နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
Showing posts with label Novel. Show all posts
Showing posts with label Novel. Show all posts
ကော်ဖီတစ်ခွက်၏ ကောက်ကြောင်း



သူမရှေ့က ကော်ဖီခွက်ကို အသာမကာ တစ်ငုံသောက်လိုက်စဉ်တွင်တော့ ကော်ဖီရဲ့ ဆိမ့်မွှေးသောအရသာက လျှာဖျားတွင် စိမ့်ဝင်လို့သွားသည်။ အိုး ကော်ဖီရဲ့အရသာက ယခင်ကအတိုင်း ဘာမှ မပြောင်းလဲပါဘဲလား။ သူမ နိုင်ငံခြားရောက်နေစဉ် ကာလတစ်လျှောက်လုံး ဒီဆိုင်က ကော်ဖီကို တမ်းတမ်းမက်မက် သတိတရ ရှိလွန်းလှသည်။ ဒီဆိုင်ရဲ့ကော်ဖီအရသာက တစ်ခြား ဘယ်ဆိုင်က အရသာနဲ့မှ မတူအောင် ဟေဇယ်လ်နတ်ရဲ့ ဆိမ့်မွှေးမွှေး အနံ့နဲ့ အရသာကဆွဲဆောင်မှု ရှိလှသည့်အပြင် ဆိုင်ရဲ့အပြင်အဆင်နဲ့ ဆိုင်အပြင်ဘက်က သာယာလှပသော အင်းယားကန်ရှုခင်းက စိတ်ကို ချမ်းမြေ့စေလှသည်လေ။

ဆိုင်ထဲကို သူမရောက်နေတာ မိနစ်၂၀လောက်တော့ ရှိတော့မည်။ သို့သော် သူမရဲ့ ကော်ဖီခွက် သေးလေးထဲက ကော်ဖီကတော့ဖြင့် ထက်ဝက်ပင် မချိုးသေးပါ။ မကြိုက်လို့ မသောက်တာ မဟုတ်ဘဲ ကော်ဖီရဲ့ အရသာကို ကြိုက်လွန်းသဖြင့် ကုန်သွားမှာစိုး၍ တစ်စိမ့်စိမ့်  ဇိမ်ဆွဲပြီး သောက်ခြင်းသာ ဖြစ်လေသည်။ ထိုစဉ်မှာဘဲ သူမရှေ့တွင်ချထားသော လက်ကိုင်ဖုန်းမှာ အသံမြည်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်စဉ်တွင် သူမ မသိသော နံပါတ်တစ်ခုက ဖုန်းစခရင်ပေါ် ပေါ်နေသည်။ အံ့သြစိတ်ဖြင့် ဖုန်းကို နားထောင်လိုက်တော့

“ကျော်” ဟု သူမကို ခေါ်သည့်အသံ ထွက်လာသည်။ မှားစရာမရှိပါ။ သည်ခေါ်သံသည် တစ်လောကလုံးမှာ သူမနံမည် ဇီဇ၀ါ ကျော်ကို ကျော် ဟုခေါ်တတ်သော တစ်ယောက်တည်းသော သူ၏ အသံပင်ဖြစ်သည်။ သူမ ပြန်ရောက်တာ ၂ရက်သာရှိသေးသည်။ သူ ဘယ်လိုများ သိသွားပါလိမ့်။

“ပြောပါ.. ”  အေးစက်စက်ထူးလိုက်သော သူမအသံအဆုံးတွင် တစ်ဖက်မှ

“ကျော် အခုဘယ်မှာလဲ.. ကိုယ်လာတွေ့လို့ရမလား. ကျော်မြန်မာပြည် ပြန်ရောက်နေတယ်ဆိုတာ မနေ့က ကျော့်သူငယ်ချင်း မချိုနဲ့တွေ့တော့ သူပြောပြလို့ သိရတယ်.. ကျော်အရင်ကိုင်တဲ့ ဖုန်းနံပါတ် မပြောင်းသေးဘူးဆိုတာလဲ သူဘဲ ပြောပြသွားတာ။ ဒါကြောင့် ကိုယ်ဆက်လိုက်တာ. ကျော် ဘယ်ရောက်နေတယ် ဆိုတာသာ ပြောပါ ကိုယ်အခု ထွက်လာခဲ့မယ်.. ”

“တို့ ကော်ဖီသောက်နေတယ် ဒါပေမဲ့ မလာခဲ့နဲ့။ ယူ့ကိုတွေ့ဖို့ ဘာအကြောင်းမှ မရှိဘူး။ ယူနဲ့တို့ကြားမှာ တွေ့စရာအနေအထား၊ ဘာအကန့်မှ မရှိတော့ဘူး”

သူမ စကားသံအဆုံး တစ်ဖက်မှ အသံခေတ္တ တိတ်သွားခဲ့သည်။ ပြီးမှ “ကျော် အဲဒီကော်ဖီသောက်နေတဲ့ ဆိုင်က ကျော်နဲ့ကိုယ် အမြဲသောက်နေကျ ဆိုင်မဟုတ်လား။ ကျော် အရင်က အကြောင်းတွေကို သတိရလို့ အဲဒီမှာ ကော်ဖီသွားသောက်တာ မဟုတ်လား။ ကိုယ်လောင်းရဲတယ် ကျော်အခု ထိုင်နေတဲ့စားပွဲဟာလည်း ကိုယ်နဲ့ အမြဲတမ်း ထိုင်နေကျစားပွဲဖြစ်ရမယ်.. မညာပါနဲ့ကျော်.. ကျော့်ရင်ထဲမှာ အခုအချိန်ထိ ကိုယ်ရှိနေသေးတယ်ဆိုတာ သိပါတယ်.. ဒီဆိုင်ကို ရောက်အောင် သွားကတည်းက ကျော်ကိုယ့်ကိုသံယောဇဉ်မကုန်သေးဘူးဆိုတာ ကိုယ်သိတယ်… ”

“ရှစ်တ်” သူမစိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး “ နေပါဦး… ဒီဆိုင်ကို တို့လာတာ အရင်က မင်းနဲ့တို့ရဲ့ အကြောင်းတွေသတိရလို့ဆိုတာ သေချာလှချည်လား။ သေချာပြန်စဉ်းစားပါဦး။ ဒီဆိုင်က ကော်ဖီကို ကြိုက်လွန်းလို့ တို့အမြဲသောက်ခဲ့တာ မင်းနဲ့ မဆုံခဲ့ခင် ဟိုးအချိန်ကတည်းကဆိုတာ မင်းမမှတ်မိတော့ဘူးလား.. သိပ်အတ္တမကြီးနဲ့။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနဲ့… မိန်းခလေးတစ်ယောက်ဟာ မင်းနဲ့သွားခဲ့ဖူးတဲ့ နေရာတွေကို ပြန်သွားတိုင်း မင်းကိုသတိရလို့ဆိုတဲ့ အယူအဆတွေ လမ်းဘေးကို လွှင့်ပစ်လိုက် ဟုတ်ပြီလား။ တို့ဆိုတဲ့ ဇီဇ၀ါကျော်က ကိုယ့်ကိုတာ့တာ လို့ နှုတ်ဆက်သွားတဲ့လူကို နောက်တစ်ကြိမ် ဘယ်တော့မှ အခွင့်အရေး ပြန်မပေးတတ်ဘူးဆိုတာ မင်းမြဲမြဲ မှတ်ထားလိုက်.. နောက်ထပ် ဖုန်းထပ်ဆက်ဖို့ မကြိုးစားနဲ့ .. မင်းအသံ တို့ ထပ်မကြားချင်ဘူး” ဖုန်းကို ချလိုက်ရင်း သူမအသံလည်း အနည်းငယ်ကျယ်သွားတာကို သတိဖြင့် ပြန်ထိန်းလိုက်ရကာ ထွက်လာသော ဒေါသကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရသည်။

အတော်ကို အတ္တကြီးသည့်လူပါဘဲ။ သူမ ဒီဆိုင်လေးတွင် ကော်ဖီသောက်လာသည်မှာ တကယ်လဲ သူနဲ့မတွေ့ခင် ဟိုယခင်ချိန်ကတည်းကဖြစ်ပြီး ထိုသူနှင့် ချစ်သူဘ၀ရောက်ပြီးချိန်တွင်လည်း ဒီဆိုင်လေးမှာ သူမအရင်ထိုင်နေကျ နေရာလေးမှာဘဲ ကော်ဖီသောက်မြဲ ဖြစ်ပါသည်။ ဒီဆိုင်မှာ လာထိုင်ရသော ခံစားချက်၊ ကော်ဖီရဲ့အရသာသည် ပြောင်းလဲမသွားခဲ့သော်လည်း ထိုသူနှင့်ပတ်သက်သည့် သူမရင်ထဲက ခံစားချက်တို့ကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။ သူမ နိုင်ငံခြားရောက်နေချိန် ၃နှစ်တာ ကာလအတွင်း သူမကို သိပ်ချစ်လှပါသည် ဆိုသော ထိုသူသည် တစ်ခြားသော မိန်းခလေးနှင့် တွဲသွားခဲ့ပြီး နောက်ပိုင်းတွင်မှ သူမှားကြောင်း ပြောလာပြီး သူမကို ပြန်လက်ခံပေးဖို့ တောင်းပန်လာခဲ့သည်။ ထိုသို့ စိတ်ဓာတ် မခိုင်မာသော သူမျိုးကို ပြတ်သွားပြီးသော သူမစိတ်က ပြန်လက်ခံဖို့ နည်းနည်းမှ စိတ်ကူးမရှိပါ။ သူမထက် သာမည်ထင်ပြီး အခြားသူဆီ ထွက်သွားခဲ့ပြီးလျှင် သူမ၏ အတ္တစိတ်က ဘယ်လိုနည်းနှင့်မှ ပြန်လက်ခံလိုစိတ် မရှိတော့ပါ။

ခွက်ထဲမှ လက်ကျန်ကော်ဖီကို တစ်ကျိုက်တည်း ကုန်အောင် မော့သောက်လိုက်ရင်း ဆိုင်မှ ထွက်ခွာဖို့ စဉ်းစားလိုက်မိတော့သည်။ မဟုတ်လျှင် ထိုသူရောက်လာနိုင်သည် မဟုတ်လား။ နားညီးဖွယ်သော သူ့အသံတို့ကို သူမစိတ်က ခံစားလိုခြင်း အလျဉ်းမရှိတော့ပါ။ ဘယ်အချိန်လာသောက်သောက် သူမအကြိုက်ဆုံး ဒီဆိုင်ရဲ့ ကော်ဖီအရသာသည် အချိန်ကာလတိုက်စားမှုကို ခံနိုင်ရည်ရှိစွာ မပြောင်းလဲသော ဆိမ့်ဆိမ့်မွှေးမွှေးအရသာက တသမတ်တည်း ရှိလို့နေသော်လည်း တစ်ယောက်သောသူ၏ အချစ်တွေကဖြင့် အချိန်ကာလရဲ့ တိုက်စားမှုကို မခံနိုင်စွာ ပြောင်းလဲလို့ သွားခဲ့သည်။ လွယ်ကူစွာ ပြောင်းလဲတတ်သော သူတစ်ယောက်အတွက်လည်း သူမစိတ်တွင် နေရာထပ်ပေးဖို့ မရှိတော့သလို အချိန်လည်း အနည်းငယ်မျှပင် ပေးလိုစိတ် မရှိတော့ကြောင်းကိုဖြင့် ထိုသူတစ်ယောက် သိစေချင်လှပါသည်။



