နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
ချစ်မိတဲ့ ပန်းကလေးများ

ကိုယ့်ရဲ့ဘ၀မှာ ပန်းကလေးတွေကို အရမ်းချစ်ခဲ့
ဖူးတယ်..ချစ်ခဲ့ဖူးတယ်ဆိုလို့အခုမချစ်တော့ဘူး
လားမေးစရာနော်.. အခုလဲချစ်ပါတယ်..နောင်ကို
လည်း ချစ်နေဦးမှာသေချာပါတယ်..ပန်းဆိုရင်ငယ်
ငယ်ကလေးတည်းက ဘယ်ပန်းမဆို ချစ်ခင်နှစ်
သက်မြတ်နိုးမိတယ်.. ရနံ့တွေကြောင့်နှစ်သက်မိ
သလို အဆင်းကြောင့်လည်း နှစ်သက်မိတတ်ပါ
တယ်.ကိုယ် ချစ်ခင်နှစ်သက်မိတဲ့ ပန်းကလေး
တွေအကြောင်းသတိတရနဲ့စာရေးချင်လာမိတာ
ကြောင့် ရေးဖြစ်ပြန်ပါပြီ။


မှတ်မှတ်ရရ ပန်းတွေကို စပြီး တန်ဖိုးထားတတ်လာတာ ၆တန်း ၇တန်းအရွယ်လောက်က စပါတယ်... ကျောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ မိုးရာသီရောက်တိုင်း မွှေးပျံ့ကြိုင်လှိုင်စွာ ပွင့်ဝေတတ်တဲ့ ပန်းခရေလေးတွေပေါ့ … ကျောင်းပတ် ပတ်လည် တစ်လျှောက်လုံး ခရေပင်တွေ တန်းစီနေတယ်လေ.. အိုး… တန်းစီနေတဲ့ ခရေပင်အောက်က ပွင့်ကြွေတွေကို ကောက်ချင်လွန်းလို့ ဝေးမှန်းသိပေမဲ့ ကျောင်းကို တစ်ပတ်ပတ်မိအောင် လမ်းလျှောက်ပြီး ခရေပင်အောက် တိုင်းမှာ ကြွေနေတဲ့ ပန်းကလေးတွေကို ၀င်ဝင်ပြီးကောက်မိလို့ ကျောင်းခနခန နောက်ကျရတာ မှတ်မိနေပါသေးတယ်.. လက်ခုပ်လေးထဲမှာ အပြည့်ရှိနေတဲ့ ခရေပွင့်လေးတွေရဲ့ ရနံ့က မွှေးကြိုင်သင်းထုံလို့ စွဲမက်စရာ ကောင်းလွန်းလှတယ် မဟုတ်ပါလားနော်.. အော်.. ကြွေပေမဲ့ ရနံ့မပျယ်ဘဲ လောကကို အလှဆင်နိုင်စွမ်းသေးတဲ့ ချီးကျူးစရာ ပန်းကလေး ပါဘဲလေ… သူ့လိုမျိုးလေး လောကကြီးကို တတ်စွမ်းသလောက်လေးတော့ အလှဆင်ခွင့် ရချင်ပါသေးတယ်.. ဖြစ်နိုင်ခဲ့ရင်ပေါ့..


ကိုယ် နှစ်သစ်တဲ့ ပန်းနောက်တစ်မျိုးက ခင်မင်ရသော သူငယ်ချင်းလေး တစ်ယောက်ရဲ့ အိမ်နောက်က ပန်းခြံထဲမှာ တခုတ်တရ စိုက်ပျိုးထားတဲ့ ခွာဝါပန်း ၀ါဝါလေးတွေပါ.. သူတို့ခြံထဲမှာ အားလပ်ချိန်တွေဆို သူငယ်ချင်းတွေစုပြီး စာသွားသွားကျက်လေ့ ရှိပါတယ်.. ပန်းပင်လေးတွေရဲ့ အရိပ်အောက်မှာထိုင်ပြီး သင်းပျံ့ပျံ့ပန်းရနံ့လေးတွေကို ရှုရှိုက်ရင်း သူငယ်ချင်းတွေစုပြီး စာကျက်ခဲ့ရတာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်ရစရာ အချိန်ကလေးတွေ ဖြစ်ခဲ့ဖူးပါတယ်.. ခုတော့ စာအတူကျက်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်နေရာစီ ဝေးကွာကြပြီး ပြန်မဆုံဖြစ်ကြတော့ပါဘူး.. ဒါပေမဲ့ စိတ်ထဲကတော့ မှတ်မှတ်ရရ အမြဲတမ်း ရှိနေဖြစ်ခဲ့ပါတယ်.. ခွာဝါပန်းကလေးတွေဟာ ပေါပေါများများ တွေ့ရလေ့ မရှိတတ်တဲ့ ပန်းကလေးတွေပါ.. လွန်ခဲ့တဲ့ နှစ်များဆီက မမျှော်လင့်ဘဲ ရန်ကုန်မြို့ရဲ့ လမ်းတစ်နေရာမှာ အဲဒီ ခွာဝါပန်း ၀ါဝါကလေးတွေ ပြန်တွေ့လိုက်ရတော့ ငယ်ဘ၀ကို တမ်းတမ်းတတ ပြန်သတိရသွားမိခဲ့တယ်.. သူလေးက ရနံ့မရှိပေမဲ့ ၀ါလွင်လွင်အရောင်လေးနဲ့ သိပ်ကို ချစ်စရာကောင်းပါတယ်။


နောက်ထပ် နှစ်သက်မိတဲ့ ပန်းတစ်မျိုးက သူငယ်ချင်းရဲ့ အိမ်ရှေ့မှာ စိုက်ထားတဲ့ ခပ်မြင့်မြင့်ပင်စည်နဲ့ အလွန်မွှေးကြိုင်စွာ ပွင့်ဝေတတ်တဲ့ ပုန်းညက်ပန်းပါ.. သူကလဲ မိုးရာသီမှာသာ ပွင့်တဲ့ ပန်းမျိုးပါဘဲ.. ပွင့်ဖတ်ကလေးတွေက ဖယောင်းသား လေးလို ညက်ညက်ညောညောနဲ့ ဖြူဖြူအိအိလေး.. အလယ်က ၀တ်ဆံတိုင်နဲ့ ၀တ်မှုံတို့က ၀ါရွှေနွယ်သွေးနဲ့ အတော်လေးကို မွှေးတဲ့ ပန်းကလေးပါ.. ချိုချိုအီအီ ရနံ့မျိုးလေးမို့ သူကလဲ တစ်မျိုးစွဲမက်ဖို့ ကောင်းလွန်းလှပါတယ်.. ခုချိန်မှာတော့ မေမေ့ရဲ့ ခြံကလေးထဲမှာ စိုက်ထားတဲ့ အပင်ကလေးမို့ ပိုလို့ အချစ်တိုးရပြန်ပါတယ်.. မိုးစက်တွေ အဆက်မပြတ် ရွာသွန်းတတ်တဲ့ ခုလိုမိုးကာလမှာ အစိမ်းရောင်မြ၀တ်လွှာ ရွက်စိမ်းတွေကြားက ဖူးငုံစပြုနေတဲ့ ပုလဲလုံးလေးတွေလို ပုန်းညက်ဖူးတွေက မြင်ရတာ ရင်ခုန်ချင်စရာ ကောင်းလွန်းလှတယ်..


