နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
ဆန္ဒများနဲ့ ကိုယ်


မနက်ခင်းလေးမှာ လန်းဆန်းကြည်လင်စွာနိုးထလာတဲ့ ကိုယ့်မျက်နှာကို လေပြေနုနုအေးအေးလေးက ပွေ့ဖက်ကျီစယ်နေကြတယ်.. ကိုယ့်အကျင့်က မနက်အိပ်ရာနိုးတာနဲ့ အိမ်ရှေ့ ၀ရံတာ အပြင်ဘက် ထွက်ပြီး လေကို ၀အောင်ရှုရှိုက်တယ်.. ဟိုးဝေးဝေး က ရှုခင်းလေးတွေကို မျက်စိတစ်ဆုံး မြင်နိုင်သမျှ လှမ်းကြည့်တယ်.. တခါတလေမှာတော့ တိုက် ခေါင်မိုးပေါ်တက်ပြီး အရပ်၈မျက်နှာလုံးကို လိုက် ကြည့်ဖြစ်တယ်.. ဆူညံတဲ့ ကားသံတွေ၊ စက်သံ တွေ မကြားရ၊ နည်းပါးတာကြောင့် လေထုကလည်း သန့်စင် လတ်ဆတ်လို့ နေခဲ့တယ်.. ကိုယ်မသိ သေးတဲ့ နေရာက ထူးခြားချက်လေးတွေ တစ်ရက်နဲ့တစ်ရက် မတူတဲ့ အပြောင်းအလဲလေးက ကိုယ့်စိတ် ကို တစ်မျိုးလေး လန်းဆန်းစေတယ်…

ကိုယ်နေတဲ့နေရာက တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြို့ကလေးမို့ ကြည့်လေရာရာ တောင်တန်းပြာပြာတွေကိုသာ မြင်နေရတယ်.. တောင်တန်းတွေပေါ်မှာတော့ ဆက်သွယ်ရေးတိုင်ကြီးတွေ၊ လျှပ်စစ်ဓာတ်အား သယ်ယူပို့ဆောင်ပေးတဲ့ တာဝါတိုင်ကြီးတွေ အို! နေရာမလပ်ပါဘဲ.. ဒါကြောင့်လည်း ဘယ်နေရာဖြစ်ဖြစ် ဖုန်းက အချိန်မရွေး လိုင်းကောင်းနေခဲ့တယ်.. ဘယ်လောက်ပဲ ခေါင်တဲ့ အရပ်ဖြစ်နေပါစေ.. ဘယ်လောက်မြင့်တဲ့ တောင်တန်းတွေပေါ် ရောက်နေပါစေ.. လျှပ်စစ်ဓာတ်အား မရတဲ့ နေရာမရှိသလို ဖုန်းလိုင်းမမိတဲ့နေရာဆိုတာလည်း မရှိခဲ့ဘူး… တောင်တန်းမြင့်မြင့်မားမားတွေပေါ်က အိမ်တွေဆိုလည်း ညသန်းခေါင်မှာတောင် မီးရောင်တလက်လက်..တဖျတ်ဖျတ်ကိုလက်လို့.. မီးပျက်တယ် ဆိုတာ တစ်လနေလို့ တစ်ခါတောင် မရှိစဖူး.. ရှိခဲ့ရင်တောင် မိနစ်ပိုင်းအတွင်း ပြန်လင်းတတ်တာ. အင်တာနက်ဆိုတာ မြန်လွန်းလို့ ၀က်ဆိုဒ်တစ်ခုဖွင့်ဖို့ အချိန်စောင့်ဖို့ မလိုအပ်သလို၊ သူမ အင်တာနက်သုံးတဲ့ သက်တမ်းမှာ အင်တာနက် ကော်နက်ရှင်နှေးသွားတယ် ဆိုတာ ရှိကို မရှိခဲ့ဖူးတာပါ။


ကိုယ်နေတဲ့ မြို့မှာ လမ်းဘေးဝဲယာတိုင်း သစ်ပင် တွေကို စနစ်တကျ စိုက်ပျိုးထား တတ်ကြ ယ်.. မြက်ခင်းလေးတွေများ စိမ်းစိုနေတာပါဘဲ။ လမ်းတစ်လမ်းကို အပင်လှလှလေးတွေ မရှိတဲ့ လမ်းဆိုတာ မရှိသလောက်၊ တစ်ချို့လမ်းများဆို အပင်တွေ နှစ်ထပ်လောက်ကို စိုက်ပျိုးထား တတ်တယ်.. အပင်တွေရဲ့ အောက်မှာ အမှိုက်ပုံး လေးတွေ စနစ်တကျ ရှိနေတတ်သလို အချိန်မှန်လာ သိမ်းတတ်တဲ့ အမှိုက်ကားက ညနေတိုင်း သာယာ နာပျော်ဖွယ် တီးလုံးသံလေး ပေးတတ်တယ်.. လမ်းဘေး ပလက်ဖောင်းတွေဆိုတာများ တူရာတူရာ ကျောက်ပြားတွေ စနစ်တကျ ခင်းကျင်းထားလိုက်တာ။ အကွက်ကျကျ လှလို့။ ညဆိုရင်တော့ လမ်းဘေးက မီးတိုင် လှလှတွေမှာ ထိန်ထိန်ကို လင်းနေတော့တာ။