ပန်းနုနှင်းဆီ
11.10.2010
 1:35AM

မင်္ဂလာဆောင်ပွဲ နွဲရာဝယ်



မျက်နှာပေါ်တွင် ခြယ်ထားသော ကြွေရောင်မိတ်ကပ်သားက ဖြူဖွေးသော သူမ၏အသားအရေပေါ်တွင် ကြွရွလို့ နေသည်။ အလှပြင်ပေးနေသော ကောင်မလေးကလည်း သူမ၏မျက်နှာပေါ်တွင် လိုအပ်ချက်ဆိုတာ မရှိအောင် အသေးစိတ် ခြယ်မှုန်းပေးနေသည် မဟုတ်လား။ ပါးပြင်ကို အရောင်ထည့်ထားပုံ၊ မျက်ခွံပေါ် ကာလာတင်ထားပုံ၊ မျက်ခုးမွှေးတွေကို ညီညာလှပစွာ ဇင်ယော်တောင် ပျံနေသလိုဖြစ်အောင် ပြုပြင်ထားပုံ၊ နှုတ်ခမ်းနီကို အပိုအလိုမရှိ သေသပ်လှပစွာ ခြယ်ပေးထားပုံ တို့ကလည်း ကျေနပ်စရာအတိ။ ဆံပင်ကောင်းသောကြောင့် ဆံထုံးထုံးရာတွင်ပင် ဆံးတုမလိုဘဲ သူမ၏မူလဆံပင်လေးကို လှပသေသပ်စွာ ဖွဲ့နှောင်ပြီး ဆံထုံးလှလှလေးတစ်ခု ဖြစ်အောင် ဖန်တီးပေးထားသည်။ ဆံထုံးပေါ်တွင်တော့ သူမ၀တ်ဆင်မည့် ၀တ်စုံနှင့် လိုက်ဖက်စွာ အဖြူရောင် သစ်ခွပွင့်ကြီးကြီး ၂ပွင့်က တင့်တယ်စွာ နေရာယူထားခဲ့ပြီ.။ ကျက်သရေရှိခြင်း၊ လှပချောမွေ့ခြင်း၊ တင့်တယ်ခြင်းတို့ဖြင့် ပြည့်စုံနေသော သူမမျက်နှာကို အဖန်ဖန်ကြည့်မိတော့ စိတ်တိုင်းကျစွာဖြင့် နှုတ်ခမ်းလေးကို ခပ်ကော့ကော့လေး ပြုံးလိုက်မိသည်။

မင်္ဂလာပွဲအတွက် နံမည်ကြီး ပိုးထည်တိုက်တစ်ခုမှ ကြိုတင်မှာကြားထားသော အဖြူရောင် လွန်း၂၀၀ ချိတ်လုံချည်ကိုလည်း သေသပ်ကျနစွာ ၀တ်ဆင်ပြီးနေပြီ။ အဖြူရောင် ပိုးသားအင်္ကျီကလည်း နံမည်ကြီး ဒီဇိုင်နာတစ်ဦးရဲ့ လက်ရာပီပီ ခန္ဓာကိုယ်ပေါ်တွင် ပကတိ ချပ်ရပ်လှပစွာ နေရာယူထားလို့နေခဲ့ပြီ။ လည်ပင်းပေါ်တွင် ဆင်မြန်းထားသော စိန်လည်ဆွဲကလည်း မီးရောင်အောက်မှာ တစ်ဖျတ်ဖျတ်လက်လို့ သူမမျက်နှာကိုတောင် နဂိုထက် ပိုပြီး ဖြူဝင်းသွားစေနိုင်ခဲ့သည်။ ရင်ဘတ်ပေါ်မှာတော့ စိန်အလုံးသေးများဖြင့် ခတ်ထားသော ပန်းပွင့်ပုံရင်ထိုးလေးကလည်း ရောင်စုံလဲ့နေအောင် တောက်ပလို့ နေသည်။ လက်ကောက်၊ လက်စွပ်၊ နားကပ် အားလုံးသည်လည်း စိန်များဖြင့်သာ တန်ဆာဆင်ထားသော လက်ဝတ်ရတနာများချည်းသာ။ ဒါတွေကိုလည်း ဒီမင်္ဂလာပွဲတွင် ၀တ်ဆင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုကို့ကို ပူဆာပြီး နံမည်ကြီး စိန်ဆိုင်တွင် ကြိုတင် ၀ယ်ယူထားသော ပစ္စည်းများသာ။


ဘေးနားက ခုံပေါ်တွင်တင်ထားသော ခြုံပုဝါကလည်း ဇာပုဝါအဖြူဆွတ်ဆွတ်၊ ပန်းပွင့်များ ယှက်ဖောက်ထားပြီး စီးကွင့်ရောင်စုံလေးများ ဖောက်ထားကာ ခြုံလိုက်လျှင် အိဝဲသွားစေနိုင်မည့် အသားညက်ညက် ပုဝါလေးဖြစ်သည်။ ကြမ်းပြင်ကော်ဇောပေါ်တွင် စီးဖို့အဆင်သင့်ချထားသော ဖိနပ်မှာ အများတကာလို ခေတ်ဆန်ဆန်ဖိနပ်များမဟုတ်ဘဲ စပါယ်ရှယ်အော်ဒါမှာထားခဲ့သော ကတ္တီပါအဖြူရောင် ပုံတော်ဖိနပ်တစ်ရံက သူမ၏အလှကျက်သရေကို ထပ်ဆောင်းပေးမည့် အရာတစ်ခုသာ ဖြစ်လေသည်။ ၀တ်စုံနှင့် လိုက်ဖက်စွာ ဆေးခြယ်ထားသော ငွေရောင် ခြေသည်း၊ လက်သည်းကလည်း မနေ့ကတည်းက ကြိုတင်ဆိုးထားခဲ့ပြီးသား။ သူမကိုင်မည့် အိတ်သည်ပင်လျှင် ရက်ပေါင်းများစွာ ကြိုတင် ၀ယ်ယူထားသော ငွေမှင်ရောင် ဖျတ်ဖျက်လက်နေသော တန်ဖိုးကြီးအိတ်အကောင်းစား ဖြစ်သည်လေ။

ခေါင်းဖျားခြေဆုံး သူမကိုယ်သူမ အဖန်ဖန် စစ်ဆေးပြီးပြီ။ ဘယ်နေရာမှာမှ လိုအပ်သည်မရှိတော့။ လှပပြည့်စုံနေပေပြီ။ မင်္ဂလာအချိန်လည်း နီးနေပြီမို့ ကတ္တီပါဖိနပ်လေးကို စီးပြီး အခန်းပြင်ထွက်ရန်သာ ကျန်တော့သည်။ လူတွေများလှစွာသော ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် လျှောက်လှမ်းရမည့်ကိစ္စမှာ ရင်တုန်စရာ ကောင်းလှသည်။ ခုလိုအချိန်တွင် ကိုကိုကရော ဘယ်လိုများ နေမှာပါလိမ့်။ သူမ လိုဘဲ ရင်ခုန်စိတ်လှုပ်ရှားနေမလား။ တည်တည်ငြိမ်ငြိမ်သာ ရှိနေမလား။ သိချင်စမ်းလှတော့သည်။ ထိုစဉ် အခန်တံခါးခေါက်သံ တစ်ချက်ပေါ်လာပြီး

“ မေမေ.. ခုထိ မပြီးသေးဘူးလား.. ဟိုမှာ လူစုံနေပြီ။ အခါတော်ပေးတော့မယ်.. မေမေ တစ်ယောက်တည်း ကျန်တော့တယ်.. သတို့သမီးဖြစ်တဲ့ မမကတောင် စောစောကတည်းက အဆင်သင့်ဖြစ်နေပြီ။ မေမေက မပြီးနိုင်သေးဘူး။ ဖေဖေတောင်ပြောနေတယ်.. ဧည့်သည်တွေကို သတို့သမီးမိဘတွေက စောစောဧည့်ခံရမှာ မေမေက ခုထိ မျက်နှာ မပြရသေးလို့တဲ့ ဆူနေတယ်.. ”

သမီးအငယ်မလေး၏ စကားသံအဆုံး “မေမေပြီးပါပြီသမီးရဲ့ ဖိနပ်စီးပြီး ခုဘဲ ထွက်လာတော့မလို့ပါဘဲ.. ကြည့်ပါဦး မေမေ့ကို ဘာလိုနေသေးလဲလို့”

သူမက ပြန်မေးလိုက်တော့ “အမလေးမေမေရယ် ကိုယ့်အမေမို့ပြောတာမဟုတ်ဘူး.. မေမေက လှပြီးသား၊ ကျက်သရေရှိပြီးသားပါ။ ခုလိုပြင်လိုက်တော့ ပိုလှသွားပြီ။ ဘာမှ မလိုတော့ဘူး အားလုံးအိုကေတယ်.. လာမေမေ သွားစို့.. ဟိုမှာ စောင့်နေကြပြီ”

သမီးလေးရဲ့ စကားအဆုံးတွင်တော့ ဖိနပ်ကိုကောက်စီးလိုက်ပြီး  ပုဝါလေးက လှပကြွရွစွာ ခြုံလိုက်ပြီး မှန်ထဲကို တစ်ချက် ပြန်ကြည့်လိုက်တာ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးတစ်ယောက်တည်း လှချင်တယ်လို့ ဘယ်သူက ပြောသလဲနော်.. သတို့သမီးအမေလည်း လှချင်သေးတာဘဲမဟုတ်လား.. ကမ္ဘာပေါ်မှာ အလှမကြိုက်တဲ့ မိန်းမဆိုတာ ရှာမှရှား မဟုတ်လား။ ကျွန်မလဲ ကျွန်မရဲ့ သမီးအကြီး မင်္ဂလာဆောင်မှာ အသက်၅၀ကျော် အမျိုးသမီးပေမဲ့ လှချင်သေးတာပေါ့ရှင်။ မင်္ဂလာအခါတော်ပေးသီချင်းသံလေးနဲ့ သတို့သမီး သတို့သားနောက်ကနေ လူများစွာတို့ရဲ့ အကြည့်တွေကြားကို ဖြတ်လျှောက်ရဖို့အတွက် သတို့သမီးအမေလည်း ရင်ခုန် စိတ်လှုပ်ရှားရတာပါဘဲလေ။



