင်းဖြာရွှန်းမြ နေခဲ့သည်.. သူမနှုတ်ခမ်း ခပ်ကော့ကော့လေးမှာ အပြုံးဝတ်မှုံတွေကို သုတ်လိမ်းလို့… ကျေနပ်ခြင်း ပျားရည်စတို့က မျက်နှာပြင်အပြည့်.. အပျော်တွေက ဘာနှင့်မျှ နှိုင်းယှဉ်စရာ မရနိုင်အောင် ရင်ခွင်တစ်ခုလုံးကို ဆို့ပိတ်ဖုံးလို့ပါဘဲ…

နှင်းရေ..
မောင့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုချင်ပါဘူး… ကြိုတင်ပြီး မပြောပြဖြစ်ခဲ့တာ မောင့်အပြစ်ပါ.. နှင်း မောင့်ကို သိပ်ချစ်တယ်ဆိုတာ ရင်ထဲက လှိုက်လှဲစွာ ယုံကြည်ပါတယ်.. ဒါပေမဲ့ မောင် မပြောသွားခဲ့ရင် မျှော်လင့်ချက်တွေနဲ့ နှင်းကျန်နေခဲ့မှာ မောင်မလိုလားပါဘူး.. နှင်းအချစ်တွေကို မောင်နားလည်တယ်.. လေးလဲ လေးစားပါတယ်.. ဒါကြောင့် အမှန်ကို မောင်ဖွင့်ပြောရမှာပါ.. မောင် နောက်တစ်ပတ်မှာ အလုပ်စာချုပ်စေ့လို့ ခုရောက်နေတဲ့ သင်္ဘောကနေ မြန်မာပြည်ပြန်တော့မယ်..
မြန်မာပြည်ပြန်ရောက်ရင် မောင်လက်ထပ်ရတော့မယ်.. ဟိုမှာ အိမ်က အားလုံးစီစဉ်ပြီးနေပြီ.. မောင့်အနေနဲ့ မငြင်းလို့ နှင်းအပြစ်တင်မယ် ဆိုရင်လဲ ခံရမှာပါဘဲ.. မောင်လက်ထပ်ရမဲ့သူနဲ့ မောင်နဲ့က စေ့စပ်ထားတာ ကြာပါပြီ.. သူက ငယ်သူငယ်ချင်းလဲ ဖြစ်တော့ မောင်သံယောဇဉ်လဲ ရှိပါတယ်.. မောင့်အပေါ် အရမ်းကောင်းပြီး အနွံအတာလည်း ခံနိုင်လွန်းပြီ. အရာရာကို နားလည်နိုင်လွန်းတဲ့သူ တစ်ယောက်ပါ.. ဒါပေမဲ့ နှင်းကိုချစ်ခဲ့မိတယ်ဆိုတာလည်း အမှန်ပါဘဲနှင်းရယ်.. မောင်လိမ်ညာခဲ့တာ မဟုတ်ပါဘူး… လက်ထပ်ရမဲ့ ကိစ္စကို နှင်းကို ပြောမထွက်ရက်ခဲ့တာပါ.. နှင်းနာကျင် ကြေကွဲရမယ် ဆိုတာ မောင်သိပါတယ်.. ဒါပေမဲ့ မောင်ဘယ်လိုလုပ်ရမလဲနှင်းရယ်.. ဟိုဘက်မှာလဲ မောင်ငြင်းမရနိုင်တဲ့ အကြောင်းတရားတွေ ရှိနေလို့ပါ.. နှင်းကို ချစ်ခဲ့ခြင်း အတွက်တော့ မောင့်မှာ အပြစ်ရှိခဲ့ပါတယ်.. စောစောစီးစီး ဖွင့်မပြော ဖြစ်ခဲ့တာကိုလည်း ခွင့်မလွှတ်ပါနဲ့နှင်းရယ်.. မောင့်ကို စိတ်နာပြီး မုန့်မေ့နိုင်အောင်ကြိုးစားလိုက်ပါနော်.. နှင်းမောင့်ကို စိတ်နာပြီဆိုရင် မေ့ဖို့လွယ်မှာပါ..