စပါယ်ပန်းကိုတော့ နှစ်သက်မိတဲ့ ပန်းကလေးတွေရဲ့ စာရင်းထဲကနေ ချန်ထားလို့ ဘယ်ဖြစ်မှာလဲနော်.. သူကလဲမိုးရာသီကို အစွမ်းကုန် အလှဆင်ပေးတဲ့ ဖြူစင်လှပတဲ့ ငွေကြယ်ပွင့်ကလေးတွေဘဲ မဟုတ်လား.. ကိုယ်တို့ ငယ်ငယ်က နေခဲ့တဲ့ အရပ် ဒေသမှာတော့ မိုးရာသီမှသာ စပါယ်တွေ ပွင့်ဝေကြပေမဲ့ ရန်ကုန်မြို့ကြီးမှာတော့ ၁၂ရာသီ စပါယ်တွေ ဝေနေတာ တွေ့ခဲ့ရပါပြီ.. တတ်လဲ တတ်နိုင်ကြပါတယ်နော်.. ရာသီမသိ ပန်းနဲ့လဲ ညှိလို့ရမယ် မထင်တော့ပါဘူးလေ… မိုးမရွာတဲ့ လသာသာညများဆိုရင် ဖွေးဖွေးလှုပ်နေတဲ့ စပါယ်ရုံဘေးမှာ ချစ်သူနဲ့ချိန်းတွေ့ကြဖူးသူများ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ ကိုယ်တိုင်တော့ မတွေ့ခဲ့ဖူးတဲ့အတွက် ဒီခံစားချက်ကိုတော့ မသိတတ်နိုင်ပါဘူး… လသာသာညမှာ စပါယ်ပွင့်တွေတော့ ခူးခဲ့ဖူးပါတယ်.. ကြူကြူသင်းတဲ့ စပါယ်ရနံ့သင်းသင်းလေးက နှာဝမှာကလူကြည်စယ်ရင်း ကောင်းကင်ပေါ်က လမင်းကြီးက ပြုံးတုံ့တုံ့နဲ့ ငုံ့ကြည့်ရင်ပေါ့.. ညချမ်းကလေးမှာ ဖုးငုံရာကနေ ပွင့်အာစပြုလာတဲ့ စပါယ်ဖြူ နုနုထွေးထွေးလေးတွေကို ခူးရတာ အိုး ဘယ်လောက်များ ကြည်နူးဖွယ် ညချမ်းကလေးဖြစ်လေသလဲ စဉ်းစားကြည့်ပါဦးနော်..


ပိတောက်ပန်းကိုတော့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး… ရာသီပန်းမို့ နှစ်သစ်စရာကောင်းသလို နှလုံးသားထဲမှာ စွဲငြိအောင် မွှေးလွန်းလို့လဲ ချစ်ခင်မြတ်နိုးရပါတယ်.. သူ့ကိုတော့ ခပ်ငယ်ငယ် ၂တန်း၃တန်းလောက်ကတည်းက အိမ်ရှေ့မှာ အပင်ကြီး ရှိနေလို့ ရင်းနှီးခဲ့ရတာပါ.. အပင်ပေါ်က ပန်းကို မရနိုင်တဲ့အခါ အပင်အောက်ခြေမှာ လေအလွှင့် ကြွေဆင်းလာတဲ့ ပွင့်ကြွေ လေးတွေကို မြတ်နိုးစွာ သီကုံးလို့ ပန်ဆင်ခဲ့ဖူးပါတယ်.. ပွင့်ကြွေတွေကိုဘဲ အိပ်ရာ ကဗ္ဗလာထက်မှာ ဖြန့်ခင်းလို့လဲ လျောင်းစက်ခဲ့ဖူးပါတယ်.. ပိတောက်နဲ့ပတ်သက်ရင် အမှတ်ရစရာလေးတွေ ခုချိန်ထိ မှတ်မှတ်ရရဖြစ်နေဆဲပါ… ရင်ခုန်တတ်စ ငယ်ရွယ်စဉ်အချိန်မှာ ပိတောက်ဟာ ကိုယ့်ကို အမှတ်ရစရာ များစွာကို သိမ်းဆည်းထားပေးတဲ့ ပန်းကလေးတစ်မယ်ပါဘဲ..


ဆောင်းရာသီကို လှပသင်းထုံစေတဲ့ ပန်းကလေးတစ်မျိုးက ခွာညိုပန်းကလေးတွေပါ..ငယ်ငယ်က ကိုယ်ကြီးပြင်းရာအရပ်မှာ သဇင်ပန်းဆိုတာ အလွန်ရှားပါးပါတယ်.. မြို့ကြီးပြကြီးရောက်မှသာ သဇင်ပန်းကို မြင်ဖူးလာရပါတယ်. အဲဒီအချိန်က ဆောင်းရာသီရဲ့ တန်ဖိုးထားစရာ ပန်းကလေးကတော့ နှင်းရည်ကိုဝလင်စွာသောက်သုံးပြီးလို့ အစွမ်းကုန် လှပဝေဆာ ဖူးပွင့်တတ်ပါသော ကြူကြူသင်းတဲ့ ညိုပြာပြာအဆင်း ခွာညိုပန်းကလေးတွေသာ ဖြစ်ခဲ့ပါတယ်..ခုချိန်မှာတော့ နယ်ဒေသတွေ ပြန်ရောက်ဖြစ်မှသာ ပြန်ဆုံးဆည်းခွင့်ရတတ်ပါတယ်... မြို့ပြတွေမှာ တွေ့ဖို့ခဲယဉ်းလွန်းတဲ့ ရှားပါးပန်းကလေး ဖြစ်နေပါပြီ. တကယ်လို့များ ကိုယ့်မှာသာ ကိုယ်ပိုင်ခြံကလေးတစ်ခြံ ရှိခဲ့မယ်ဆိုရင် ကိုယ်နှစ်သက်မြတ်နိုးတဲ့ ပန်းကလေးတွေ အားလုံးကို ကိုယ့်ခြံကလေးထဲမှာ စိုက်ပျိုးထားချင်မိပါတယ်.. ခွာညိုပန်းကလေးကတော့ ချစ်စရာ စင်လှလှလေးတစ်ခုနဲ့ပေါ့နော်..


နောက်ထပ်လို့ ချစ်ခင်စရာပန်းကလေးက ကံ့ကော်ပန်းကလေးတွေပါ.. လှပမွှေးပျံ့တဲ့ရနံ့နဲ့အတူ နွေဦးကို ကြိုဆိုတတ်တဲ့ ချစ်စရာပန်းကလေးတွေပါဘဲ.. ကံ့ကော်ပန်းရဲ့ ၀တ်မှုံ ၀တ်ဆံလေးတွေဟာ ဆေးဘက်ဝင်သလို မွှေးရနံ့တွေကို နှစ်နှစ်သက်သက် စွဲမက်တတ်တဲ့ ကိုယ့်အတွက်တော့ တန်ဖိုးထားစရာ ပန်းကလေးတွေလဲ ဖြစ်ပါတယ်.. တစ်ချိန်ကတော့ ကိုယ့်ကို သိပ်ချစ်ပါတယ်လို့ အထပ်ထပ် ကတိစကားဆိုပြီး သစ္စာတွေနဲ့ ဘုရားမှာ တိုင်တည်ခဲ့ဖူးသူတစ်ယောက်က ရန်ကုန်တက္ကသိုလ် ပုရ၀ုဏ်ကြီးထဲက ကံ့ကော်တွေရဲ့ ၀တ်ဆံလေးတွေကို သူကိုင်တိုင် စိတ်ရှည်လက်ရှည် စုဆောင်းလို့ အခြောက်ခံပြီးကာမှ ကိုယ်သနပ်ခါးနဲ့ ရောပြီး သွေးလိမ်းဖို့အတွက် မှတ်မှတ်ရရ လက်ဆောင်ပေးတတ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်.. ခုတော့လည်း ဒါတွေက ပုံပြင်တစ်ပုဒ်လို ပြီးဆုံးသွားခဲ့တာ ကြာပါပြီလေ.. ဒီလူတစ်ယောက်ကြောင့်လည်း ဘယ်အရာမှ တည်မြဲခြင်းမရှိတာ ဘယ်လိုကတိစကားမှ ခိုင်မြဲခြင်းမရှိတတ်တာကို နားလည်တတ်ခဲ့ပါတယ်.. လောကကြီးရဲ့ သဘောသဘာဝကို စောစီးစွာ သိနားခွင့်ရလိုက်တာပါဘဲ.. ဒီအတွက်တော့ ကံ့ကော်ဝတ်ဆံ၊ ၀တ်မှုံလေးတွေ လက်ဆောင် ပေးခဲ့သူကို ကျေးဇူးတင်နေဦးမှာပါ.. ကံ့ကော်ပန်းကလေးတွေတွေ့တိုင်း ကိုယ့်နှုတ်ခမ်းတစ်ဘက်တည်းက အပေါ်ကို ခပ်မဲ့မဲ့ကလေး တွန့်ကွေးပြီး ပြုံးတတ်လာခဲ့ပါပြီ..


နှင်းဆီပန်းကလေးတွေကတော့ ကိုယ့်ရဲ့ အမြတ်နိုးဆုံး ပန်းလို့ဆိုရင်လဲ မမှားပါဘူး… ကိုယ်နှစ်သက်မိလွန်းလို့လဲ ငယ်ငယ် ကတည်းက နှင်းဆီတစ်ပွင့် နေ့စဉ် ပန်ဆင်တတ်လို့ ကိုယ့်ကို မနှင်းဆီဆိုတဲ့ နံမည်လေးတောင် အားလုံးက ၀ိုင်းခေါ်ခဲ့ရ ဖူးတယ်လေ.. သူတို့ရဲ့အလှ သူတို့ရဲ့ ဘ၀ကို ဆူးတွေနဲ့ ကာရံရင်း တန်ဖိုးထား စောင့်ရှောက်တတ်ပုံတွေက အတုယူစရာ… ကိုယ်ကိုယ်တိုင်လဲ နှင်းဆီပန်းကလေးလို ဆူးတွေနဲ့ ကာရံထားတဲ့ သူတို့လို ဘ၀မျိုးကို အားကျခဲ့မိတယ်.. စံထားခဲ့မိတယ်.. ဆူးမရှိရင် ပန်းဆိုတာကို လူတွေက အလွယ်တကူ ခူးဆွတ်ချင်တတ်ကြတယ်.. နင်းခြေတတ်ကြတယ်.. ဆူးတွေနဲ့ ကာရံထားတဲ့ ပန်းကိုတော့ တော်တန်ရုံ ခူးဆွတ်ဖို့ မ၀ံ့ရဲကြဖူး.. မိန်းကလေးတွေရဲ့ ဘ၀မှာလည်း နှင်းဆီပန်းလို ထိုက်သင့်တဲ့ ဆူးတွေနဲ့ အရံအတားအဖြစ် ကိုယ့်ဘ၀ကို ကာရံထားဖို့ လိုအပ်ပါတယ်လို့ ကိုယ်ကတော့ ခံယူမိပါတယ်.. ဒါက ကိုယ့်ရဲ့ သီးသန့် အမြင်.. ကိုယ်ပိုင်ခံယူချက်ပါ..



ဆူးကဲ့သို့ အရံအတားမရှိဘဲ လူတကာကို ခေါင်းငုံ့ရိုကျိုး ကြောက်ရွံ့နေရတဲ့ ဘ၀မျိုးကို ကိုယ် မလိုလား၊ မနှစ်သက်ဘူး… ဒါကြောင့် ကိုယ့်ဘ၀မှာ ဆူးနဲ့တူတဲ့ အရံအတားတွေကို တတ်နိုင်သလောက် ကာရံနိုင်အောင် ကြိုးစားခဲ့ရတယ်.. အချိန်ကာလ အတော်ကြာကြာ ပေးဆပ်ခြင်းများစွာနဲ့ ဘ၀မှာ ဆူးတွေ… လိုအပ်တဲ့ ဆူးတွေ တပ်ဆင်လာနိုင်အောင်ပေါ့… ဒီလိုဆူးတွေလို အရံအတားတွေ ဖြစ်လာနိုင်အောင် ပေးဆပ်ခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အများကြီးမို့လည်း လွယ်လွယ်နဲ့တော့ ဒီ အရံအတား ဆိုတဲ့ ဆူးတွေကို စွန့်လွှတ်ဖို့ ဘယ်လွယ်ပါ့မလဲနော်.. လူတွေမှာ ဆူးတွေအများကြီး ရှိတတ်ကြပါတယ်. အတ္တဆူး၊ ဂုဏ်ပကာသနဆူး၊ ပညာမာန်မာနဆူး အိုး ပြောရရင်တော့ ဆူးတွေ အများကြီးပါဘဲ.. အဲဒီအားလုံးထဲမှာ ကိုယ်တန်ဖိုးထားတဲ့ ဆူးကလေးတစ်ချောင်းက ဂုဏ်သိက္ခာ ဆိုတဲ့ ဆူးကလေးပါ.. ကိုယ့်ရင်ထဲမှာ နက်နဲစွာ အမြစ်တွယ် နေခဲ့တဲ့ ဒီဂုဏ်သိက္ခာဆိုတဲ့ ဆူးကလေးတစ်ချောင်းအတွက်တော့ ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး.. ခွင့်မလွှတ်ရင်လဲ ကျေနပ်ပါတယ်.. ဘယ်သို့ဆိုစေ.. ဒီဆူးကလေးကတော့ ကိုယ့်ရင်ထဲမှာ ရာသက်ပန် ခိုင်မြဲနေလေဦးမှာပါ..