ပန်းနုနှင်းဆီ


(မအားမလပ်လို့ စာရေးကျဲတာ၊ အိမ်လည်ပျက်ကွက်တာများကို ခွင့်လွှတ်ကြပါလို့)

ပိုင်ရှင်ရှိတဲ့ ပန်းကလေး

သူမ ဒီမြို့ကလေးကို ရောက်နေတာ တစ်ပတ်တိတိ ရှိခဲ့ပြီ။ မြို့ကလေးက တိတ်ဆိတ်အေးချမ်းသော တောင်ပေါ်မြို့ ကလေး၊ မြို့တစ်မြို့လုံးကနေ ဘယ်နေရာကိုကြည့်ကြည့် တောင်စဉ်တောင်တန်း တွေကိုသာ မြင်ရသည်။ တောင်တန်းတွေ ၀ိုင်းပတ် ကာရံထားသော ချစ်စရာမြို့ကလေး ဖြစ်သည်။ ပြာမှိုင်းနေသော တောင်တန်းတွေကို ကြည့်ရသည်မှာ လွမ်းစရာကောင်းလွန်းလှသည်။ ခေါင်းစဉ်တပ်မရသော လွမ်းဆွတ်ခြင်း တစ်မျိုးက ဒီမြို့ကလေးကို ရောက်စကတည်းက သူမ ခံစားနေမိသည်။ တောင်တက် တောင်ဆင်းတွေ ပေါလှသော လမ်းတွေတစ် လျှောက် မနက်ခင်းတိုင်း သူမ လမ်းလျှောက် ထွက်လေ့ရှိသည်မှာ စရောက်ပြီး နောက်နေ့ မနက်ကတည်းက ဖြစ်သည်။
ဒီမြို့ကလေးက အေးချမ်းသော ရာသီဥတု ရှိသည့်မြို့ ဖြစ်၍လားမသိ ပန်းလည်း အင်မတန်မှ ပေါသည်။ လမ်းတစ်လျှောက်လုံး သူမ သိသောပန်းကလေးများ၊ သူမ မသိသော ပန်းများစသည်တို့ကို အရောင် အသွေးစုံ၊ မွှေးရနံ့စုံလင်စွာ တွေ့ရတတ်သည်။

မနက်ခင်း အေးစိမ့်စိမ့် လင်းဖြာနေသော နေခြည်နုနုလေးအောက်မှာ လမ်းလျှောက်ရင်း ပန်းရောင်စုံတိုရဲ့ ရနံ့ကို ခံစားရသည်မှာ ကဗျာလေးတစ်ပုဒ်လို လှပစွာစွဲမက်ဖို့ ကောင်းသည်။သူမက တောတောင်တွေကို ချစ်သလို ပန်းတွေကိုလည်းချစ်သည်။ ပြီးတော့ ရနံ့တွေကို စွဲစွဲမက်မက် ချစ်ခင်စွဲလန်းသည်။ သူမတွင် ရနံ့နှင့်ပတ်သက်၍ အာရုံခံစားမှု အားကောင်းသည် ဆိုရမည်။ အခြားသူများ မရနိုင်သော ခပ်ဖျော့ဖျော့ သင်းရနံ့မျိုးကိုပင် သူမနှာခေါင်းက ခံစားလို့ရသည်။ မွှေးရနံ့တစ်ခုကိုရလျှင် မည်သည့်ပန်းရနံ့၊ ဆိုတာကို ခွဲခြားနိုင်သလို ရေမွှေးဆိုလျှင်လည်း အနံ့ရသည်နှင့် မည်သည့်ရေမွှေးအမျိုးအစားဟု သူမ အလွယ်တကူ ခွဲခြားနိုင်စွမ်းသည်။

ဒီနေ့မနက်လည်း လမ်းကလေးလျှောက်ရင်း မွှေးပျံ့နေသော ပန်းရနံ့တို့ကို ရှုရှိုက်ကာ စိတ်လက်အေးချမ်း ကြည်နူးမှုကို ခံစားနေမိသည်။ သိပ်ကိုချမ်းမြေ့ဖို့ကောင်းတဲ့ မနက်ခင်းလေးပါဘဲ။ ရန်ကုန်လို မြို့ကြီးမှာ မရနိုင်တဲ့ စိတ်အေးချမ်းမှု၊ သာယာကြည်နူးမှုတွေက ဒီမြို့ကလေးကို တစ်သက်မမေ့နိုင်အောင် သူမကို ဆွဲဆောင်လို့ နေသည်။ အလုပ်တွေပစ်ထားခဲ့ပြီး စိတ်ပြေလက်ပျောက် ဒီမြို့ကလေးဆီ ခရီးထွက်လာမိတာ သူမ သိပ်မှန်သည်ဟုသာ ထင်နေမိသည်။ တစ်နေ့တစ်နေ့ မွန်းကြပ်လွန်းသော ရန်ကုန်မြို့ရဲ့ လူနေမှုစနစ်ထဲ စီးမြောနေရတာ စိတ်ရော လူပါ ပင်ပန်းလွန်းလှသည်။

ဒီနေရာမှာတော့ ဆိတ်ငြိမ်အေးချမ်းခြင်း၊ လှပသာယာခြင်း စသည်တို့က သူမအာရုံကို လတ်ဆတ်ကြည်လင် နေစေတော့သည်။ ပြန်ဖို့တောင် သူမ မစဉ်းစားချင်သေးပါ။ သူမဒီမြို့ကလေးကို ချစ်သည်။ အတွေးတွေ ဖြင့် လျှောက်လာရင်း ဒီနေ့တော့ သူမ တစ်ခါမှ မရောက်ဖူးသေးသော မြို့ပတ်လမ်းဘက် လျှောက်မည်ဟု စိတ်ကူးလိုက်မိကာ လျှောက်လက်စ လမ်းကလေးဆီမှသွေဖည်ကာ မြို့ပတ်လမ်းကလေးဆီ ဦးတည်မိတော့ သည်။

စိမ်းလဲ့ကြည်လင်နေသော ရေကန်ဘေးတစ်လျှောက်ကို ကျော်ဖြတ်အပြီးတွင် စိုက်ပျိုးရေးခြံကလေးများကို တွေ့ရသည်။ ခြံကလေးများမှာ သီးပင်စားပင်များနှင့် အမျိုးစုံလင်လှသော ပန်းရောင်စုံတို့ကို စိုက်ပျိုးထားကြသည်။ ကျယ်ဝန်းသော ခြံကြီးတွင် စိုက်ပျိုးထားသော ပန်းရောင်စုံတို့မှာ ဆေးရောင်စုံလင်လှသော ကော်ဇောတစ်ချပ် ဖြန့်ခင်းထားသည့်နှယ် တစ်ကန့်စီ တစ်ကွက်စီ သူ့အရောင်နှင့် သူ လှပလွန်း လှသည်။

ထို ပန်းခြံများ ၄ခြံ ၅ခြံလောက်ကို ကျော်လွန်လာပြီးသော် စိုက်ခင်းတစ်ခုရဲ့ ခြံ့ရှေ့အရောက်မှာ ပန်းအရောင်ဆန်းဆန်းလေးကို မြင်လိုက်မိ၍ သူမအလွန် စိတ်ဝင်စားသွားမိသည်။ ပန်းပင်လေးက လီလီပန်းပင်နှင့် ဆင်ဆင်တူသည်။ ပန်းတွေ တော်တော်များများကို သူမ သိသော်လည်း ဒီပန်းကိုတော့ သူမ မသိပါ.. အပွင့်လည်း လီလီပန်းနှင့် တူသည်။ အရောင်ကချစ်ဖို့ကောင်းသော ရှားပါးသည့် အစိမ်းဖျော့ရောင်ကလေး.. ပန်းပင်များက ခြံရှေ့  တစ်လျှောက်လုံးမှာ အစုလိုက် ပေါက်နေကြသည်။

ဒီခြံကလူတွေ စိုက်ထားသည်လား သို့မဟုတ် အလေ့ကျပေါက်သည်လား သူမ မသေချာ။ စိုက်မည်ဆိုလျှင် ခြံထဲတွင်သာ စိုက်လိမ့်မည်။ လူသူမရှိသော ခြံအပြင်တွင်တော့ စိုက်လိမ့်မည်မထင်.. ပန်းကလေးတွေကလည်း စနစ်တကျ ညီညီညာညာမျိုး မဟုတ်ဘဲ ပြန့်ကျဲစွာ သူ့အစုလိုက် ပေါက်နေခြင်းမျိုး ဖြစ်သည်။ ဒီလိုဆိုရင် သဘာဝအတိုင်း ပေါက်နေသော အလေ့ကျ ပန်းပင်ကလေးများ ဖြစ်နိုင်သည်။

ခြံထဲသို့လှမ်းကြည့်လိုက်သော်လည်း စိုက်ခင်း အကျယ်ကြီးနှင့် တော်တော်ဝေးဝေးတွင် တိုက်ပု လေးတစ်လုံးကို တွေ့ရသည်။ ခြံအနီးနားတွင်လည်း အိမ်ခြေများ ရှိမနေပါ။ ပန်းပွင့်လေးရဲ့ အနားနား တိုးကပ်ကြည့်မိတော့မှ ထပ်ပြီးထူးဆန်းတာကို သူမ တွေ့ရတော့သည်။ အနံ့.ဒီပန်းရဲ့ အနံ့ ..သိပ်ကို ထူးဆန်းသည်။ သူမ သိသော ဘယ်ပန်းတို့ရဲ့ ရနံ့နှင့်မှ မတူ။ သူ့မွှေးရနံ့က စူးစူးရှရှနှင့်။ သို့သော် နှစ်သက်ဖွယ် ကောင်းသော ရနံ့မျိုး။ ပြင်းတော့ အလွန် ပြင်းထန်သည့်မွှေးရနံ့။

အိုး..ဒီပန်းရနံ့မျိုးဟာ ရေမွှေးဖော်စပ်တဲ့နေရာမှာသာ သုံးမယ်ဆိုရင် သိပ်ကောင်းလိမ့်မည် ပန်းရနံ့ကို မျက်လုံးလေး မှိတ်၍ သူမနှလုံးအိမ်ထဲထိရောက်အောင် ရှုရှိုက်မိရင်းမှ စဉ်းစားလိုက်မိသည့်အတွေးကို သူမ ဘာသာ ပြန်ရယ်ချင်မိသေးသည်။ သူမရေမွှေးကြိုက်တာနှင့်ဘဲ သိပ်မွှေးသော ယခုပန်းနံ့ကို ရေမွှေး ဖော်ဖို့ စိတ်ကူးနေပြန်သည်။

သူမ ပန်းပွင့်လေးဆီမှာ ဘယ်လောက်ထိ အာရုံစူးစိုက်နေမိသည်မသိ အနားနားကပ်ပြီး ပေါ်လာသော ဆိုင်ကယ် ဟွန်းသံကြောင့် ဆတ်ခနဲ ဖြစ်ကာ လန့်သွားမိရသည်။ နီညိုရောင် ဆိုင်ကယ်တစ်စီးက သူမအနီးနားမှာ ရပ်လိုက်တာတွေ့လိုက်ရပြီး ဆိုင်ကယ်ပေါ်မှာ သူမနဲ့ရွယ်တူ မိန်းခလေး တစ်ယောက် ။ မျက်နှာထားက ခပ်တင်းတင်း။

“ဟေ့ ဘာလုပ်နေတာလဲ. ပန်းခူးနေတာလား”

ဟု သူမကို လှမ်းမေးသည်..........