ကြိုးစားပြီး မေ့လိုက်ပါနော်..
မောင့်ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး… နှင်း ပျော်ရွှင်ချမ်းမြေ့ပါစေ…
ချစ်ခဲ့တဲ့
မောင်
စာကို ဖတ်နေရင်း ကွန်ပြူတာ မောက်စ်ကို ကိုင်ထားသော သူမလက်တို့ တစ်ဆတ်ဆတ် တုန်ရီလာသည်.. လူတစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်လာသော အသိကို မိမိကိုယ်တိုင် ပြန်ခံစားလိုက်ရသည်.. ခန္ဓာကိုယ်မှ အပူရှိန်သည် တစ်ငွေ့ငွေ့တက်လာသည်.. သူမ မျှော်လင့်သည်က ပျော်ရွှင်စရာ စာလေးတစ်စောင်ဖြစ်လိမ့်မည်ဟုသာ.. ခုတော့ ချစ်သူရဲ့ လမ်းခွဲ နှုတ်ဆက်တဲ့စာ.. ရင်ထဲမှာ တစ်ခုခုက ဆို့တက်လာသလို ချက်ခြင်း အသက်ရှုကြပ်လာသည်.. ရှက်ရွံ့ခြင်း၊ နာကျင်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ပူပြင်း လောင်မြိုက်ခြင်းတို့ဖြင့် ကိုယ်ခန္ဓာသည် မီးလို ပူနေတော့သည်.. ခုချိန်မှာ တစ်စုံတစ်ယောက် အခန်းထဲ ၀င်မလာပါစေနှင့်လို သူမ ဆုတောင်းလိုက်မိသည်.. ဆို့ကြပ်နေသော ရင်ခွင်တစ်စုံနှင့် သူမပါးစပ်က ဘာစကားသံမှာ ထွက်မလာနိုင်မည်မှာ သေချာလွန်းလှသည်.. ခုချိန် သူမအတွက်အလိုအပ်ဆုံးအရာက လေ.. သန့်ရှင်းလတ်ဆတ်သော လေ.. သူမအသက်ရှုမ၀တော့..
အခန်းနှင့်တစ်ဆက်တည်း ၀ရံတာ တံခါးကိုဖွင့်၍ အပြင်ထွက်ရပ်လိုက်ရင်း လေကို အငမ်းမရ ရှူရှိုက်လိုက်မိတော့လည်း ဆို့ကြပ်နေမှုက လျော့ပါးမသွားခဲ့… လူတစ်ကိုယ်လုံး ဆောက်တည်ရာ ရှာမရအောင် အမှီအတွယ်မရှိ လွင့်မျောနေသလိုလို… ခုချိန်မှာ သတိလစ်သွားလျှင်ကောင်းမည်.. သူမ အသိအာရုံထဲ ဘာကိုမှ မရှိနိုင်တော့ .. ကွန်ပြူတာ စခရင်ပေါ်က စာလုံးလေးတွေသာ သူမအာရုံတစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပြီ.. အော်.. သူနဲ့ စေ့စပ်ထားသူက သူ့အပေါ် သိပ်နားလည်ပြီး သိပ်ကောင်းလွန်းနေပါတယ် တဲ့လား.. ကိုယ်ချစ်တဲ့ သူက တစ်ခြားမိန်းခလေးတစ်ယောက်ကို ချီးကျူးထားတာကို သူမ ဘယ်လိုအင်အားနဲ့ ခံနိုင်ရည်ရှိပါ့မလဲ…. သူမကရော သူ့အပေါ် ထိုတစ်ယောက်လောက် မကောင်းနိုင်ခဲ့ဘူးတဲ့လား... သူ့ကိုချစ်ခဲ့ခြင်းသည် နှလုံးသားမှာ ခိုင်မာစူးနစ်စွာ ချစ်ခဲ့မိခြင်းသာ.. စိတ်လှုပ်ရှား စိတ်ကစားသည့်အရွယ်လဲ မဟုတ်တော့သည်မို့ အပေါ်ယံသက်သက် အချစ်မျိုး မဟုတ်ခဲ့တာ၊ သူမရဲ့ နက်ရှိုင်းသော ငြိတွယ်မှုကို သူမကိုယ်တိုင်အပြင် သူလည်း သိခဲ့မှာပါ.. သိရက်နဲ့ သူမကို လိမ်ညာရက်ခဲ့သည်… အမှန်တရားကို စောစီးစွာ ဖွင့်မပြောခဲ့..