ပန်းနုနှင်းဆီ

မေ့လိုက်တော့


စ ကတည်းက လွဲနေတယ်..


အမှန်တရားမရှိတဲ့ တို့၂ယောက်ကြား

အမှားတွေထပ်တလဲလဲ ကျွံရင်း

နာကျင်မှုနွံမှာ အကြိမ်ကြိမ်နှစ်မြုပ်ခဲ့တယ်..


ငါ့ရင်မှာနာသလို

ငါ့ စိတ်တွေဒဏ်ရာအထပ်ထပ်နဲ့

ပြတ်သွားတဲ့ကြိုးတစ်ချောင်းလို

ပြန်ဆက်လည်း နဂိုအတိုင်းပြန်မဖြစ်မှတော့

စိတ်ညစ်မခံပါနဲ့


မင်း… ငါ့ကိုမေ့လိုက်ပါ…



ပန်းနုနှင်းဆီ

ကော်ဖီချစ်သူ


ကိုယ့်ဘ၀ရဲ့ နှစ်သက်တဲ့ အရာတွေထဲမှာ ကော်ဖီက ထိပ်ဆုံးကနေပါဝင်ပါတယ်.. စာဖတ်တာ၊ စာရေးတာပြီးရင် ဘ၀မှာ မရှိမဖြစ် အရာတွေထဲ မှာလည်း ကော်ဖီက အပါအ၀င်ပေါ့.. ချစ်သူ မရှိခင်တုန်း ကတော့ ဘ၀မှာ ချစ်သူမရှိရင်ဖြစ်တယ် ကော်ဖီမရှိရင် မဖြစ်ဘူးလို့ ကြွေးကြော်ခဲ့ဖူးတယ်.. ကိုယ့်မှာ ချစ်ရမယ့်သူရှိလာ တော့ ချစ်သူက ကော်ဖီနဲ့ တန်းတူ VIP ဖြစ်လာခဲ့တော့တာပေါ့…


ချစ်သူကို ကော်ဖီနဲ့နှိုင်းလို့ ချစ်သူစိတ်ဆိုးမလား.. ကသိကအောက်များ ဖြစ်နေမလား.. မဖြစ်ပါနဲ့ ချစ်သူရယ်… အရင်တုန်းကတော့ တို့ရဲ့ နေ့စဉ်နေ့တိုင်း မပါမဖြစ်တဲ့ အထဲမှာ ကော်ဖီက ထိပ်ဆုံးကလို့ ပြောခဲ့တယ် မဟုတ်လား… မနက်လင်းလာတာနဲ့ ကော်ဖီမှမသောက်ရရင် တစ်နေ့လုံး နေလို့ထိုင်လို့ အဆင်မပြေဘူး.. ခေါင်းကိုက်ချင်သလို ဇက်ကြောတက်ချင်သလို၊ မျက်ရိုးတွေဘဲ ကိုက်လာသလိုလိုနဲ့.. အမည်ဖော်မရတဲ့ ရောဂါတွေ ၀င် လာတတ်တယ်.. ဒီတော့ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ ဖြတ်သန်းဖို့ဆိုရင် ကော်ဖီတစ်ခွက်ဟာ သိပ်ကို အရေးပါလာတော့တာပါဘဲ… ကုန်ဆုံးလာခဲ့တဲ့ နေ့တွေတိုင်းမှာ ကော်ဖီမပါတဲ့ နေ့ရယ်လို့ မရှိခဲ့ပါဘူး…


သူ့ကို ချစ်မိလာတော့လဲ သူ့အသံလေးမှ မကြားရ၊ သူ့မျက်နှာလေးနဲ့ သူ့အပြုံးလေးမှ မတွေ့ရရင် အဲဒီနေ့ဟာ နေလို့ထိုင်လို့ အဆင်မပြေတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့ပြီ.. ကော်ဖီဟာ ကိုယ့်ဘ၀ရဲ့ မနက်ခင်းတွေမှာ မပါရင် မဖြစ်သလို ချစ်သူကလည်း ကိုယ့်ဘ၀မှာ မပါမဖြစ် ဖြစ်လာရပြီလေ.. ဒီတော့ ချစ်သူကို ကော်ဖီတစ်ခွက်လို ကိုယ်တန်ဖိုးထားတယ် ကိုယ့်ဘ၀အတွက် အရေးပါတယ်လို့ ဆိုရင် ချစ်သူကျေနပ်နိုင်မှာလား..


ကော်ဖီဟာ စွဲလမ်းစေတတ်တဲ့အရာမို့လို့ ကော်ဖီကိုဖြတ်ဖို့ ကိုယ်အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်.. ကော်ဖီများများသောက်ရင် အိပ်မပျော်စေတာ ရင်တုန်စေတာ စတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ တစ်ခြား ဆိုးကျိုးတွေလဲ ရှိတယ်လို့ ကိုယ်သိထားတာကြောင့်လဲ ဖြတ်ဖို့ကြိုးစားခဲ့တာပါ.. ကိုယ့်ဘ၀ကို ကော်ဖီမပါဘဲများ ရပ်တည် နေနိုင်မလားဆိုပြီး နေကြည့်မိပါတယ်.. ဒါပေမဲ့ ဘယ်လိုမှ မအောင်မြင်ပါဘူး.. အချိန်တန်ရင် ကိုယ့်လက်တွေက ကော်ဖီခွက်ဆီ ရောက်ရောက်သွားတတ်သလို ကော်ဖီမသောက် ဖြစ်အောင် နေမိတဲ့ ရက်တွေဟာ ကိုယ့်အတွက် ဘယ်လိုမှ နေပျော်ချင်စရာ မကောင်းခဲ့ပါဘူး.. ဒါကြောင့်လဲ ကိုယ်သေချာသိတာက ကော်ဖီနဲ့ ကင်းကွာပြီး ကိုယ်ဘယ်လိုမှ နေလို့မဖြစ်တော့ဘူး ဆိုတာပါဘဲ..