"မင်းက ဘယ်သူလဲ .. ဘာလို့မေးတာလဲ"

သူမပြန်အမေးတွင်....

“တို့က ဒီခြံပိုင်ရှင်ရဲ့ သမီးဘဲ၊ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းလာတာ ကြာပြီ။ ဒီလမ်းထိပ်ရောက်ကတည်းက မင်းကို ဒီရှေ့မှာ ထိုင်နေတာတွေ့လို့ မေးနေတာ.. ပန်းတွေကို ခူးမလို့ လုပ်နေတာမဟုတ်လား.. ဒီလို စည်းမရှိ ကမ်းမရှိ မခူးပါနဲ့.. သူ့ဟာသူ လှနေတာကို ဖျက်ဆီးချင်တဲ့ စိတ်ဓာတ်က ချီးကျူးစရာတော့ မဟုတ်ဘူးနော်..

"ဟ ဘလိုင်းကြီးပါလား.. တို့ကဒီပန်းတွေကို ခူးနေတာ မင်းတွေ့လို့လား.. အရောင်ကလေးက လှပြီး၊ အနံ့ကလေးကလည်းမွှေးလွန်းလို့ စိတ်ဝင်စားပြီး အနီးကပ်ကြည့်နေတာဘဲ ရှိတယ်.. မင်းပန်းကို တစ်ပွင့်မှ တို့မခူးရသေးပါဘူး"

ထို ကောင်မလေးကို ပြန်ပြောလိုက်ရင်းက ပန်းကလေးကြောင့် ရလိုက်သော ကြည်နူး ရွှင်လန်းနေသော စိတ်များ တမဟုတ်ချင်း ပျောက်ဆုံးသွားကာ ဒေါသစိတ်ကလေး ခိုဝင်လာသည်။ ဒီတော့မှ ထိုကောင်မလေး က သူမလက်ထဲကို သေချာကြည့်ပြီး ပန်းတစ်ပွင့်တစ်လေမှရှိမနေသော သူမလက်ဗလာ ကို တွေ့သွား တော့မှာ မျက်နှာတွင် အားနာရိပ်တို့ ဖြတ်ပြေးသွားသည်။

“အိုး ဆောရီးပါ.. စိတ်မရှိပါနဲ့.. တို့က ရုတ်တရက်ဆိုတော့ မင်းဒီမှာထိုင်ပြီး ပန်းတွေခူးနေတယ်လို့ ထင်လိုက်မိလို့ပါ.. ပြီးတော့ဒီပန်းတွေက ဒီမြို့မှာ ရှားတယ်လို့ ပြောလို့ရတယ်..ဒီတော့ လူတွေက အလစ်မှာ လာလာခူးတတ်ကြလို့လေ…”

သူမစကားက ထူးဆန်းပေစွ.. ရှားပါးသည်ပြောပြီး ပန်းတွေကို ခြံအပြင်ဘက်တွင် လာစိုက်ထားသည်မှာ အနည်းငယ်အံ့သြစရာ ကောင်းနေသည်။

“ဘာလဲ ရှားတဲ့ပန်းတွေကို ခြံအပြင်မှာ လာစိုက်ထားလို့ မင်းအံ့သြသွားတယ် ထင်တယ်.. တကယ်က ဒီလိုပါ..ဒီပန်းက ညနက်လာလေ အနံ့ပြင်းလာလေဘဲ.. ခုတောင် မင်းတွေ့တဲ့ အတိုင်း သူ့အနံ့ကသိပ်ကို စူးရှတာ.. ညဘက်ဆို သူ့အနံ့က မကြိုက်တဲ့သူဆို မခံမရပ်နိုင်အောင်ကို ပြင်းတာ..ဒီခြံထဲမှာနေတဲ့ တို့ ဦးလေးတစ်ယောက်က ပန်းနံ့စူးစူးတွေဆို မခံနိုင်ဘူး၊ သူ့မှာ ပန်းနာရင်ကြပ် ရှိတယ်လေ.. ဒါကြောင့် ဒီပန်းကို ဒီခြံအပြင်ဘက်မှာ လာစိုက်ထားတာ..ဒါနဲ့ စကားမစပ် မင်းကြည့်ရတာ ဒီမြို့ကနဲ့ မတူဘူး ဧည့်သည်ထင်တယ်.. ”

“အင်း ဟုတ်တယ် တို့က ဒီမြို့ကိုအလည်လာတာ.. ဒီဘက်လမ်းကို တစ်ခါမှ မရောက်ဖူးသေးလို့ လမ်းလျှောက်လာရင်း ဒီပန်းကလေးတွေတွေ့တော့ မနေနိုင်ဘဲ သေချာလာကြည့်နေမိတာ.. တို့က မွှေးတဲ့အနံ့ဆို အကုန်ကြိုက်တယ်.. ပန်းဆိုရင်လဲ သိပ်သဘောကျတယ်.. အထူးသဖြင့် ကိုယ်မသိသေးတဲ့ ပန်းတွေကို သိပ်စိတ်ဝင်စားတယ်”

သူမ ပြန်ဖြေစကားအဆုံးတွင် ထိုကောင်မလေးက ပြုံးလိုက်ရင်း

"တို့နဲ့ တူတာပေါ့.. တို့ကလဲ ပန်းတွေကိုသိပ်ချစ်တာ ဒီပန်းလေးတွေကိုလဲ အရမ်းနှမြောတာ.. ဒါကြောင့် ခုနက မင်း ပန်းခူးနေတယ်ထင်လို့ ရုတ်တရက်ဆို ထူပူသွားပြီး ပြောမိတာ..ပြီးတော့ တို့က ပန်းဆိုရင်အပင်မှာ လှနေတာမျိုးကို ပိုပြီးသဘောကျတယ်လေ.."

သူမ ဘာမှ ပြန်မပြောတော့ပါ.. နှုတ်ခမ်းလေး တွန့်ကာပြုံးလိုက်ရင်း ခေါင်းလေးသာ ညိတ်ပြလိုက်သည်။ သူမပန်း သူမသဘောပေါ့.. နှမြောသည်ဖြစ်စေ..ရက်ရောသည်ဖြစ်စေ သူမနှင့်မဆိုင်ပါ၊ လူတိုင်းမှာ ကိုယ်ပိုင်ဆိုင်သောပစ္စည်းအတွက် လွတ်လပ်စွာ သဘောထားခွင့်ရှိပါသည်။ အငြင်းပွားစရာ မရှိပါ။ သို့သော် သူမကို ပန်းခူးတာမတွေ့သေးဘဲနှင့် အရမ်းကာရော စွပ်စွဲပြောဆိုထားခြင်းအတွက်တော့ ခုချိန်ထိ ကျေလည်မှု မရှိသေးပါ၊ လူဆိုသည်မှာ ကိုယ်သေချာ မသိသေးသောကိစ္စကို အလွယ်တကူ မစွပ်စွဲသင့်၊ စကားမကျွံသင့်ဘူး မဟုတ်လား။

"အော် မင်းက ဒီပန်းလေးတွေကို သေချာ ကြည့်နေတာ တော်တော် သဘောကျ လို့လား၊ မင်းလိုချင်တယ်ဆိုရင် ခူးသွားပါလေ။ တို့ မင်းကို လက်ဆောင်ပေးလိုက်ပါ့မယ်၊ မင်းကြည့်ရတာ ပန်းတွေကို တော်တော်ချစ်တတ်မဲ့ပုံ ရတယ်၊ မင်းမျက်နှာပေါ်မှာ ပန်းတွေကို အမြတ်တနိုး ရှိတတ်တဲ့ အရိပ်အယောင် ပေါ်နေတယ်။ "

ထိုကောင်မလေးကခုတော့လည်း ရက်ရက်ရောရောပါဘဲ .. သူမကို ခူးသွားဖို့ ပြောနေပြန်လေပြီ..သို့သော် သူမအနေနှင့်တော့ ထိုပန်းကလေးများကို ခူးယူဖို့ စိတ်ကူးမရှိတော့ပါ..

အစောတုန်းကတော့ ပိုင်ရှင်မရှိသော အလေ့ကျ ပန်းပင်ကလေးများလားဟု သူမထင်ခဲ့မိသည်။ ထိုစဉ်ကလိုဆိုလျှင်တော့ ခူးမိကောင်း ခူးမိပါလိမ့်မည်၊ ခုလို ပိုင်ရှင်က တယုတယ တန်ဖိုးထားကာ၊ စိုက်ပျိုးထားပါသည်ဆိုသော ပန်းကလေးများကိုတော့ဖြင့် ခူးဖို့စိတ်ကူးမရှိပါ။ ဘယ်သောခါမှလည်း ခူးယူမည်မဟုတ်ပါ။ သူမထံတွင် စွဲစွဲမြဲမြဲယုံကြည်လက်ခံထားသော အသိတရားတစ်ခုက ပိုင်ရှင်ရှိသည့် ပစ္စည်းမှန်လျှင် ပန်းကလေးတစ်ပွင့်ပင်လျှင် ဘယ်သောခါမှ မယူပါ ဟူ၍ပင်။

သူမထိုပန်းကလေးရဲ့ ရနံ့ကို သိပ်ကို နှစ်သက်သဘောကျပါသည်။ သို့သော် ခူးယူဖို့အတွက် အကြီးမားဆုံး အဟန့်အတားက ပိုင်ရှင်ရှိသည် ဆိုတာဘဲ ဖြစ်ပါသည်။ ပိုင်ရှင်ရှိသော ပစ္စည်းမှန်သမျှ သူမအနေနှင့် ဘယ်လောက်ပင် သဘောကျ နှစ်သက်သည်ဖြစ်စေ၊ ဝေးဝေးက ရှောင်မည့်သူ ဖြစ်ပါသည်။ ခုလည်း သူမစိတ်ဝင်စားသော ဒီပန်းကလေးရဲ့ ရနံ့လေးကို နောက်ဆုံးအနေနှင့် နှလုံးထဲစွဲငြိနေအောင် ရှုရှိုက်လိုက်မိရင်း.....