အိုး… အလဲလဲ အကွဲကွဲပါဘဲ.. စာလေးတစ်စောင်က သူမနှလုံးသားတစ်ခုလုံးကို မွမွကြေစေနိုင်သည်တဲ့လား.. မယုံချင်စရာကောင်းလိုက်တာ.. ၀ရံတာလေးမှာ ဆက်လက် ရပ်တည်ဖို့ မစွမ်းသာတော့သဖြင့် ထိုင်ချလိုက်မိတော့သည်။ ဘယ်ဘက်ရင်ဘတ်က စူးစူးရှရှအောင့်လို့လာသည်.. ဆိုးဝါးလိုက်တာ.. ပါးစပ်ကိုဖွင့်ဟကာ လေကို ခက်ခဲစွာ ရှုသွင်းလိုက်ရသည်.. ငိုစမ်း… ငိုချလိုက်စမ်း… မိမိကိုယ်ကို သတိပေးနေမိသော်လည်း.. မျက်ရည်တို့က ကျဆင်းမလာခဲ့.. ငိုလိုက်လျှင်တော့ ခံစားရတာ အနည်းငယ်တော့ သက်သာသွားနိုင်မည် ထင်သည်.. ခုတော့ မျက်ရည်လဲမကျနိုင်.. ရင်ခွင်တစ်ခုလုံးလဲ ဘာမှန်းမသိသောအရာတွေ ဆို့ကျပ်လို့ နေနေသည်.. ဘာလုပ်ရမည်လဲ ..သူမတစ်ခုခုလုပ်မှ ဖြစ်တော့မည်.. မဟုတ်ရင် ချက်ခြင်းရူးသွားနိုင်သည်..
ထို့နောက်တော့ အခန်းထဲပြန်ဝင်လာပြီး သူမ မှန်တင်ခုံပေါ်မှ ပစ္စည်းများအားလုံးကို စိတ်ရှိလက်ရှိ လွှင့်ပစ်လိုက်မိတော့သည်.. ရေမွှေးပုလင်းများ မိတ်ကပ်ဘူးများ လက်သည်းနီ၊ လိုးရှင်း စသည့်ပစ္စည်းများအားလုံး အုတ်နံရံဆီ လွှင့်စင်ကြကုန်ပြီး အဖိတ်ဖိတ် အစင်စင် အလဲလဲအပြိုပြိုနှင့် ကွဲသည့်ပုလင်းများ ကွဲကုန်သည်.. တစ်ခန်းလုံးလည်း ရေမွှေးနံ့များ မိတ်ကပ်နံ့များတို့ဖြင့် မွန်းထုံသွားတော့သည်။ ကွဲနေသော ပုလင်းစများကို ကြည့်ရင်း ထိုကွဲကြေနေသော အပိုင်းအစများသည် သူမ၏နှလုံးသား အစိတ်အပိုင်းများဟုသာ့ မြင်နေမိတော့သည်. ဘာကြောင့်ဆို ချစ်သူဆီမှ ရောက်လာသော အီးမေလ်းတစ်စောင်ကြောင့်လည်း သူမနှလုံးသားတစ်ခုလုံး မွမွကြေသွားခဲ့ရပြီ မဟုတ်ပါလားလေ။ သူမလက်ကိုင်ဖုန်းလေးကိုပါ တုန်ရီနေသော လက်အစုံနှင့်ကောက်ကိုင်ကာ လွှင့်ပစ်မည်ပြင်ပြီးကာမှာ ဖုန်းscreen ပေါ်က ပြုံးရယ်နေသော ချစ်သူ့မျက်နှာလေးကို မြင်လိုက်ရ၍ တန့်ခနဲဖြစ်ကာ လက်တွန့်သွားတော့သည်။ အပြစ်ကင်းစွာ ပြုံးနေသော သူ့မျက်နှာလေးက သူမကို နာကြင်ကြေကွဲအောင် လုပ်မဲ့သူရယ်လို့ မထင်ရက်စရာ.. သူ့အပြုံးလေးကို ချစ်လွန်းလှ၍ သူနှင့်တွေ့တိုင်း ပြုံးပြစမ်းပါ ဟု သူမ မကြာခန တောင်းဆိုခဲ့ဖူးသည်.. ခုတော့ ထိုအပြုံးလေးနှင့် ရာသက်ပန်ဝေးလေပြီ.. ထိုအပြုံးသည် သူမအတွက် မဟုတ်နိုင်တော့ပေ.. ဖုန်း Screen ပေါ်က ချစ်သူ့မျက်နှာလေးကို ငေးစိုက်ကြည့်နေရင်းမှဘဲ သူမပါးပြင်ပေါ် မျက်ရည်များ တစ်လိမ့်ချင်း ကျဆင်း လာတော့သည်… ထို့နောက်တော့ မျက်ရည်စများအဆက်မပြတ် တစ်လိမ့်လိမ့်နှင့်.. နောက်ဆုံးတော့ ရှိုက်ကြီးတငင် သူမ ငိုကြွေးနေမိပါတော့သည်..

ပန်းနုနှင်းဆီ

ချစ်သူရေ
မင်းနဲ့ငါကြားက
ခပ်ပါးပါးအမှားတစ်ခုက
ပြင်မရအောင် ကြီးကျယ်လာခဲ့ပြီ
လမ်းခွဲတယ်ဆိုတဲ့စကား
နှုတ်ဖျားလေးကနေ
ဘယ်သူက လွယ်လွယ်နဲ့များ
ပြောထွက်ချင်ပါ့မလဲကွယ်..
လိုအပ်လို့ပြောတယ်ဆိုပေမဲ့
ငါ့နှလုံးသားတစ်ခုလုံး နာကျင်ပဲ့ကြွေရတာပါဘဲ..
ကိုယ့်ဖော်တဲ့အဆိပ်ကိုယ်ပြန်မျိုရသလို
ငါ့ရင်ခွင်တစ်ခုလုံး အဆိပ်သင့်ခဲ့ပေါ့
တစ်မြေ့မြေ့ပါဘဲ ကျွမ်းလောင်နေခဲ့တယ်..
ငါ့ရဲ့ညတွေ အိပ်မပျော်ခြင်းနဲ့ မိုးလင်းသွားတာ
မင်းသိမှာမဟုတ်ဘူး ချစ်သူ..
ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့
ဇာတ်ဆရာတစ်ယောက်ရဲ့ အညွှန်းဟာ
ဖွာရရာကျဲပြီး အံလွဲနေခဲ့တာ
စကတည်းကပါဘဲ…
မှားနေမှန်းသိနေခဲ့ပေမဲ့
ချိုမြိန်တဲ့ အသံလေးတစ်စုံအောက်မှာ
ရင်ခုန်စွာပျော်ဝင်ခဲ့တယ်..
ပူလောင်လွန်းနေတယ်
အမှောင်ချထားတဲ့ ငါ့အခန်းထဲမှာ
ချစ်သူရဲ့ စကားသံကလွဲလို့
ဘာသံမှ ငါမကြားလိုဘူး.
ခါးသက်သက် အိပ်ပျက်ညတွေက
မနက်မိုးလင်းချိန်ကို ကြောက်နေမိတယ်..
အိပ်မပျော်ပေမဲ့ မအိပ်ဘဲ မက်နေတဲ့
ဒီအိပ်မက်ကိုဘဲ
ထပ်တလဲလဲ ပြန်တမ်းတတယ်..
