နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
ကော်ဖီချစ်သူ


ကိုယ့်ဘ၀ရဲ့ နှစ်သက်တဲ့ အရာတွေထဲမှာ ကော်ဖီက ထိပ်ဆုံးကနေပါဝင်ပါတယ်.. စာဖတ်တာ၊ စာရေးတာပြီးရင် ဘ၀မှာ မရှိမဖြစ် အရာတွေထဲ မှာလည်း ကော်ဖီက အပါအ၀င်ပေါ့.. ချစ်သူ မရှိခင်တုန်း ကတော့ ဘ၀မှာ ချစ်သူမရှိရင်ဖြစ်တယ် ကော်ဖီမရှိရင် မဖြစ်ဘူးလို့ ကြွေးကြော်ခဲ့ဖူးတယ်.. ကိုယ့်မှာ ချစ်ရမယ့်သူရှိလာ တော့ ချစ်သူက ကော်ဖီနဲ့ တန်းတူ VIP ဖြစ်လာခဲ့တော့တာပေါ့…


ချစ်သူကို ကော်ဖီနဲ့နှိုင်းလို့ ချစ်သူစိတ်ဆိုးမလား.. ကသိကအောက်များ ဖြစ်နေမလား.. မဖြစ်ပါနဲ့ ချစ်သူရယ်… အရင်တုန်းကတော့ တို့ရဲ့ နေ့စဉ်နေ့တိုင်း မပါမဖြစ်တဲ့ အထဲမှာ ကော်ဖီက ထိပ်ဆုံးကလို့ ပြောခဲ့တယ် မဟုတ်လား… မနက်လင်းလာတာနဲ့ ကော်ဖီမှမသောက်ရရင် တစ်နေ့လုံး နေလို့ထိုင်လို့ အဆင်မပြေဘူး.. ခေါင်းကိုက်ချင်သလို ဇက်ကြောတက်ချင်သလို၊ မျက်ရိုးတွေဘဲ ကိုက်လာသလိုလိုနဲ့.. အမည်ဖော်မရတဲ့ ရောဂါတွေ ၀င် လာတတ်တယ်.. ဒီတော့ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ ဖြတ်သန်းဖို့ဆိုရင် ကော်ဖီတစ်ခွက်ဟာ သိပ်ကို အရေးပါလာတော့တာပါဘဲ… ကုန်ဆုံးလာခဲ့တဲ့ နေ့တွေတိုင်းမှာ ကော်ဖီမပါတဲ့ နေ့ရယ်လို့ မရှိခဲ့ပါဘူး…


သူ့ကို ချစ်မိလာတော့လဲ သူ့အသံလေးမှ မကြားရ၊ သူ့မျက်နှာလေးနဲ့ သူ့အပြုံးလေးမှ မတွေ့ရရင် အဲဒီနေ့ဟာ နေလို့ထိုင်လို့ အဆင်မပြေတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့ပြီ.. ကော်ဖီဟာ ကိုယ့်ဘ၀ရဲ့ မနက်ခင်းတွေမှာ မပါရင် မဖြစ်သလို ချစ်သူကလည်း ကိုယ့်ဘ၀မှာ မပါမဖြစ် ဖြစ်လာရပြီလေ.. ဒီတော့ ချစ်သူကို ကော်ဖီတစ်ခွက်လို ကိုယ်တန်ဖိုးထားတယ် ကိုယ့်ဘ၀အတွက် အရေးပါတယ်လို့ ဆိုရင် ချစ်သူကျေနပ်နိုင်မှာလား..