“တို့သွားတော့မယ်။ မင်းပန်းကိုလဲမခူးတော့ပါဘူး.. ခုလို ခူးခွင့်ပေးတာ ကျေးဇူးတင်ပါတယ်. ဒါပေမဲ့ တို့မခူးပါဘူး။ သွားတော့မယ်"

ဟု ကောင်မလေးကို လှမ်းပြောလိုက်ရင်း ထိုပန်းကလေးတွေရှေ့မှ ချာကနဲ လှည့်ထွက်ခဲ့တော့သည်။

ရှူရှိက်ခဲ့မိသော ရနံ့လေးအတွက်တော့ဖြင့် အပြစ်မရှိလောက်ဘူး ထင်ပါသည်။ ရနံ့လေးက ချစ်စရာကောင်းလောက်အောင် ဆွဲဆောင်လွန်းသည်ကိုး။ ကောင်မလေးကတော့ နားမလည်နိုင်ခြင်းများစွာဖြင့် သူမကို ငေးကြည့်ပြီး ကျန်ခဲ့လောက်ပါသည်။ စောစောက စွပ်စွဲမိသောစကားကြောင့် သူမစိတ်ဆိုးပြီး ပန်းမခူးတော့ဘူးဟု ထင်ကောင်းထင်ပေလိမ့်မည်။ တကယ်တမ်းတော့ စိတ်ဆိုးပြီး မခူးတာထက် ပိုင်ရှင်ရှိသော ပန်းမို့လို့ သူမ မခူးတာဖြစ်ကြောင်း ထိုကောင်မလေး နားလည်နိုင်မည် မထင်ပါ။ 

သို့သော် သူမကတော့ နောက်ကို တစ်ချက်လေးမှ ပြန်လှည့်မကြည့်တော့ဘဲ စိတ်တွင်းမှလည်း နောက်နေ့တွေမှာ ဒီလမ်းဘက်ကို ခြေဦးလှည့်တော့မည် မဟုတ်ကြောင်းတော့ဖြင့် သူမကိုယ်သူမ သေချာလှပါသည်လေ။




ပန်းနုနှင်းဆီ

ကွဲကြေ


ညနေပိုင်း အလုပ်တွေပြီးဆုံးလို့ ကွန်ပျူတာဖွင့်ပြီး သူမရဲ့ ကိုယ်ပိုင် အီးမေလ်းလေး ဖွင့်လိုက်စဉ် ချစ်သူ
ထံမှ အီမေလ်းလေး ရောက်နေကြောင်း တွေ့လိုက်ရ
တော့ လက်ခနဲ ပြုံးလိုက်မိရင်း ကြည်နူးသွားရသည်။
သူမရဲ့ တစ်နေ့တာ ပင်ပန်းနေသမျှ ဒီအီးမေလ်းလေး
တစ်စောင်က ပြေပျောက်သွားစေနိုင်လောက်အောင်
အစွမ်းထက်လှပါသည်....
ချစ်သူဆီက အီးမေလ်း မဖတ်ရသည်မှာလည်းကြာခဲ့
ပြီဖြစ်သည်။
သူမနှင့်ချစ်သူက တစ်နိုင်ငံစီဝေးကွာနေတာမို့ အဆက်အသွယ် ဆိုသည်မှာ တစ်ခါတစ်ရံ ဖုန်းနှင့် ပြောဖြစ်ခြင်းနှင့် အွန်လိုင်းပေါ်မှာ ဆုံပြီး စကားပြောခြင်းလောက်နှင့်သာ ကျေနပ်နေခဲ့ရသည်။ အွန်လိုင်းပေါ်မှာလည်း အချိန်တိုင်း တွေ့ဆုံနိုင်သည် မဟုတ်ပါဘဲ ချစ်သူ တာဝန်ထမ်းဆောင်သည့် သဘောင်္ စင်္ကာပူဆိပ်ကမ်းသို့ ဆိုက်ကပ်ချိန်မှသာ အချိန်အနည်းငယ် စကားပြောခွင့် ရပါသည်။

သူမ သူငယ်ချင်းများစွာက ပြောခဲ့ဖူးပါသည်.. ချစ်သူသည် မျက်နှာများသည်တဲ့.. ထို သတိပေးစကားတို့ကို ဥပက္ခာပြုကာ အရာရာအားလုံးကို ခွင့်လွှတ်နိုင်အောင် သူမ ကြိုးစားခဲ့ပါသည်။ ချစ်သူ စိတ်ချမ်းသာစေချင်စိတ်၊ သူမကိုယ်တိုင်လည်း ရုန်းထွက်ဖို့ ခက်ခဲသော အချစ်စိတ်တို့ဖြင့် ဒီဇာတ်လမ်းကို ဆက်ကနေခဲ့မိခြင်းပါ။ တစ်ပတ်တစ်ခါ အွန်လိုင်းမှာ chatting နှင့် စကားပြောဖြစ်ချိန်တွင် သူမရေးသမျှကို အလျှင်မှီအောင် မပြန်နိုင်သော သူ့ကို အလုပ်များလွန်းလို့ နေမှာပါဟု ဖြေတွေး တွေးခဲ့ ပေမယ့် တကယ်တမ်းတော့ မဟုတ်နိုင်ဘူးလို့လည်း သူမစိတ်ထဲ ထင်နေခဲ့ပြန်သည်။ သူ့မှာ သူမနှင့်အပြိုင် စကားပြန်ပြော နေရသူ ဘယ်နှယောက်များ ရှိနေမှာပါလဲ… သူ့စာပြန်အရိုက်ကို စိတ်ရှည်လက်ရှည်စောင့်ရင်း သူမကိုယ်ကိုယ် သိမ်ငယ်စိတ်များစွာ ၀င်ခဲ့မိသည်မှာလည်း အကြိမ်ကြိမ်ပင်… ချစ်သူရဲ့ ဦးစားပေးစာရင်းထဲမှာ ဘယ်ချိန်မှ သူမ ပါဝင်ခွင့် ရမည်လဲ.. ဆိပ်ကမ်းကပ်လို့ ဖုန်းလိုင်းမိလျှင် ဖုန်းဆက်ပါပြောတိုင်း အလုပ်များသည်ဟူသော အကြောင်းပြချက်နှင့် ဘယ်သောခါမှ သတိတရ ဖုန်းမခေါ်တတ်ခဲ့ သူမှာ သူမချစ်သူဖြစ်ပါသည်။


ညနက်သန်းကောင် သူမ အိပ်ပျော်နေလျှင်တော့ တစ်ခါတစ်ရံ သူဖုန်းခေါ်တတ်ပါသည်။ ချစ်သူထံမှ လာသောဖုန်းအတွက် ညနက်သန်းကောင်ဖြစ်စေ သူမနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလျှင်ဖြစ်စေ ဘယ်သောခါမှ မငြူစူ တတ်ခဲ့ပါ.. ပျော်ရွှင်စိတ်လှုပ်ရှားစွာနှင့် ဖုန်းကို ကောက်ကိုင်ကာ တုန်တုန်ရီရီ ပြန်ထူးဖြစ်ခဲ့သည်သာ.. အွန်လိုင်း တက်လာနိုင်မလား မေးတိုင်း မဖြစ်နိုင်ဘူးဟု သူမဘက်က ဘယ်ခါမှ မငြင်းဆိုနိုင်အောင် ချစ်သူထံမှာဘဲ သူမစိတ်အာရုံတစ်ခုလုံး နှစ်မြုပ်ထားခဲ့တာပါ… တစ်ခါတစ်ရံ သူနှင့် စကားပြော အဆင်မပြေ ဖြစ်လို့ သူမစိတ်ထိခိုက်စွာ စောစောစီးစီး အွန်လိုင်းမှ ထွက်လာခဲ့မိလျှင်တောင် နောက် တနေ့ သူ့ဆီက ဖုန်းလေးတစ်ချက်ဆက်ကာ အွန်လိုင်းတက်လာပါ ပြောရုံနှင့် ပြန်ချော့စရာ မလိုအောင် သူမဘက်က အေးဆေးစွာ အရာရာ ကြေလည်သွားခဲ့ရပြီး အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့မိသည်သာ။ ပြီးတော့ သူမချစ်သူက သူမျက်နှာများတာ သူမနှင့် မတွေ့ ခင် က ဟုဆိုပါသည်.. ယခုချိန်တွင်တော့ သူမမှ လွဲ၍ အခြားသူမရှိတော့ပါဟု ပြောလာသောစကားများကို ချစ်သည့်စိတ်နှင့် သူမ ယုံကြည်ပေးခဲ့ပါသည်။



သူမ သူငယ်ချင်းအားလုံးက ထူးဆန်းအံ့သြစွာ ၀ိုင်းမေးခဲ့ဖူးသည်.. ဒီလောက်မျက်နှာ များတဲ့သူကို နင်ဘာကြောင့် ဒီလောက်ချစ်နေတာလဲ.. ဘာဖြစ်လို့ ဒီလောက် သီးခံနေတာလဲ.. သူ့မှာ ဘာတွေများ နင့်အတွက် မက် မော တန်ဖိုးထားစရာရှိနေလို့လဲ.. စတဲ့ မေးခွန်းများစွာ… မေးခွန်းများအတွက် သူမမှာ အဖြေမရှိပါ.. လူတစ်ယောက်ကို ဘာကြောင့် ချစ်မိလဲ .. သူမမဖြေတတ်ပါ.. ဘာလို့ဒီလောက်သီးခံနေလဲ ဆိုသည့် မေးခွန်းအတွက်တော့ ချစ်လွန်းလို့ပေါ့ ဆိုတာကလွဲလို့ ဖြေ စရာ မရှိပါ.. သို့သော် ဒီစကားကိုတော့ သူမရင်ထဲကသာ ပြောဖြစ်ခြင်းပါ.. ပါးစပ်က ထုတ်ပြောလျှင် သူမသူငယ်ချင်းတွေက အားမလို အားမရနှင့် ၀ိုင်းပြောကြဦးမည်.. ဘာတွေများ မက်မော တန်ဖိုးထားစရာရှိနေလို့လဲ ဆိုသည့်အမေး အတွက်တော့ ချစ်မိလျှင် ကိုယ့် ချစ်သူကို တန်ဖိုးထားမိတာဘဲ မဟုတ်ဘူးလား.. ချစ်သူမှာ ဘာ ဂုဏ်ပကာသန ရှိလို့မှ မဟုတ်ဘဲ ချစ်လို့ကို တန်ဖိုးထားမိခြင်းသာ ဖြစ် သည်လို့ သူမယူဆပါသည်.. သူငယ်ချင်းများနှင့်တော့ စိတ်ချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင် ပါလိမ့်မည်.. ချစ်သူဆီမှာတော့ ဘာမှ မက်မောစရာမရှိလည်း သူမက ချစ်မိပါသည်.. တန်ဖိုးထားချင်မိပါသည်… အကြောင်းပြချက်မရှိဘဲလည်း ချစ်မိပါသည်…