အော်.. တကယ်တမ်းတော့
လမ်းခွဲတယ်ဆိုတာ
မုန်းလို့ မဟုတ်သလို
မချစ်လို့လဲ မဟုတ်ဘူးဆိုတာ
ချစ်တဲ့သူ နားလည်မယ်ဆိုရင်
ငါ့နှလုံးသားတစ်စုံနဲ့
ရင်ခုန်တတ်ခဲ့ခြင်းအားလုံး
ဘာကြောင့်စတေးပစ်ရတယ်ဆိုတာ
မင်းသိပါစေလို့ တိတ်ဆိတ်စွာ
ဆုတောင်းလိုက်ပါတယ်.. အဝေးက ချစ်သူရေ။
ပန်းနုနှင်းဆီ

မဲမှောင်တိတ်ဆိတ်လို့ ငြိမ်သက်လွန်းတဲ့ ညလေးတစ်ညပါပဲ.. ခပ်ဝေးဝေး မှာတော့မြို့ကလေးရဲ့ နီယွန်မီး အလင်းရောင်တို့က မှုံပျပျ လေး မြင်နေရဆဲ.. သန်းခေါင်ကျော်နေပြီမို့ မီးတော်တော်များများ ကတော့ မှိတ်ကုန်ပြီ.. ကောင်းကင်မှာတောင် ကြယ်တစ်ချို့က မလင်းတလှည့် လင်းတလှည့်.. ပုဏ္ဏမာ လစန္ဒာကတော့ ခပ်ကွေးကွေးလေးနဲ့ သူမကို တိတ်ဆိတ်စွာ ပြုံးပြလို့နေခဲ့သည်။ လေပြေနုထွေး အေးအေးလေးကလည်း အိမ်အပေါ်ထပ် ၀ရန်တာလေးကနေ နက်မှောင် တိတ်ဆိတ်နေတဲ့ ပြင်ပလောကကြီးကို ထွက်ကြည့်နေသော သူမကို ၀မ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လို့ ကလူကျီစယ် နေကြပြန်ပါသည်။ ဒီတစ်ညလည်း သူမ အတွက်တော့ အိပ်ရေးပျက်တဲ့ည.. အအိပ်ခက်တဲ့ညပဲ ဖြစ်နေဦးမည်မှာ သံသယ ရှိစရာမလိုပါ သေချာ လွန်းလှပါသည်.. အိပ်မရတဲ့ညသည် ညတာ ရှည်လျားလွန်းလှသည်ဟု ကြုံဖူးသူအားလုံးက ပြောခဲ့ကြ ပါလိမ့်မည်။ သူမ အတွက်တော့ ရှည်လျားသည့် ညပေါင်းများစွာ မရေနိုင်အောင် ကြုံခဲ့ပြီးသားပါ။
ညတွေမှာ ခုလို အိပ်မပျော်တာ ဘယ်လောက်များပြီလဲ… ပြန်စဉ်းစားမိပြန်တော့ အဖြေက မရေမရာ.. သေချာပင် မမှတ်မိနိုင်တော့အောင် အိပ်ပျက်ညတွေက များလှပြီ.. ဒါမှမဟုတ် အိပ်ရေးပျက်တာ များလို့ သူမ မှတ်ဥာဏ်တွေကပဲ အလုပ်မလုပ်တော့ ဘူးထင်သည်။ ဒီလိုအချိန်တွေမှာ သူမအတွေးထဲ ရောက်နေတာက ချစ်သူမှလွဲ၍ မည်သူမှ မရှိနိုင်အောင် သူမ၏ အသိဥာဏ်အားလုံး မှောင်မိုက်နေခဲ့သည်။ သူမ ချစ်မိသူကရော.... ခုလိုချိန်တွေဆို နှစ်ခြိုက်စွာ အိပ်မောကျနေပါရဲ့လား.. သူမကို သတိတရ ရှိနေလိမ့်မည်လား.. စိတ်ထဲကတော့ မ၀ံ့မရဲလေး မျှော်လင့်နေချင်ပြန်သေးသည်... သို့သော် မသိစိတ်တစ်နေရာကတော့ ချစ်သူသည် သူမကို သတိတရ ရှိနေလိမ့်မည် ဟုလည်း မထင်မိပြန်ချေ...