ကိုယ်ချစ်တဲ့ သူကိုလည်း ဒီတိုင်းပါဘဲ… အချစ်ဆိုတာကိုလည်း ကိုယ်က သိပ်ကြောက်မိပါတယ်.. ချစ်မိလို့ နာကျင် ခံစားရမှာကို မလိုချင်ဘူး… တစ်ယောက်ယောက်ကို သံယောဇဉ်တွယ်မိတာမျိုးလဲ မဖြစ်ချင်ပါဘူး.. ဒီတော့ ချစ်သူကို မချစ်မိအောင် ကိုယ်ကြိုးစားပါတယ်.. ချစ်သူနဲ့ အဝေးဆုံးမှာ နေဖြစ်အောင် ကြိုးစားမိတာ အကြိမ်ကြိမ်ပါ.. နောက်ဆုံးတော့ ချစ်သူနဲ့ ဝေးဖို့ ဘယ်လိုဘဲ ကြိုးစားမိပေမဲ့ ကော်ဖီလိုပါဘဲ … ဘယ်လိုဖြတ်ဖြတ် ဖြတ်မရတဲ့နောက် ချစ်သူဟာ ကော်ဖီလို ကိုယ့်ဘ၀မှာ မရှိမဖြစ် ဖြစ်လာရတော့တာပါဘဲ.. ဒီတော့ ကော်ဖီ သောက်တဲ့အခါ ကော်ဖီရဲ့ ဆိုးကျိုးတွေကို သိသိကြီးနဲ့ သောက်မိသလို၊ အချစ်ကြောင့် နာကျင်ခံစားရမှာကို သိသိကြီးနဲ့ ချစ်သူကို ချစ်နေမိတော့တာပါဘဲ…


ကော်ဖီကို ကြိုက်မိတော့ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို တွေကို မကြောက်မရွံ့ လက်ခံရတော့မှာ ဖြစ်သလို ချစ်သူနဲ့ပါတ်သက်ရင်လည်း သူရဲ့ ကောင်းကျိုး ဆိုးကျိုး အားလုံးကို လက်ခံရတော့မှာပါဘဲ.. ကိုယ်ကတော့ ကိုယ်ချစ်ရတဲ့သူကို ကော်ဖီလေးတစ်ခွက်လို မြတ်နိုးမိပါရဲ့… ကိုယ့်လက်ထဲမှာ ကော်ဖီခွက်လေးရောက်လာရင် ကုန်သွားမှာစိုးလို့ တစ်စိမ့်စိမ့်နဲ့ ဇိမ်ဆွဲပြီး သောက်တတ်သလို ချစ်သူ ကိုယ့်အပေါ်ထားတဲ့ ချစ်ခြင်းတွေကိုလဲ လက်ထဲက ကော်ဖီခွက်ကလေး ကုန်သွားမှာစိုးသလို စိုးမိပါတယ်.. ဘာကြောင့်ဆိုတော့ ချစ်သူရဲ့ ချစ်ခြင်းဟာ မနက်ခင်းရဲ့ ကော်ဖီခွက်လေးလို ကိုယ့်ဘ၀မှာ မရှိမဖြစ် မဟုတ်ပါလားကွယ်..


သေချာတာတစ်ခုကတော့ ကိုယ်ချစ်သူ နာကျင်ခံစားရမှာ၊ စိတ်ဒဏ်ရာရမှာ၊ ၀မ်းနည်းပူဆွေးမှာကို ဘယ်သူက မြင်ချင်ပါ့မလဲနော်.. ချစ်သူ တစ်ခုခုခံစားရမယ်ဆိုရင် နှစ်သိမ့်ပေးချင်တယ် ဖြေဖျောက်ပေးချင်တယ်.. အနားနားမှာ အားပေးချင်တယ်.. ဒါတွေဟာ အချစ်စိတ်ကြောင့်ဆိုတာ ငြင်းပယ်လို့ မရပါဘူး.. လူတိုင်းကတော့ ကိုယ်ချစ်သူ ပျော်ရွှင်တာ၊ အဆင်ပြေတာကိုသာ မြင်ချင်ကြားချင်သူတွေကြီးဘဲ မဟုတ်ပါလား… ဒီတော့ ချစ်သူရေ ၀မ်းနည်း အားငယ်တဲ့အခါ နာကျင်ကြေကွဲတဲ့အခါ ကိုယ့်ကိုသတိရပါ… ကိုယ်နှစ်သိမ့်ပါ့မယ်.. ချစ်သူလက်ကို တင်းတင်း ဆုပ်ကိုင်လို့ ကမ္ဘာမြေတစ်ဆုံး မမောတမ်း လျှောက်ကြမယ်လေ.. မောတဲ့အခါ ကိုယ်က ချစ်သူပုခုံးမှာ မှီပြီး အပန်းဖြေမှာပေါ့.. ချစ်သူကတော့ ကိုယ့်မျက်နှာကို ငေးမောလို့ အပန်းဖြေပေါ့နော်.. ကိုယ်အလှဆုံး ပြုံးပြမှာပေါ့ကွယ်..



ပန်းနုနှင်းဆီ

ကွဲကြေ


ညနေပိုင်း အလုပ်တွေပြီးဆုံးလို့ ကွန်ပျူတာဖွင့်ပြီး သူမရဲ့ ကိုယ်ပိုင် အီးမေလ်းလေး ဖွင့်လိုက်စဉ် ချစ်သူ
ထံမှ အီမေလ်းလေး ရောက်နေကြောင်း တွေ့လိုက်ရ
တော့ လက်ခနဲ ပြုံးလိုက်မိရင်း ကြည်နူးသွားရသည်။
သူမရဲ့ တစ်နေ့တာ ပင်ပန်းနေသမျှ ဒီအီးမေလ်းလေး
တစ်စောင်က ပြေပျောက်သွားစေနိုင်လောက်အောင်
အစွမ်းထက်လှပါသည်....
ချစ်သူဆီက အီးမေလ်း မဖတ်ရသည်မှာလည်းကြာခဲ့
ပြီဖြစ်သည်။
သူမနှင့်ချစ်သူက တစ်နိုင်ငံစီဝေးကွာနေတာမို့ အဆက်အသွယ် ဆိုသည်မှာ တစ်ခါတစ်ရံ ဖုန်းနှင့် ပြောဖြစ်ခြင်းနှင့် အွန်လိုင်းပေါ်မှာ ဆုံပြီး စကားပြောခြင်းလောက်နှင့်သာ ကျေနပ်နေခဲ့ရသည်။ အွန်လိုင်းပေါ်မှာလည်း အချိန်တိုင်း တွေ့ဆုံနိုင်သည် မဟုတ်ပါဘဲ ချစ်သူ တာဝန်ထမ်းဆောင်သည့် သဘောင်္ စင်္ကာပူဆိပ်ကမ်းသို့ ဆိုက်ကပ်ချိန်မှသာ အချိန်အနည်းငယ် စကားပြောခွင့် ရပါသည်။