ချစ်သူနှင့်လည်း အရင်ကလို တစ်ပတ်တစ်ခါ အွန်လိုင်းမှာ ဆုံတွေ့ခွင့်တောင် မရှိ တော့တာ ၃လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်.. သူအလုပ်လုပ်နေသော သဘောင်္လိုင်းမှ အခြားနိုင်ငံ ဘက်ကို လိုင်းပြောင်းလိုက်ရသဖြင့် အခွင့်သင့်မှသာ သူမဆီ အီးမေလ်းပို့ခြင်း ဖုန်းဆက်ခြင်းကို လုပ်နိုင်တော့သည်… သူ့သင်္ဘော ဆိပ်ကမ်းကပ်ချိန်သည် သူမ ရောက် နေသော အရပ်တွင် ညသန်းကောင်ကျော် ဖြစ်နေသောကြောင့်လည်းကောင်း နေ့လည်ပိုင်း အလုပ်များချိန် ဖြစ်နေ၍ သော်လည်း ကောင်း သူမနှင့် လွှဲချော်နေတတ်သဖြင့် သူနှင့် စကားမပြောဖြစ်ခဲ့သည်မှာလည်း ကြာခဲ့ပါပြီ.. သို့သော် အခွင့်သာလျှင် သူဖုန်း ဆက်လိမ့်မည်.. အီးမေလ်းပို့ထားလိမ့်မည် ဟူသော မျှော်လင့်ချက်တို့ဖြင့် သူမချစ်ခြင်းတို့ အရောင်တောက်ပနေခဲ့သည်သာ.. သူမရဲ့ အချိန်တွေကိုတော့ လွမ်းဆွတ်ခြင်း မီးလျှံတို့က တစ်တိတိ ၀ါးမြိုနေခဲ့သည်..


ခုညတော့ သူမမျှော်လင့်နေသော ချစ်သူထံမှ အီးမေလ်းရောက်နေပြီ..


Inbox ထဲမှာ ချစ်သူရဲ့ မေလ်းလေးကို ဖွင့်လိုက်စဉ်တွင် သူမကိုယ်တိုင် သတိမထားမိသော်လည်း သူမမျက်လုံးလေးများက အပြုံးလဲ့လဲ့ကလေးဖြင့် လင်းဖြာရွှန်းမြ နေခဲ့သည်.. သူမနှုတ်ခမ်း ခပ်ကော့ကော့လေးမှာ အပြုံးဝတ်မှုံတွေကို သုတ်လိမ်းလို့… ကျေနပ်ခြင်း ပျားရည်စတို့က မျက်နှာပြင်အပြည့်.. အပျော်တွေက ဘာနှင့်မျှ နှိုင်းယှဉ်စရာ မရနိုင်အောင် ရင်ခွင်တစ်ခုလုံးကို ဆို့ပိတ်ဖုံးလို့ပါဘဲ…





နှင်းရေ..


မောင့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုချင်ပါဘူး… ကြိုတင်ပြီး မပြောပြဖြစ်ခဲ့တာ မောင့်အပြစ်ပါ.. နှင်း မောင့်ကို သိပ်ချစ်တယ်ဆိုတာ ရင်ထဲက လှိုက်လှဲစွာ ယုံကြည်ပါတယ်.. ဒါပေမဲ့ မောင် မပြောသွားခဲ့ရင် မျှော်လင့်ချက်တွေနဲ့ နှင်းကျန်နေခဲ့မှာ မောင်မလိုလားပါဘူး.. နှင်းအချစ်တွေကို မောင်နားလည်တယ်.. လေးလဲ လေးစားပါတယ်.. ဒါကြောင့် အမှန်ကို မောင်ဖွင့်ပြောရမှာပါ.. မောင် နောက်တစ်ပတ်မှာ အလုပ်စာချုပ်စေ့လို့ ခုရောက်နေတဲ့ သင်္ဘောကနေ မြန်မာပြည်ပြန်တော့မယ်.. 
မြန်မာပြည်ပြန်ရောက်ရင် မောင်လက်ထပ်ရတော့မယ်.. ဟိုမှာ အိမ်က အားလုံးစီစဉ်ပြီးနေပြီ.. မောင့်အနေနဲ့ မငြင်းလို့ နှင်းအပြစ်တင်မယ် ဆိုရင်လဲ ခံရမှာပါဘဲ.. မောင်လက်ထပ်ရမဲ့သူနဲ့ မောင်နဲ့က စေ့စပ်ထားတာ ကြာပါပြီ.. သူက ငယ်သူငယ်ချင်းလဲ ဖြစ်တော့ မောင်သံယောဇဉ်လဲ ရှိပါတယ်.. မောင့်အပေါ် အရမ်းကောင်းပြီး အနွံအတာလည်း ခံနိုင်လွန်းပြီ. အရာရာကို နားလည်နိုင်လွန်းတဲ့သူ တစ်ယောက်ပါ.. ဒါပေမဲ့ နှင်းကိုချစ်ခဲ့မိတယ်ဆိုတာလည်း အမှန်ပါဘဲနှင်းရယ်.. မောင်လိမ်ညာခဲ့တာ မဟုတ်ပါဘူး… လက်ထပ်ရမဲ့ ကိစ္စကို နှင်းကို ပြောမထွက်ရက်ခဲ့တာပါ.. နှင်းနာကျင် ကြေကွဲရမယ် ဆိုတာ မောင်သိပါတယ်.. ဒါပေမဲ့ မောင်ဘယ်လိုလုပ်ရမလဲနှင်းရယ်.. ဟိုဘက်မှာလဲ မောင်ငြင်းမရနိုင်တဲ့ အကြောင်းတရားတွေ ရှိနေလို့ပါ.. နှင်းကို ချစ်ခဲ့ခြင်း အတွက်တော့ မောင့်မှာ အပြစ်ရှိခဲ့ပါတယ်.. စောစောစီးစီး ဖွင့်မပြော ဖြစ်ခဲ့တာကိုလည်း ခွင့်မလွှတ်ပါနဲ့နှင်းရယ်.. မောင့်ကို စိတ်နာပြီး မုန့်မေ့နိုင်အောင်ကြိုးစားလိုက်ပါနော်.. နှင်းမောင့်ကို စိတ်နာပြီဆိုရင် မေ့ဖို့လွယ်မှာပါ..


ကြိုးစားပြီး မေ့လိုက်ပါနော်..
မောင့်ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး… နှင်း ပျော်ရွှင်ချမ်းမြေ့ပါစေ…
ချစ်ခဲ့တဲ့
မောင်


စာကို ဖတ်နေရင်း ကွန်ပြူတာ မောက်စ်ကို ကိုင်ထားသော သူမလက်တို့ တစ်ဆတ်ဆတ် တုန်ရီလာသည်.. လူတစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်လာသော အသိကို မိမိကိုယ်တိုင် ပြန်ခံစားလိုက်ရသည်.. ခန္ဓာကိုယ်မှ အပူရှိန်သည် တစ်ငွေ့ငွေ့တက်လာသည်.. သူမ မျှော်လင့်သည်က ပျော်ရွှင်စရာ စာလေးတစ်စောင်ဖြစ်လိမ့်မည်ဟုသာ.. ခုတော့ ချစ်သူရဲ့ လမ်းခွဲ နှုတ်ဆက်တဲ့စာ.. ရင်ထဲမှာ တစ်ခုခုက ဆို့တက်လာသလို ချက်ခြင်း အသက်ရှုကြပ်လာသည်.. ရှက်ရွံ့ခြင်း၊ နာကျင်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ပူပြင်း လောင်မြိုက်ခြင်းတို့ဖြင့် ကိုယ်ခန္ဓာသည် မီးလို ပူနေတော့သည်.. ခုချိန်မှာ တစ်စုံတစ်ယောက် အခန်းထဲ ၀င်မလာပါစေနှင့်လို သူမ ဆုတောင်းလိုက်မိသည်.. ဆို့ကြပ်နေသော ရင်ခွင်တစ်စုံနှင့် သူမပါးစပ်က ဘာစကားသံမှာ ထွက်မလာနိုင်မည်မှာ သေချာလွန်းလှသည်.. ခုချိန် သူမအတွက်အလိုအပ်ဆုံးအရာက လေ.. သန့်ရှင်းလတ်ဆတ်သော လေ.. သူမအသက်ရှုမ၀တော့..


အခန်းနှင့်တစ်ဆက်တည်း ၀ရံတာ တံခါးကိုဖွင့်၍ အပြင်ထွက်ရပ်လိုက်ရင်း လေကို အငမ်းမရ ရှူရှိုက်လိုက်မိတော့လည်း ဆို့ကြပ်နေမှုက လျော့ပါးမသွားခဲ့… လူတစ်ကိုယ်လုံး ဆောက်တည်ရာ ရှာမရအောင် အမှီအတွယ်မရှိ လွင့်မျောနေသလိုလို… ခုချိန်မှာ သတိလစ်သွားလျှင်ကောင်းမည်.. သူမ အသိအာရုံထဲ ဘာကိုမှ မရှိနိုင်တော့ .. ကွန်ပြူတာ စခရင်ပေါ်က စာလုံးလေးတွေသာ သူမအာရုံတစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပြီ.. အော်.. သူနဲ့ စေ့စပ်ထားသူက သူ့အပေါ် သိပ်နားလည်ပြီး သိပ်ကောင်းလွန်းနေပါတယ် တဲ့လား.. ကိုယ်ချစ်တဲ့ သူက တစ်ခြားမိန်းခလေးတစ်ယောက်ကို ချီးကျူးထားတာကို သူမ ဘယ်လိုအင်အားနဲ့ ခံနိုင်ရည်ရှိပါ့မလဲ…. သူမကရော သူ့အပေါ် ထိုတစ်ယောက်လောက် မကောင်းနိုင်ခဲ့ဘူးတဲ့လား... သူ့ကိုချစ်ခဲ့ခြင်းသည် နှလုံးသားမှာ ခိုင်မာစူးနစ်စွာ ချစ်ခဲ့မိခြင်းသာ.. စိတ်လှုပ်ရှား စိတ်ကစားသည့်အရွယ်လဲ မဟုတ်တော့သည်မို့ အပေါ်ယံသက်သက် အချစ်မျိုး မဟုတ်ခဲ့တာ၊ သူမရဲ့ နက်ရှိုင်းသော ငြိတွယ်မှုကို သူမကိုယ်တိုင်အပြင် သူလည်း သိခဲ့မှာပါ.. သိရက်နဲ့ သူမကို လိမ်ညာရက်ခဲ့သည်… အမှန်တရားကို စောစီးစွာ ဖွင့်မပြောခဲ့..