ကားနဲ့ ကိုယ်ခရီးသွားတော့ ထင်းရူးပင်တွေ စီရီနေတဲ့ တောင်တန်းကြီးပေါ်ကနေ ဖြတ်ဖောက်ထားတဲ့ လမ်းပေါ်ကနေ သွားခဲ့ရတယ်.. လမ်းကတော့ နက်မှောင်ပြောင်လက်နေတဲ့ ကတ္တရာလမ်းပါဘဲ.. တောင်တန်းကြီးတွေပေါ် ဖြတ်ပြီးဖောက်ထားတာမို့ ကွေ့ကွေ့ကောက်ကောက် ရှိလှသလို နက်ရှိုင်းလှတဲ့ ခြောက်ကမ်းပါးတွေရဲ့ဘေး၊ မြင့်မားလှတဲ့တောင်စောင်းတွေရဲ့ဘေးကို အသည်းတယားယားနဲ့ ကျော်ဖြတ်ခဲ့ရတယ်.. ကတ္တရာလမ်းဆိုတာ အပေါက်အပြဲရယ်လို့ တစ်ခုတစ်လေတောင် မတွေ့ခဲ့ရဘူး.. ညီညာ နေလိုက်တာ… လမ်းဘေး၂ဖက်လုံးမှာ တူးမြောင်းကလေးတူးထားတော့ မိုးရွာချိန်ဆိုရင်လဲ ကတ္တရာလမ်းပေါ် ရေ၀ပ်မနေဘဲ အလွယ်တကူစီးဆင်းသွားခဲ့တယ်.. လမ်းတစ်လျှောက်လုံးမှာ ဘေးနှစ်ဖက် ကတ္တရာသား အဆုံးတွေကို ကွန်ကရစ်တွေနဲ့ အနားသတ်ထားပြန်တော့ ရေတိုက်စားပြီး ကတ္တရာဘေးသားတွေ ပဲ့ပါမသွားအောင် စနစ်တကျ ဖောက်လုပ်ထားတာကို သဘောပေါက်မိတယ်..


ရှုခင်းတွေဆိုတာလည်း လှလိုက်တာ.. ရပ်သပ်ရှုမောပါပဲ… တောင်ခိုးတွေ တဝေေ၀၊ မြူခြေ ဆိုင်းဆိုင်းနဲ့ပေါ့…. တောင်ခြေနဲ့ တောင်တန်းတစ်လျှောက်မှာတော့ စိမ်းစိုဝေဖြာနေတဲ့ စိုက်ခင်းတွေ၊ တောတောင်တွေလည်း စိမ်းစိုလို့ပါဘဲ… တောင်တန်းတွေဆိုတာ အထပ်ထပ် ၊ တစ်ခုပေါ်တစ်ခုဆင့်နေတယ် မှတ်ရတယ်.. တိမ်တွေက တောင်ခါးပန်းမှာ ဝေ့ကာဝဲကာ.. လှလိုက်တာ.. ကြည့်လေရာရာ စိမ်းလန်းနေတော့ ခရီးသွားရင်း ကားပေါ်မှာ အိပ်ငိုက်တတ်တဲ့ အကျင့်လေးတောင် ပျောက်သွားခဲ့ရတယ်… တောထဲတောင်ထဲက သစ်ပင်ကြီး မြင့်မြင့်မားမား ထွားထွားကြိုင်းကြိုင်းတွေကို ကြည့်ပြီး အံ့သြမိတယ်.. ဒီသစ်ပင်တွေကို ဘယ်သူကမှ မခုတ်ကြဘူး.. သစ်ပင်ခုတ်ရင်လဲ ရမယ့်အပြစ်ဒဏ်က သိပ်ပြင်းထန်တယ် ဒီတော့ တော်ရုံနဲ့ ဘယ်သူကမှ သစ်ပင်မခုတ်ကြတော့ဘူး…

တောတောင်တစ်ခွင်လုံး စိမ်းစိုနေတဲ့ သစ်ပင်ကြီး တွေနဲ့ အေးမြလို့၊ လတ်ဆတ်သန့်ရှင်း တဲ့ လေ တွေက သစ်ရွက်စိမ်းရနံ့၊ တောတောင် အငွေ့ အသက်တွေနဲ့ မွှေးပျံ့သင်းထုံလို့ပါပဲ… စိတ်ကို လန်းဆန်းစေသလို လူကိုလည်း တက်ကြွ ရွှင်လန်း စေနိုင်တဲ့ သဘာဝ အလှတွေကို ခံစားမိရင်း ပျော်ရွှင်ကြည်နူးနေမိတယ်.. ကားစီးရင် အိပ်ငိုက်တတ်တဲ့ အကျင့်က ဘယ်ရောက်သွား ခဲ့မှန်းမသိဘူး… ဒီလောက်လှပတဲ့ ရှုခင်းတွေကို အိပ်စက်ခြင်းနဲ့ ဥပက္ခာပြုရမှာ နှမြောမိတယ်… ဒါကြောင့် ဒီခရီးတစ်လျှောက်လုံးတော့ ကိုယ်မျက်စိလေး တစ်ချက်တောင် မမှေးခဲ့မိဘဲ.. လန်းဆန်းတက်ကြွပြီး ကားပြတင်းကို တစ်ချိန်လုံးဖွင့်ပြီး ခေါင်းလေး လည်နေအောင်ကို ဟိုလှည့်ဒီလှည့်နဲ့ ပါလာတဲ့ ဖုန်းကလေးကိုထုတ်လို့ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေမိခဲ့တယ်…