သူမ သူငယ်ချင်းများစွာက ပြောခဲ့ဖူးပါသည်.. ချစ်သူသည် မျက်နှာများသည်တဲ့.. ထို သတိပေးစကားတို့ကို ဥပက္ခာပြုကာ အရာရာအားလုံးကို ခွင့်လွှတ်နိုင်အောင် သူမ ကြိုးစားခဲ့ပါသည်။ ချစ်သူ စိတ်ချမ်းသာစေချင်စိတ်၊ သူမကိုယ်တိုင်လည်း ရုန်းထွက်ဖို့ ခက်ခဲသော အချစ်စိတ်တို့ဖြင့် ဒီဇာတ်လမ်းကို ဆက်ကနေခဲ့မိခြင်းပါ။ တစ်ပတ်တစ်ခါ အွန်လိုင်းမှာ chatting နှင့် စကားပြောဖြစ်ချိန်တွင် သူမရေးသမျှကို အလျှင်မှီအောင် မပြန်နိုင်သော သူ့ကို အလုပ်များလွန်းလို့ နေမှာပါဟု ဖြေတွေး တွေးခဲ့ ပေမယ့် တကယ်တမ်းတော့ မဟုတ်နိုင်ဘူးလို့လည်း သူမစိတ်ထဲ ထင်နေခဲ့ပြန်သည်။ သူ့မှာ သူမနှင့်အပြိုင် စကားပြန်ပြော နေရသူ ဘယ်နှယောက်များ ရှိနေမှာပါလဲ… သူ့စာပြန်အရိုက်ကို စိတ်ရှည်လက်ရှည်စောင့်ရင်း သူမကိုယ်ကိုယ် သိမ်ငယ်စိတ်များစွာ ၀င်ခဲ့မိသည်မှာလည်း အကြိမ်ကြိမ်ပင်… ချစ်သူရဲ့ ဦးစားပေးစာရင်းထဲမှာ ဘယ်ချိန်မှ သူမ ပါဝင်ခွင့် ရမည်လဲ.. ဆိပ်ကမ်းကပ်လို့ ဖုန်းလိုင်းမိလျှင် ဖုန်းဆက်ပါပြောတိုင်း အလုပ်များသည်ဟူသော အကြောင်းပြချက်နှင့် ဘယ်သောခါမှ သတိတရ ဖုန်းမခေါ်တတ်ခဲ့ သူမှာ သူမချစ်သူဖြစ်ပါသည်။


ညနက်သန်းကောင် သူမ အိပ်ပျော်နေလျှင်တော့ တစ်ခါတစ်ရံ သူဖုန်းခေါ်တတ်ပါသည်။ ချစ်သူထံမှ လာသောဖုန်းအတွက် ညနက်သန်းကောင်ဖြစ်စေ သူမနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလျှင်ဖြစ်စေ ဘယ်သောခါမှ မငြူစူ တတ်ခဲ့ပါ.. ပျော်ရွှင်စိတ်လှုပ်ရှားစွာနှင့် ဖုန်းကို ကောက်ကိုင်ကာ တုန်တုန်ရီရီ ပြန်ထူးဖြစ်ခဲ့သည်သာ.. အွန်လိုင်း တက်လာနိုင်မလား မေးတိုင်း မဖြစ်နိုင်ဘူးဟု သူမဘက်က ဘယ်ခါမှ မငြင်းဆိုနိုင်အောင် ချစ်သူထံမှာဘဲ သူမစိတ်အာရုံတစ်ခုလုံး နှစ်မြုပ်ထားခဲ့တာပါ… တစ်ခါတစ်ရံ သူနှင့် စကားပြော အဆင်မပြေ ဖြစ်လို့ သူမစိတ်ထိခိုက်စွာ စောစောစီးစီး အွန်လိုင်းမှ ထွက်လာခဲ့မိလျှင်တောင် နောက် တနေ့ သူ့ဆီက ဖုန်းလေးတစ်ချက်ဆက်ကာ အွန်လိုင်းတက်လာပါ ပြောရုံနှင့် ပြန်ချော့စရာ မလိုအောင် သူမဘက်က အေးဆေးစွာ အရာရာ ကြေလည်သွားခဲ့ရပြီး အွန်လိုင်းပေါ် ပြန်ရောက်လာခဲ့မိသည်သာ။ ပြီးတော့ သူမချစ်သူက သူမျက်နှာများတာ သူမနှင့် မတွေ့ ခင် က ဟုဆိုပါသည်.. ယခုချိန်တွင်တော့ သူမမှ လွဲ၍ အခြားသူမရှိတော့ပါဟု ပြောလာသောစကားများကို ချစ်သည့်စိတ်နှင့် သူမ ယုံကြည်ပေးခဲ့ပါသည်။



သူမ သူငယ်ချင်းအားလုံးက ထူးဆန်းအံ့သြစွာ ၀ိုင်းမေးခဲ့ဖူးသည်.. ဒီလောက်မျက်နှာ များတဲ့သူကို နင်ဘာကြောင့် ဒီလောက်ချစ်နေတာလဲ.. ဘာဖြစ်လို့ ဒီလောက် သီးခံနေတာလဲ.. သူ့မှာ ဘာတွေများ နင့်အတွက် မက် မော တန်ဖိုးထားစရာရှိနေလို့လဲ.. စတဲ့ မေးခွန်းများစွာ… မေးခွန်းများအတွက် သူမမှာ အဖြေမရှိပါ.. လူတစ်ယောက်ကို ဘာကြောင့် ချစ်မိလဲ .. သူမမဖြေတတ်ပါ.. ဘာလို့ဒီလောက်သီးခံနေလဲ ဆိုသည့် မေးခွန်းအတွက်တော့ ချစ်လွန်းလို့ပေါ့ ဆိုတာကလွဲလို့ ဖြေ စရာ မရှိပါ.. သို့သော် ဒီစကားကိုတော့ သူမရင်ထဲကသာ ပြောဖြစ်ခြင်းပါ.. ပါးစပ်က ထုတ်ပြောလျှင် သူမသူငယ်ချင်းတွေက အားမလို အားမရနှင့် ၀ိုင်းပြောကြဦးမည်.. ဘာတွေများ မက်မော တန်ဖိုးထားစရာရှိနေလို့လဲ ဆိုသည့်အမေး အတွက်တော့ ချစ်မိလျှင် ကိုယ့် ချစ်သူကို တန်ဖိုးထားမိတာဘဲ မဟုတ်ဘူးလား.. ချစ်သူမှာ ဘာ ဂုဏ်ပကာသန ရှိလို့မှ မဟုတ်ဘဲ ချစ်လို့ကို တန်ဖိုးထားမိခြင်းသာ ဖြစ် သည်လို့ သူမယူဆပါသည်.. သူငယ်ချင်းများနှင့်တော့ စိတ်ချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင် ပါလိမ့်မည်.. ချစ်သူဆီမှာတော့ ဘာမှ မက်မောစရာမရှိလည်း သူမက ချစ်မိပါသည်.. တန်ဖိုးထားချင်မိပါသည်… အကြောင်းပြချက်မရှိဘဲလည်း ချစ်မိပါသည်…