အိုး… အလဲလဲ အကွဲကွဲပါဘဲ.. စာလေးတစ်စောင်က သူမနှလုံးသားတစ်ခုလုံးကို မွမွကြေစေနိုင်သည်တဲ့လား.. မယုံချင်စရာကောင်းလိုက်တာ.. ၀ရံတာလေးမှာ ဆက်လက် ရပ်တည်ဖို့ မစွမ်းသာတော့သဖြင့် ထိုင်ချလိုက်မိတော့သည်။ ဘယ်ဘက်ရင်ဘတ်က စူးစူးရှရှအောင့်လို့လာသည်.. ဆိုးဝါးလိုက်တာ.. ပါးစပ်ကိုဖွင့်ဟကာ လေကို ခက်ခဲစွာ ရှုသွင်းလိုက်ရသည်.. ငိုစမ်း… ငိုချလိုက်စမ်း… မိမိကိုယ်ကို သတိပေးနေမိသော်လည်း.. မျက်ရည်တို့က ကျဆင်းမလာခဲ့.. ငိုလိုက်လျှင်တော့ ခံစားရတာ အနည်းငယ်တော့ သက်သာသွားနိုင်မည် ထင်သည်.. ခုတော့ မျက်ရည်လဲမကျနိုင်.. ရင်ခွင်တစ်ခုလုံးလဲ ဘာမှန်းမသိသောအရာတွေ ဆို့ကျပ်လို့ နေနေသည်.. ဘာလုပ်ရမည်လဲ ..သူမတစ်ခုခုလုပ်မှ ဖြစ်တော့မည်.. မဟုတ်ရင် ချက်ခြင်းရူးသွားနိုင်သည်..


ထို့နောက်တော့ အခန်းထဲပြန်ဝင်လာပြီး သူမ မှန်တင်ခုံပေါ်မှ ပစ္စည်းများအားလုံးကို စိတ်ရှိလက်ရှိ လွှင့်ပစ်လိုက်မိတော့သည်.. ရေမွှေးပုလင်းများ မိတ်ကပ်ဘူးများ လက်သည်းနီ၊ လိုးရှင်း စသည့်ပစ္စည်းများအားလုံး အုတ်နံရံဆီ လွှင့်စင်ကြကုန်ပြီး အဖိတ်ဖိတ် အစင်စင် အလဲလဲအပြိုပြိုနှင့် ကွဲသည့်ပုလင်းများ ကွဲကုန်သည်.. တစ်ခန်းလုံးလည်း ရေမွှေးနံ့များ မိတ်ကပ်နံ့များတို့ဖြင့် မွန်းထုံသွားတော့သည်။ ကွဲနေသော ပုလင်းစများကို ကြည့်ရင်း ထိုကွဲကြေနေသော အပိုင်းအစများသည် သူမ၏နှလုံးသား အစိတ်အပိုင်းများဟုသာ့ မြင်နေမိတော့သည်. ဘာကြောင့်ဆို ချစ်သူဆီမှ ရောက်လာသော အီးမေလ်းတစ်စောင်ကြောင့်လည်း သူမနှလုံးသားတစ်ခုလုံး မွမွကြေသွားခဲ့ရပြီ မဟုတ်ပါလားလေ။ သူမလက်ကိုင်ဖုန်းလေးကိုပါ တုန်ရီနေသော လက်အစုံနှင့်ကောက်ကိုင်ကာ လွှင့်ပစ်မည်ပြင်ပြီးကာမှာ ဖုန်းscreen ပေါ်က ပြုံးရယ်နေသော ချစ်သူ့မျက်နှာလေးကို မြင်လိုက်ရ၍ တန့်ခနဲဖြစ်ကာ လက်တွန့်သွားတော့သည်။ အပြစ်ကင်းစွာ ပြုံးနေသော သူ့မျက်နှာလေးက သူမကို နာကြင်ကြေကွဲအောင် လုပ်မဲ့သူရယ်လို့ မထင်ရက်စရာ.. သူ့အပြုံးလေးကို ချစ်လွန်းလှ၍ သူနှင့်တွေ့တိုင်း ပြုံးပြစမ်းပါ ဟု သူမ မကြာခန တောင်းဆိုခဲ့ဖူးသည်.. ခုတော့ ထိုအပြုံးလေးနှင့် ရာသက်ပန်ဝေးလေပြီ.. ထိုအပြုံးသည် သူမအတွက် မဟုတ်နိုင်တော့ပေ.. ဖုန်း Screen ပေါ်က ချစ်သူ့မျက်နှာလေးကို ငေးစိုက်ကြည့်နေရင်းမှဘဲ သူမပါးပြင်ပေါ် မျက်ရည်များ တစ်လိမ့်ချင်း ကျဆင်း လာတော့သည်… ထို့နောက်တော့ မျက်ရည်စများအဆက်မပြတ် တစ်လိမ့်လိမ့်နှင့်.. နောက်ဆုံးတော့ ရှိုက်ကြီးတငင် သူမ ငိုကြွေးနေမိပါတော့သည်..




ပုလင်းကွဲတစ်စ ထိရှသွားခဲ့သော သူမ၏လက်ညိုးတွင်လည်း ရဲရဲနီသော သွေးတို့က တစ်စိမ့်စိမ့် စီးကျလာနေသော်လည်း တစ်ခုခုလုပ်ဖို့ သူမ မစဉ်းစားမိနိုင်တော့.. ရနံ့ပေါင်းစုံဖြင့် ကြိုင်လှောက်နေသော အခန်းထဲမှာတော့ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသော နှလုံးသားတစ်စုံနှင့် သူမ၏ တဒင်္ဂ ရူးသွပ်ခြင်းများသာ ကျန်နေခဲ့တော့သည်.. ဟုတ်ပါသည် ခုချိန်မှာတော့ သူမသည် အရူးတစ်ယောက်နှင့် မခြား.. သူမစိတ်အာရုံအားလုံး မှောင် အတိကျသွားခဲ့ပါပြီ.. ဆိုင်သူ ရှိနှင့်နေသောသူကို ချစ်ခဲ့မိသည့် ချစ်ခြင်းအတွက် သူမ ကိုယ် သူမ ရှက်ခဲ့မိပါသည်… ကြုံဆုံလာသည့် ကံတရားကိုလည်း ဘယ်အညှိုးကြောင့် ဖန်ဆင်းလေသလဲဟု နာကျည်းမိပါသည်.. စာလေး တစ်စောင်နှင့် နှုတ်ဆက်လမ်းခွဲသွားသော ချစ်သူကိုတော့ သူမအပြစ်မတင်ချင်ပါ.. ရင်ခွင်တစ်ခုလုံး စူးရှနာကျင်နေရင်းနဲ့ သူ့ကို ချစ်သည့်အချစ်တွေ လွယ်လွယ်နှင့် ဖျောက်ဖျက်ဖို့ မဖြစ်နိုင်မှန်းလည်း သူမဖာသာ သိနေသည်မို့ ၀ဋ်ကြွေးတစ်ခုလိုသာ သူမဘ၀ကို အလွမ်းတွေ၊ နာကျင်မှုတွေကြားက လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရပါဦးမည်.. ချစ်သူနှင့် သူမတို့ကြား ရှိခဲ့ဖူးသော အမှတ်တရ များစွာကိုလည်း မေ့နိုင်ဖို့တော့ လွယ်ကူမည်မထင်.. သို့သော် သူမကြိုးစားရပါလိမ့်မည်.... အချိန်အတိုင်းအတာ တစ်ခုအထိတော့ သတိရနေခွင့်ပေးပါ ချစ်သူရေ… ခုချိန်မှာတော့ သူမနှလုံးသား တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ တစ်စစီ ကွဲကြေ……..






ပန်းနုနှင်းဆီ

အလွမ်းညများ


မဲမှောင်တိတ်ဆိတ်လို့ ငြိမ်သက်လွန်းတဲ့ ညလေးတစ်ညပါပဲ.. ခပ်ဝေးဝေး မှာတော့မြို့ကလေးရဲ့ နီယွန်မီး အလင်းရောင်တို့က မှုံပျပျ လေး မြင်နေရဆဲ.. သန်းခေါင်ကျော်နေပြီမို့ မီးတော်တော်များများ ကတော့ မှိတ်ကုန်ပြီ.. ကောင်းကင်မှာတောင် ကြယ်တစ်ချို့က မလင်းတလှည့် လင်းတလှည့်.. ပုဏ္ဏမာ လစန္ဒာကတော့ ခပ်ကွေးကွေးလေးနဲ့ သူမကို တိတ်ဆိတ်စွာ ပြုံးပြလို့နေခဲ့သည်။ လေပြေနုထွေး အေးအေးလေးကလည်း အိမ်အပေါ်ထပ် ၀ရန်တာလေးကနေ နက်မှောင် တိတ်ဆိတ်နေတဲ့ ပြင်ပလောကကြီးကို ထွက်ကြည့်နေသော သူမကို ၀မ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လို့ ကလူကျီစယ် နေကြပြန်ပါသည်။ ဒီတစ်ညလည်း သူမ အတွက်တော့ အိပ်ရေးပျက်တဲ့ည.. အအိပ်ခက်တဲ့ညပဲ ဖြစ်နေဦးမည်မှာ သံသယ ရှိစရာမလိုပါ သေချာ လွန်းလှပါသည်.. အိပ်မရတဲ့ညသည် ညတာ ရှည်လျားလွန်းလှသည်ဟု ကြုံဖူးသူအားလုံးက ပြောခဲ့ကြ ပါလိမ့်မည်။ သူမ အတွက်တော့ ရှည်လျားသည့် ညပေါင်းများစွာ မရေနိုင်အောင် ကြုံခဲ့ပြီးသားပါ။

ညတွေမှာ ခုလို အိပ်မပျော်တာ ဘယ်လောက်များပြီလဲ… ပြန်စဉ်းစားမိပြန်တော့ အဖြေက မရေမရာ.. သေချာပင် မမှတ်မိနိုင်တော့အောင် အိပ်ပျက်ညတွေက များလှပြီ.. ဒါမှမဟုတ် အိပ်ရေးပျက်တာ များလို့ သူမ မှတ်ဥာဏ်တွေကပဲ အလုပ်မလုပ်တော့ ဘူးထင်သည်။ ဒီလိုအချိန်တွေမှာ သူမအတွေးထဲ ရောက်နေတာက ချစ်သူမှလွဲ၍ မည်သူမှ မရှိနိုင်အောင် သူမ၏ အသိဥာဏ်အားလုံး မှောင်မိုက်နေခဲ့သည်။ သူမ ချစ်မိသူကရော.... ခုလိုချိန်တွေဆို နှစ်ခြိုက်စွာ အိပ်မောကျနေပါရဲ့လား.. သူမကို သတိတရ ရှိနေလိမ့်မည်လား.. စိတ်ထဲကတော့ မ၀ံ့မရဲလေး မျှော်လင့်နေချင်ပြန်သေးသည်... သို့သော် မသိစိတ်တစ်နေရာကတော့ ချစ်သူသည် သူမကို သတိတရ ရှိနေလိမ့်မည် ဟုလည်း မထင်မိပြန်ချေ...