ကိုယ်ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကို ဂျီတော့ကနေ နိုင်ငံရပ်ခြားက သူငယ်ချင်းတစ်ချို့ကို ပြမိတော့ ဟယ်လှလိုက်တာ.. အေးချမ်းလိုက်တာ.. ဒါ နင်တို့ မြန်မာပြည်ရဲ့ ဘယ်နေရာလဲ.. ရခိုင်ရိုးမလား၊ ရှမ်းတောင်တန်းတွေလား၊ ကချင်တောင်တန်းတွေလား၊ လမ်းတွေကလဲ ကောင်းလိုက်တာ ညီညာပြန့်ပြူးနေတာဘဲနော် ဆိုပြီး သူတို့တွေက ပြန်မေးကြတယ်.. ကိုယ် စိတ်ထဲထိထိခိုက်ခိုက် ခံစားလိုက်ရတယ်.. ဘာလို့လဲ ဆိုတော့ ဒီတောတောင်တွေနဲ့ စိမ်းစိုနေတဲ့ .. သစ်ပင်မြင့်မြင့်မားမားတွေ ၀ံ့ဝံ့ကြွားကြွားရှိနေတဲ့ တောအုပ်ကြီးတွေ ၊ တောင်တန်းကြီးတွေဟာ ကိုယ်တို့ မြန်မာပြည်က တောင်တန်းတွေပါ၊ သစ်ပင်တွေ မခုတ်ဘဲ စနစ်တကျရှိလို့ ၊ ခုတ်ပြီးရင်လည်း ပြန်လည်စိုက်ပျိုးခြင်းတွေ လုပ်ကြလို့ စိမ်းလန်း စိုပြေနေတာပါလို့ ဂုဏ်ယူဝံ့ကြွားစွာ ကိုယ်ပြောချင်လိုက်တာ… ညီညာပြန့်ပြူးစွာ အပေါက်အပြဲ ကင်းစင်နက်မှောင်နေတဲ့ ကတ္တရာ လမ်းတွေကိုလည်း ကိုယ်တို့ မြန်မာပြည်ရဲ့ လမ်းမကြီးတွေ ဖြစ်စေချင်မိတယ်..

ကိုယ်တို့မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း စနစ်ဟာ ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်တောင်တန်းတွေပေါ် ရောက်ရောက် ဆက်သွယ်မှုဧရိယာပြင်ပကို ဘယ်တော့မှ မရောက်တတ်တဲ့ စနစ်တွေပါလို့ ပြောချင်လိုက်တာ… နေ့ရော ညပါ လင်းလက်နေတဲ့ မြို့ပေါ်နဲ့ တောင်တန်းတွေ၊ တောနက်တွေက အိမ်တွေလို ကိုယ်တို့ သားချင်းတွေရဲ့ အိမ်တွေကိုလည်း ၂၄နာရီလုံး မီးလာနေတာတွေ ဖြစ်ချင်မိတယ်... အမြန်နှုန်းကောင်းလှတဲ့ အင်တာနက် ကွန်ယက်တွေဟာလည်း ကိုယ်ချစ်တဲ့ မြန်မာပြည်ကလူတွေ သုံးနေတဲ့ အင်တာနက် အမြန်နှုန်း ဖြစ်စေချင်မိတယ်.. တစ်မြို့လုံး စိမ်းစိုနေတဲ့ သစ်ပင်တွေ ဝေဆာပြီး အေးချမ်းနေတဲ့ မြို့ကလေးလို … ညဆိုရင် လမ်းတိုင်းမှာ မီးရောင်တွေ လင်းဖြာ ရွှန်းဝေနေတာမျိုး ကိုယ်တို့ရဲ့ မြန်မာပြည်က မြို့တိုင်းကို ဖြစ်စေချင်မိတယ်… ကိုယ်ဒါတွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောခွင့်ရဖို့ အချိန် ဘယ်လောက် စောင့်ရမလဲ။ ဘယ်အချိန်မှာများ ပြောခွင့်ရမလဲ။ ကိုယ်မျှော်လင့်ချင်လိုက်တာ။ အမြန်ဆုံး ပြောခွင့်ရချင်လိုက်တာ။ ဒီလိုဖြစ်စေချင်မိတဲ့ ဆန္ဒတွေကို သိပ်များလွန်းတယ်လို့ ဆိုကြလေမလား.. ဘယ်လိုဘဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ပြောခွင့်ရချင်မိပါတယ်လေ။