ချစ်သူနှင့်လည်း အရင်ကလို တစ်ပတ်တစ်ခါ အွန်လိုင်းမှာ ဆုံတွေ့ခွင့်တောင် မရှိ တော့တာ ၃လနီးပါးကြာမြင့်ခဲ့ပြီဖြစ်သည်.. သူအလုပ်လုပ်နေသော သဘောင်္လိုင်းမှ အခြားနိုင်ငံ ဘက်ကို လိုင်းပြောင်းလိုက်ရသဖြင့် အခွင့်သင့်မှသာ သူမဆီ အီးမေလ်းပို့ခြင်း ဖုန်းဆက်ခြင်းကို လုပ်နိုင်တော့သည်… သူ့သင်္ဘော ဆိပ်ကမ်းကပ်ချိန်သည် သူမ ရောက် နေသော အရပ်တွင် ညသန်းကောင်ကျော် ဖြစ်နေသောကြောင့်လည်းကောင်း နေ့လည်ပိုင်း အလုပ်များချိန် ဖြစ်နေ၍ သော်လည်း ကောင်း သူမနှင့် လွှဲချော်နေတတ်သဖြင့် သူနှင့် စကားမပြောဖြစ်ခဲ့သည်မှာလည်း ကြာခဲ့ပါပြီ.. သို့သော် အခွင့်သာလျှင် သူဖုန်း ဆက်လိမ့်မည်.. အီးမေလ်းပို့ထားလိမ့်မည် ဟူသော မျှော်လင့်ချက်တို့ဖြင့် သူမချစ်ခြင်းတို့ အရောင်တောက်ပနေခဲ့သည်သာ.. သူမရဲ့ အချိန်တွေကိုတော့ လွမ်းဆွတ်ခြင်း မီးလျှံတို့က တစ်တိတိ ၀ါးမြိုနေခဲ့သည်..


ခုညတော့ သူမမျှော်လင့်နေသော ချစ်သူထံမှ အီးမေလ်းရောက်နေပြီ..


Inbox ထဲမှာ ချစ်သူရဲ့ မေလ်းလေးကို ဖွင့်လိုက်စဉ်တွင် သူမကိုယ်တိုင် သတိမထားမိသော်လည်း သူမမျက်လုံးလေးများက အပြုံးလဲ့လဲ့ကလေးဖြင့် လင်းဖြာရွှန်းမြ နေခဲ့သည်.. သူမနှုတ်ခမ်း ခပ်ကော့ကော့လေးမှာ အပြုံးဝတ်မှုံတွေကို သုတ်လိမ်းလို့… ကျေနပ်ခြင်း ပျားရည်စတို့က မျက်နှာပြင်အပြည့်.. အပျော်တွေက ဘာနှင့်မျှ နှိုင်းယှဉ်စရာ မရနိုင်အောင် ရင်ခွင်တစ်ခုလုံးကို ဆို့ပိတ်ဖုံးလို့ပါဘဲ…





နှင်းရေ..


မောင့်ကို ခွင့်လွှတ်ပါလို့ မတောင်းဆိုချင်ပါဘူး… ကြိုတင်ပြီး မပြောပြဖြစ်ခဲ့တာ မောင့်အပြစ်ပါ.. နှင်း မောင့်ကို သိပ်ချစ်တယ်ဆိုတာ ရင်ထဲက လှိုက်လှဲစွာ ယုံကြည်ပါတယ်.. ဒါပေမဲ့ မောင် မပြောသွားခဲ့ရင် မျှော်လင့်ချက်တွေနဲ့ နှင်းကျန်နေခဲ့မှာ မောင်မလိုလားပါဘူး.. နှင်းအချစ်တွေကို မောင်နားလည်တယ်.. လေးလဲ လေးစားပါတယ်.. ဒါကြောင့် အမှန်ကို မောင်ဖွင့်ပြောရမှာပါ.. မောင် နောက်တစ်ပတ်မှာ အလုပ်စာချုပ်စေ့လို့ ခုရောက်နေတဲ့ သင်္ဘောကနေ မြန်မာပြည်ပြန်တော့မယ်.. 
မြန်မာပြည်ပြန်ရောက်ရင် မောင်လက်ထပ်ရတော့မယ်.. ဟိုမှာ အိမ်က အားလုံးစီစဉ်ပြီးနေပြီ.. မောင့်အနေနဲ့ မငြင်းလို့ နှင်းအပြစ်တင်မယ် ဆိုရင်လဲ ခံရမှာပါဘဲ.. မောင်လက်ထပ်ရမဲ့သူနဲ့ မောင်နဲ့က စေ့စပ်ထားတာ ကြာပါပြီ.. သူက ငယ်သူငယ်ချင်းလဲ ဖြစ်တော့ မောင်သံယောဇဉ်လဲ ရှိပါတယ်.. မောင့်အပေါ် အရမ်းကောင်းပြီး အနွံအတာလည်း ခံနိုင်လွန်းပြီ. အရာရာကို နားလည်နိုင်လွန်းတဲ့သူ တစ်ယောက်ပါ.. ဒါပေမဲ့ နှင်းကိုချစ်ခဲ့မိတယ်ဆိုတာလည်း အမှန်ပါဘဲနှင်းရယ်.. မောင်လိမ်ညာခဲ့တာ မဟုတ်ပါဘူး… လက်ထပ်ရမဲ့ ကိစ္စကို နှင်းကို ပြောမထွက်ရက်ခဲ့တာပါ.. နှင်းနာကျင် ကြေကွဲရမယ် ဆိုတာ မောင်သိပါတယ်.. ဒါပေမဲ့ မောင်ဘယ်လိုလုပ်ရမလဲနှင်းရယ်.. ဟိုဘက်မှာလဲ မောင်ငြင်းမရနိုင်တဲ့ အကြောင်းတရားတွေ ရှိနေလို့ပါ.. နှင်းကို ချစ်ခဲ့ခြင်း အတွက်တော့ မောင့်မှာ အပြစ်ရှိခဲ့ပါတယ်.. စောစောစီးစီး ဖွင့်မပြော ဖြစ်ခဲ့တာကိုလည်း ခွင့်မလွှတ်ပါနဲ့နှင်းရယ်.. မောင့်ကို စိတ်နာပြီး မုန့်မေ့နိုင်အောင်ကြိုးစားလိုက်ပါနော်.. နှင်းမောင့်ကို စိတ်နာပြီဆိုရင် မေ့ဖို့လွယ်မှာပါ..