ကော်ဖီဟာ စွဲလမ်းစေတတ်တဲ့အရာမို့လို့ ကော်ဖီကိုဖြတ်ဖို့ ကိုယ်အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်.. ကော်ဖီများများသောက်ရင် အိပ်မပျော်စေတာ ရင်တုန်စေတာ စတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ တစ်ခြား ဆိုးကျိုးတွေလဲ ရှိတယ်လို့ ကိုယ်သိထားတာကြောင့်လဲ ဖြတ်ဖို့ကြိုးစားခဲ့တာပါ.. ကိုယ့်ဘ၀ကို ကော်ဖီမပါဘဲများ ရပ်တည် နေနိုင်မလားဆိုပြီး နေကြည့်မိပါတယ်.. ဒါပေမဲ့ ဘယ်လိုမှ မအောင်မြင်ပါဘူး.. အချိန်တန်ရင် ကိုယ့်လက်တွေက ကော်ဖီခွက်ဆီ ရောက်ရောက်သွားတတ်သလို ကော်ဖီမသောက် ဖြစ်အောင် နေမိတဲ့ ရက်တွေဟာ ကိုယ့်အတွက် ဘယ်လိုမှ နေပျော်ချင်စရာ မကောင်းခဲ့ပါဘူး.. ဒါကြောင့်လဲ ကိုယ်သေချာသိတာက ကော်ဖီနဲ့ ကင်းကွာပြီး ကိုယ်ဘယ်လိုမှ နေလို့မဖြစ်တော့ဘူး ဆိုတာပါဘဲ..


ကိုယ်ချစ်တဲ့ သူကိုလည်း ဒီတိုင်းပါဘဲ… အချစ်ဆိုတာကိုလည်း ကိုယ်က သိပ်ကြောက်မိပါတယ်.. ချစ်မိလို့ နာကျင် ခံစားရမှာကို မလိုချင်ဘူး… တစ်ယောက်ယောက်ကို သံယောဇဉ်တွယ်မိတာမျိုးလဲ မဖြစ်ချင်ပါဘူး.. ဒီတော့ ချစ်သူကို မချစ်မိအောင် ကိုယ်ကြိုးစားပါတယ်.. ချစ်သူနဲ့ အဝေးဆုံးမှာ နေဖြစ်အောင် ကြိုးစားမိတာ အကြိမ်ကြိမ်ပါ.. နောက်ဆုံးတော့ ချစ်သူနဲ့ ဝေးဖို့ ဘယ်လိုဘဲ ကြိုးစားမိပေမဲ့ ကော်ဖီလိုပါဘဲ … ဘယ်လိုဖြတ်ဖြတ် ဖြတ်မရတဲ့နောက် ချစ်သူဟာ ကော်ဖီလို ကိုယ့်ဘ၀မှာ မရှိမဖြစ် ဖြစ်လာရတော့တာပါဘဲ.. ဒီတော့ ကော်ဖီ သောက်တဲ့အခါ ကော်ဖီရဲ့ ဆိုးကျိုးတွေကို သိသိကြီးနဲ့ သောက်မိသလို၊ အချစ်ကြောင့် နာကျင်ခံစားရမှာကို သိသိကြီးနဲ့ ချစ်သူကို ချစ်နေမိတော့တာပါဘဲ…


ကော်ဖီကို ကြိုက်မိတော့ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို တွေကို မကြောက်မရွံ့ လက်ခံရတော့မှာ ဖြစ်သလို ချစ်သူနဲ့ပါတ်သက်ရင်လည်း သူရဲ့ ကောင်းကျိုး ဆိုးကျိုး အားလုံးကို လက်ခံရတော့မှာပါဘဲ.. ကိုယ်ကတော့ ကိုယ်ချစ်ရတဲ့သူကို ကော်ဖီလေးတစ်ခွက်လို မြတ်နိုးမိပါရဲ့… ကိုယ့်လက်ထဲမှာ ကော်ဖီခွက်လေးရောက်လာရင် ကုန်သွားမှာစိုးလို့ တစ်စိမ့်စိမ့်နဲ့ ဇိမ်ဆွဲပြီး သောက်တတ်သလို ချစ်သူ ကိုယ့်အပေါ်ထားတဲ့ ချစ်ခြင်းတွေကိုလဲ လက်ထဲက ကော်ဖီခွက်ကလေး ကုန်သွားမှာစိုးသလို စိုးမိပါတယ်.. ဘာကြောင့်ဆိုတော့ ချစ်သူရဲ့ ချစ်ခြင်းဟာ မနက်ခင်းရဲ့ ကော်ဖီခွက်လေးလို ကိုယ့်ဘ၀မှာ မရှိမဖြစ် မဟုတ်ပါလားကွယ်..


သေချာတာတစ်ခုကတော့ ကိုယ်ချစ်သူ နာကျင်ခံစားရမှာ၊ စိတ်ဒဏ်ရာရမှာ၊ ၀မ်းနည်းပူဆွေးမှာကို ဘယ်သူက မြင်ချင်ပါ့မလဲနော်.. ချစ်သူ တစ်ခုခုခံစားရမယ်ဆိုရင် နှစ်သိမ့်ပေးချင်တယ် ဖြေဖျောက်ပေးချင်တယ်.. အနားနားမှာ အားပေးချင်တယ်.. ဒါတွေဟာ အချစ်စိတ်ကြောင့်ဆိုတာ ငြင်းပယ်လို့ မရပါဘူး.. လူတိုင်းကတော့ ကိုယ်ချစ်သူ ပျော်ရွှင်တာ၊ အဆင်ပြေတာကိုသာ မြင်ချင်ကြားချင်သူတွေကြီးဘဲ မဟုတ်ပါလား… ဒီတော့ ချစ်သူရေ ၀မ်းနည်း အားငယ်တဲ့အခါ နာကျင်ကြေကွဲတဲ့အခါ ကိုယ့်ကိုသတိရပါ… ကိုယ်နှစ်သိမ့်ပါ့မယ်.. ချစ်သူလက်ကို တင်းတင်း ဆုပ်ကိုင်လို့ ကမ္ဘာမြေတစ်ဆုံး မမောတမ်း လျှောက်ကြမယ်လေ.. မောတဲ့အခါ ကိုယ်က ချစ်သူပုခုံးမှာ မှီပြီး အပန်းဖြေမှာပေါ့.. ချစ်သူကတော့ ကိုယ့်မျက်နှာကို ငေးမောလို့ အပန်းဖြေပေါ့နော်.. ကိုယ်အလှဆုံး ပြုံးပြမှာပေါ့ကွယ်..



ပန်းနုနှင်းဆီ

4 comments:

သူကြီးမင်း (တုံးဖလား) said...

ချစ်တတ်လိုက်တာ။ အားတောင်ကျမိပါရဲ့။

တူသွားပြီ။ ကော်ဖီကြိုက်တာချင်း။

မြစ်ကျိုးအင်း said...

ကျွန်တော်ဆိုလည်း ပြည်ပ ထွက်လာမှ ကော်ဖီ ကြိုက်လာတော့တာ။ ဘော်လုံးပွဲကြည့်တဲ့အချိန်တော့ ကော်ဖီက ဘေးနားမှာ မရှိမဖြစ်ပါပဲ။ ဆိုးကျိုးတွေ ရှိတယ်ဆိုလည်း ကော်ဖီရော အချစ်ရော ပါတ်သတ်နေမိတာကိုးး။ ကြုံလာသမျှ လက်ခံရတော့မှာပဲ

http://khaingnunge.blogspot.com/ said...

ချစ်တတ်လိုက်တာနှော်...
အပေါ်က သူဂျီးပြောသလိုလိုက်ပြောကြည့်တာ
ကော်ဖီတော့မကြိုက်တာထက် မသောက်နိုင်တာ
ဟတ်..ဟတ်..မကောင်းလို့...
သူ့ကိုသောက်မိရင်ရင်တွေတုန်ပြီးမောပါမောလာတာ
ဒါကြောင့်ကော်ဖီမသောက်မိအောင်နေအိ။
အရေးအသားတွေကောင်းတယ်...အားပေးနေပါတယ်..ပန်းနုနှင်းဆီရေ
ပျော်ရွှင်ပါစေဗျာ

သဒ္ဓါလှိုင်း said...

အတွေးလေးတွေကကောင်းလိုက်တာကွယ်...။
ချစ်သူကိုဘယ်လောက်တောင်ချစ်တတ်လည်းဆိုတာချစ်သူတယောက်
သိနားလည်နိုင်ပါစေ....
ခင်တဲ့
သဒ္ဓါ

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..