ချစ်သူကရော ဒီအချိန် အိပ်ပျော်နေရဲ့လား.. ဒါမှမဟုတ် မအိပ်သေးဘဲ နေ့ခင်းက လုပ်လက်စအလုပ် တစ်ခုခုကို အပြီးသတ်နေမလား.. တစ်ယောက်ယောက်နဲ့ ကြာရှည်လေးမြင့်စွာ ဖုန်းပြောနေမလား.. ဒါကိုလဲ သူမက သေချာမသိပါ.. အိုး… အထင်နဲ့ စိတ်မောခဲ့ရတဲ့ နေ့ရက်တွေလဲ များလှပါပြီလေ.. သေချာအောင် သိလိုစိတ်တော့ ဖြစ်မိသားပါဘဲ… အေးစက်စက် ဖုန်းခလုတ်လေးတွေကို လက်နဲ့ တို့ထိကြည့်မိလိုက်တော့ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ အလွတ်ရနေခဲ့သော နံပါတ်တို့ကို နှိပ်ကြည့်ချင်စိတ်က ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည်။


သို့သော်..... သူမ မနှိပ်ရဲပါ..


Busy ဖြစ်နေသော ဖုန်းသံကို ကြားရလျှင် သူမ နာကျင်နေရဦးမည်.. ဒီလိုနဲ့ စိတ်ဆန္ဒတို့ကို သူမ ထိန်းချုပ်လာတတ်ခဲ့တာ ကြာပါပြီ.. ချစ်သူနဲ့ပတ်သက်ပြီး ဘာမှ မသိတာက ပိုပြီးကောင်းပါလိမ့်မည်.. ချစ်သူကို နာကျင်ခြင်း တို့ဖြင့် သူမ မလွမ်းဆွတ်လိုပါ.. သတိမရလိုပါ.. ဒီအတိုင်း ရိုးရိုးလေးသာ တွေးပြီး စိတ်ရှင်းရှင်းဖြင့်သာ သတိရ လွမ်းဆွတ်နေတာက သူမ အတွက် အကောင်းဆုံး ဖြစ်မှာပါလေ။ မျက်လွှာလေးကို မှေးမှိတ်လို့ ၀င်သက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိတော့ သူမစိုက်ပျိုးထားသော စံပါယ်အိုးမှ ပွင့်ဝေစပြုနေသော စံပါယ်ရနံ့တို့က အဆုတ်တွင်းသို့ လတ်ဆတ်စွာ ၀င်ရောက် သွားခဲ့သည်.. မွန်းကြပ်မှုက အနည်းငယ်တော့ သက်သာသွားသလို ခံစားလိုက်မိသည်။


နေ့လည်နေ့ခင်းဆိုလျှင် ချစ်သူကို သတိရမိလျှင်တောင် အလုပ်တစ်ဘက်နှင့်မို့ သိပ်ပြီး မသိသာလှသော်လည်း ညဘက်ချိန်တွေ စိတ်ရော လူပါ အားလပ်ချိန်တွင်တော့ချစ်သူမှ တပါး ဘာကိုမှ သတိမရတော့ချေ။ ဆိတ်ငြိမ်သောညတွေမှာ အိပ်လို့မပျော်နိုင်ဘဲ အဝေးကချစ်သူကို မျှော်မှန်းရင်း တမ်းတမ်းတတ နင့်နင့်သီးသီး လွမ်းဆွတ် သတိရမိခြင်း တွေကသာ သူမ တစ်ကိုယ်လုံးကို လွမ်းခြုံထားခဲ့သည်။ သေချာတာကတော့ နောက်နေ့တွေမှာလဲ သူမ လွမ်းဆွတ်နေမိဦးမည်သာ။ ဘယ်ချိန်ထိ.... ဘယ်ကာလထိ.... လွမ်းဆွတ်နေရ ဦးမည် ဆိုတာတော့ သူမ ကိုယ်တိုင်လည်း မသိနိုင်ပါ။ ဒီလိုဆိုလျှင်ဖြင့် ဒီအလွမ်းတွေကြားက ရုန်းထွက်ပါတော့လားဟု ပြောလာပြန်လျှင်လည်း ရုန်းထွက်ဖို့ အင်အားမရှိသလို ရုန်းမထွက် ချင်လောက်အောင်ကိုဘဲ ဒီအလွမ်းတွေကြားမှာ သူမ နေသားကျနေပါပြီ.. သို့ဆိုလျှင်တော့ ကိုယ့်အပူ ကိုယ်ရှာသည်လို့ အားလုံးက ပြောကြမည်ထင်ပါသည်။ သို့သော် မတတ်နိုင်ပါ။ သူမကတော့ ဒီအလွမ်းတွေမှာ မွေ့လျှော် နေတတ်ခဲ့ပါပြီ။


မမြင်ရသော ဟိုးတောင်တန်းတွေဆီ မှန်းမျှော်ရင်း အမှောင်ထုတွင်းသို့ ငေးစိုက် ကြည့်မိစဉ်တော့ နေ့ခင်းဘက်ဆီတွင် ပြာရီနေသော တောင်စဉ် တောင်တန်းအဆင့်ဆင့် မြင်ကွင်းက အာရုံထဲ ရောက်လို့လာသည်။ သူမက တောင်တန်းတွေကိုချစ်သည်.. တောတောင်တွေကို မြတ်နိုးသည်.. တောင်တန်းတွေပေါရာ အရပ်တစ်ခုမှာ မွေးဖွားလာသူဖြစ်၍လည်း ငယ်စဉ်ကတည်းက တောင်စဉ် တောင်တန်းတွေကို ကြည့်ရင်း ဘယ်ကိုမှန်းမသိ လွမ်းဆွတ်မိတတ်ခဲ့သလို ခုလို အသက်အရွယ် ရလာချိန်မှာလည်း အလွမ်းနှင့် မကင်းနိုင်သေးသော သူမအဖြစ်က တဆိတ်သနားဖို့တော့ ကောင်းနေမည် ထင်သည်။ ချစ်သူရှိရာ အရပ်ကို မှန်းဆရင်း တွေးကြည့်မိပြန်တော့ အမှောင်ထုကလွဲ၍ ဟိုးခပ်ဝေးဝေး တောင်တန်းတစ်ချို့ပေါ်က မှိန်ပြပြမီးရောင်ရဲ့ အလင်းတစ်စကလွဲလို့ ဘာကိုမှ မမြင်နိုင်ပေ။
ချစ်သူရှိရာ အရပ်မှာရော တောင်တန်းတွေရှိရဲ့လား.. သူသည်လည်း ကိုယ့်လို တောင်တန်းတွေ၊ သစ်တောတွေ၊ သစ်ပင်တွေကို မြတ်နိုးတတ်ရဲ့လား.. ဒါကိုလဲ သူမ မသေချာပြန်။ သူကလဲ မပြောခဲ့ဖူးပါ ဒီလိုဆိုလျှင်ဖြင့် သူမ ချစ်သလို သူကရော တောင်တန်းတွေ သစ်တောတွေကို မြတ်နိုး ပါ့မလား.. ချစ်သူနှင့် ပတ်သက်သော အတွေးတွေကလဲ တောင်စဉ်ရမရ..... ထိုစဉ်မှာပဲ လေတစ်ချက် အဝှေ့နှင့်အတူ မိုးစက်ကလေးများ တစ်ဖွဲဖွဲ ကျဆင်းလာတော့ စိမ့်ခနဲ ချမ်း၍ တုန်သွားလိုက်မိသေးသည်။ ဇွန်လရဲ့ မိုးစက် တွေ ပါဘဲလား.. သူမ အိပ်ရာထဲသို့ မ၀င်ချင်သေးပါ။ အိပ်မပျော်နိုင်မည့် ညတွေကို ဇွတ်မှိတ်အိပ်ဖို့လည်း မကြိုးစားချင်တော့… ပေပြီး ၀ရံတာတွင် ဆက်ရပ်နေမိတော့ ခပ်စိပ်စိပ် ကျဆင်းလာနေသော မိုးရေစက်တို့က သူမ ခန္ဓာကိုယ်ကို စိုရွဲစ ပြုလာနေပြီ.. ပါးပြင်ပေါ်တွင်ပင် မိုးရေတို့ ရွဲရွဲစိုနေပေပြီ.. အမှတ်မထင် ပါးပြင်ပေါ်က မိုးရေစက်တို့ကို တို့သုတ်လိုက်မိတော့ ပူနွေးနေသော အထိအတွေ့ကို ခံစားလိုက်မိသည်..


အိုး.. မိုးရေတွေမှ မဟုတ်ပါဘဲလား.. မျက်ရည်တွေပါပဲ.....ဘယ်ချိန်ကတည်းက သူမ မျက်ရည်ကျနေမိပါလိမ့်..

ချစ်သူကို လွမ်းမိသော အလွမ်းတွေက မျက်ရည်များအဖြစ် ကျလာတာဘဲ ဖြစ်ပါလိမ့်မည်.. မြန်မြန် သုတ်မှပါဘဲလေ… သူမ မျက်ရည်တို့ဖြင့် ချစ်သူကို မပူလောင်စေချင်ပါ။ သက်ပြင်းကို ဖွဖွချလိုက်မိရင်း ဘယ်ချိန်ထိများ အလွမ်းနွံထဲ နစ်နေရဦးမှာပါလိမ့်… အဆုံးမရှိတော့ဘူး ထင်သည်.. လွမ်းရင်းနဲ့ပဲ မျက်ရည်စ တစ်ချို့နဲ့အတူ သူမ ဆုတောင်းလိုက်မိပါသေးသည်။


"ချစ်သူ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ.. အိပ်မက်လှလှ မက်ပါစေ…"



(မှတ်ချက်။ ကိုယ်ပိုင်စိတ်ကူးသက်သက်ဖြင့် ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သဖြင့် တိုက်ဆိုင်မှုရှိပါက နားလည် ခံစားပေးပါရန်)


ပန်းနုနှင်းဆီ