ချစ်သူကရော ဒီအချိန် အိပ်ပျော်နေရဲ့လား.. ဒါမှမဟုတ် မအိပ်သေးဘဲ နေ့ခင်းက လုပ်လက်စအလုပ် တစ်ခုခုကို အပြီးသတ်နေမလား.. တစ်ယောက်ယောက်နဲ့ ကြာရှည်လေးမြင့်စွာ ဖုန်းပြောနေမလား.. ဒါကိုလဲ သူမက သေချာမသိပါ.. အိုး… အထင်နဲ့ စိတ်မောခဲ့ရတဲ့ နေ့ရက်တွေလဲ များလှပါပြီလေ.. သေချာအောင် သိလိုစိတ်တော့ ဖြစ်မိသားပါဘဲ… အေးစက်စက် ဖုန်းခလုတ်လေးတွေကို လက်နဲ့ တို့ထိကြည့်မိလိုက်တော့ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ အလွတ်ရနေခဲ့သော နံပါတ်တို့ကို နှိပ်ကြည့်ချင်စိတ်က ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည်။
သို့သော်..... သူမ မနှိပ်ရဲပါ..
Busy ဖြစ်နေသော ဖုန်းသံကို ကြားရလျှင် သူမ နာကျင်နေရဦးမည်.. ဒီလိုနဲ့ စိတ်ဆန္ဒတို့ကို သူမ ထိန်းချုပ်လာတတ်ခဲ့တာ ကြာပါပြီ.. ချစ်သူနဲ့ပတ်သက်ပြီး ဘာမှ မသိတာက ပိုပြီးကောင်းပါလိမ့်မည်.. ချစ်သူကို နာကျင်ခြင်း တို့ဖြင့် သူမ မလွမ်းဆွတ်လိုပါ.. သတိမရလိုပါ.. ဒီအတိုင်း ရိုးရိုးလေးသာ တွေးပြီး စိတ်ရှင်းရှင်းဖြင့်သာ သတိရ လွမ်းဆွတ်နေတာက သူမ အတွက် အကောင်းဆုံး ဖြစ်မှာပါလေ။ မျက်လွှာလေးကို မှေးမှိတ်လို့ ၀င်သက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိတော့ သူမစိုက်ပျိုးထားသော စံပါယ်အိုးမှ ပွင့်ဝေစပြုနေသော စံပါယ်ရနံ့တို့က အဆုတ်တွင်းသို့ လတ်ဆတ်စွာ ၀င်ရောက် သွားခဲ့သည်.. မွန်းကြပ်မှုက အနည်းငယ်တော့ သက်သာသွားသလို ခံစားလိုက်မိသည်။
နေ့လည်နေ့ခင်းဆိုလျှင် ချစ်သူကို သတိရမိလျှင်တောင် အလုပ်တစ်ဘက်နှင့်မို့ သိပ်ပြီး မသိသာလှသော်လည်း ညဘက်ချိန်တွေ စိတ်ရော လူပါ အားလပ်ချိန်တွင်တော့ချစ်သူမှ တပါး ဘာကိုမှ သတိမရတော့ချေ။ ဆိတ်ငြိမ်သောညတွေမှာ အိပ်လို့မပျော်နိုင်ဘဲ အဝေးကချစ်သူကို မျှော်မှန်းရင်း တမ်းတမ်းတတ နင့်နင့်သီးသီး လွမ်းဆွတ် သတိရမိခြင်း တွေကသာ သူမ တစ်ကိုယ်လုံးကို လွမ်းခြုံထားခဲ့သည်။ သေချာတာကတော့ နောက်နေ့တွေမှာလဲ သူမ လွမ်းဆွတ်နေမိဦးမည်သာ။ ဘယ်ချိန်ထိ.... ဘယ်ကာလထိ.... လွမ်းဆွတ်နေရ ဦးမည် ဆိုတာတော့ သူမ ကိုယ်တိုင်လည်း မသိနိုင်ပါ။ ဒီလိုဆိုလျှင်ဖြင့် ဒီအလွမ်းတွေကြားက ရုန်းထွက်ပါတော့လားဟု ပြောလာပြန်လျှင်လည်း ရုန်းထွက်ဖို့ အင်အားမရှိသလို ရုန်းမထွက် ချင်လောက်အောင်ကိုဘဲ ဒီအလွမ်းတွေကြားမှာ သူမ နေသားကျနေပါပြီ.. သို့ဆိုလျှင်တော့ ကိုယ့်အပူ ကိုယ်ရှာသည်လို့ အားလုံးက ပြောကြမည်ထင်ပါသည်။ သို့သော် မတတ်နိုင်ပါ။ သူမကတော့ ဒီအလွမ်းတွေမှာ မွေ့လျှော် နေတတ်ခဲ့ပါပြီ။
မမြင်ရသော ဟိုးတောင်တန်းတွေဆီ မှန်းမျှော်ရင်း အမှောင်ထုတွင်းသို့ ငေးစိုက် ကြည့်မိစဉ်တော့ နေ့ခင်းဘက်ဆီတွင် ပြာရီနေသော တောင်စဉ် တောင်တန်းအဆင့်ဆင့် မြင်ကွင်းက အာရုံထဲ ရောက်လို့လာသည်။ သူမက တောင်တန်းတွေကိုချစ်သည်.. တောတောင်တွေကို မြတ်နိုးသည်.. တောင်တန်းတွေပေါရာ အရပ်တစ်ခုမှာ မွေးဖွားလာသူဖြစ်၍လည်း ငယ်စဉ်ကတည်းက တောင်စဉ် တောင်တန်းတွေကို ကြည့်ရင်း ဘယ်ကိုမှန်းမသိ လွမ်းဆွတ်မိတတ်ခဲ့သလို ခုလို အသက်အရွယ် ရလာချိန်မှာလည်း အလွမ်းနှင့် မကင်းနိုင်သေးသော သူမအဖြစ်က တဆိတ်သနားဖို့တော့ ကောင်းနေမည် ထင်သည်။ ချစ်သူရှိရာ အရပ်ကို မှန်းဆရင်း တွေးကြည့်မိပြန်တော့ အမှောင်ထုကလွဲ၍ ဟိုးခပ်ဝေးဝေး တောင်တန်းတစ်ချို့ပေါ်က မှိန်ပြပြမီးရောင်ရဲ့ အလင်းတစ်စကလွဲလို့ ဘာကိုမှ မမြင်နိုင်ပေ။
အိုး.. မိုးရေတွေမှ မဟုတ်ပါဘဲလား.. မျက်ရည်တွေပါပဲ.....ဘယ်ချိန်
ချစ်သူကို လွမ်းမိသော အလွမ်းတွေက မျက်ရည်များအဖြစ် ကျလာတာဘဲ ဖြစ်ပါလိမ့်မည်.. မြန်မြန် သုတ်မှပါဘဲလေ… သူမ မျက်ရည်တို့ဖြင့် ချစ်သူကို မပူလောင်စေချင်ပါ။ သက်ပြင်းကို ဖွဖွချလိုက်မိရင်း ဘယ်ချိန်ထိများ အလွမ်းနွံထဲ နစ်နေရဦးမှာပါလိမ့်… အဆုံးမရှိတော့ဘူး ထင်သည်.. လွမ်းရင်းနဲ့ပဲ မျက်ရည်စ တစ်ချို့နဲ့အတူ သူမ ဆုတောင်းလိုက်မိပါသေးသည်။
"ချစ်သူ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ.. အိပ်မက်လှလှ မက်ပါစေ…"