ကြိုးစားပြီး မေ့လိုက်ပါနော်..
မောင့်ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး… နှင်း ပျော်ရွှင်ချမ်းမြေ့ပါစေ…
ချစ်ခဲ့တဲ့
မောင်


စာကို ဖတ်နေရင်း ကွန်ပြူတာ မောက်စ်ကို ကိုင်ထားသော သူမလက်တို့ တစ်ဆတ်ဆတ် တုန်ရီလာသည်.. လူတစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်လာသော အသိကို မိမိကိုယ်တိုင် ပြန်ခံစားလိုက်ရသည်.. ခန္ဓာကိုယ်မှ အပူရှိန်သည် တစ်ငွေ့ငွေ့တက်လာသည်.. သူမ မျှော်လင့်သည်က ပျော်ရွှင်စရာ စာလေးတစ်စောင်ဖြစ်လိမ့်မည်ဟုသာ.. ခုတော့ ချစ်သူရဲ့ လမ်းခွဲ နှုတ်ဆက်တဲ့စာ.. ရင်ထဲမှာ တစ်ခုခုက ဆို့တက်လာသလို ချက်ခြင်း အသက်ရှုကြပ်လာသည်.. ရှက်ရွံ့ခြင်း၊ နာကျင်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ပူပြင်း လောင်မြိုက်ခြင်းတို့ဖြင့် ကိုယ်ခန္ဓာသည် မီးလို ပူနေတော့သည်.. ခုချိန်မှာ တစ်စုံတစ်ယောက် အခန်းထဲ ၀င်မလာပါစေနှင့်လို သူမ ဆုတောင်းလိုက်မိသည်.. ဆို့ကြပ်နေသော ရင်ခွင်တစ်စုံနှင့် သူမပါးစပ်က ဘာစကားသံမှာ ထွက်မလာနိုင်မည်မှာ သေချာလွန်းလှသည်.. ခုချိန် သူမအတွက်အလိုအပ်ဆုံးအရာက လေ.. သန့်ရှင်းလတ်ဆတ်သော လေ.. သူမအသက်ရှုမ၀တော့..


အခန်းနှင့်တစ်ဆက်တည်း ၀ရံတာ တံခါးကိုဖွင့်၍ အပြင်ထွက်ရပ်လိုက်ရင်း လေကို အငမ်းမရ ရှူရှိုက်လိုက်မိတော့လည်း ဆို့ကြပ်နေမှုက လျော့ပါးမသွားခဲ့… လူတစ်ကိုယ်လုံး ဆောက်တည်ရာ ရှာမရအောင် အမှီအတွယ်မရှိ လွင့်မျောနေသလိုလို… ခုချိန်မှာ သတိလစ်သွားလျှင်ကောင်းမည်.. သူမ အသိအာရုံထဲ ဘာကိုမှ မရှိနိုင်တော့ .. ကွန်ပြူတာ စခရင်ပေါ်က စာလုံးလေးတွေသာ သူမအာရုံတစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပြီ.. အော်.. သူနဲ့ စေ့စပ်ထားသူက သူ့အပေါ် သိပ်နားလည်ပြီး သိပ်ကောင်းလွန်းနေပါတယ် တဲ့လား.. ကိုယ်ချစ်တဲ့ သူက တစ်ခြားမိန်းခလေးတစ်ယောက်ကို ချီးကျူးထားတာကို သူမ ဘယ်လိုအင်အားနဲ့ ခံနိုင်ရည်ရှိပါ့မလဲ…. သူမကရော သူ့အပေါ် ထိုတစ်ယောက်လောက် မကောင်းနိုင်ခဲ့ဘူးတဲ့လား... သူ့ကိုချစ်ခဲ့ခြင်းသည် နှလုံးသားမှာ ခိုင်မာစူးနစ်စွာ ချစ်ခဲ့မိခြင်းသာ.. စိတ်လှုပ်ရှား စိတ်ကစားသည့်အရွယ်လဲ မဟုတ်တော့သည်မို့ အပေါ်ယံသက်သက် အချစ်မျိုး မဟုတ်ခဲ့တာ၊ သူမရဲ့ နက်ရှိုင်းသော ငြိတွယ်မှုကို သူမကိုယ်တိုင်အပြင် သူလည်း သိခဲ့မှာပါ.. သိရက်နဲ့ သူမကို လိမ်ညာရက်ခဲ့သည်… အမှန်တရားကို စောစီးစွာ ဖွင့်မပြောခဲ့..


အိုး… အလဲလဲ အကွဲကွဲပါဘဲ.. စာလေးတစ်စောင်က သူမနှလုံးသားတစ်ခုလုံးကို မွမွကြေစေနိုင်သည်တဲ့လား.. မယုံချင်စရာကောင်းလိုက်တာ.. ၀ရံတာလေးမှာ ဆက်လက် ရပ်တည်ဖို့ မစွမ်းသာတော့သဖြင့် ထိုင်ချလိုက်မိတော့သည်။ ဘယ်ဘက်ရင်ဘတ်က စူးစူးရှရှအောင့်လို့လာသည်.. ဆိုးဝါးလိုက်တာ.. ပါးစပ်ကိုဖွင့်ဟကာ လေကို ခက်ခဲစွာ ရှုသွင်းလိုက်ရသည်.. ငိုစမ်း… ငိုချလိုက်စမ်း… မိမိကိုယ်ကို သတိပေးနေမိသော်လည်း.. မျက်ရည်တို့က ကျဆင်းမလာခဲ့.. ငိုလိုက်လျှင်တော့ ခံစားရတာ အနည်းငယ်တော့ သက်သာသွားနိုင်မည် ထင်သည်.. ခုတော့ မျက်ရည်လဲမကျနိုင်.. ရင်ခွင်တစ်ခုလုံးလဲ ဘာမှန်းမသိသောအရာတွေ ဆို့ကျပ်လို့ နေနေသည်.. ဘာလုပ်ရမည်လဲ ..သူမတစ်ခုခုလုပ်မှ ဖြစ်တော့မည်.. မဟုတ်ရင် ချက်ခြင်းရူးသွားနိုင်သည်..


ထို့နောက်တော့ အခန်းထဲပြန်ဝင်လာပြီး သူမ မှန်တင်ခုံပေါ်မှ ပစ္စည်းများအားလုံးကို စိတ်ရှိလက်ရှိ လွှင့်ပစ်လိုက်မိတော့သည်.. ရေမွှေးပုလင်းများ မိတ်ကပ်ဘူးများ လက်သည်းနီ၊ လိုးရှင်း စသည့်ပစ္စည်းများအားလုံး အုတ်နံရံဆီ လွှင့်စင်ကြကုန်ပြီး အဖိတ်ဖိတ် အစင်စင် အလဲလဲအပြိုပြိုနှင့် ကွဲသည့်ပုလင်းများ ကွဲကုန်သည်.. တစ်ခန်းလုံးလည်း ရေမွှေးနံ့များ မိတ်ကပ်နံ့များတို့ဖြင့် မွန်းထုံသွားတော့သည်။ ကွဲနေသော ပုလင်းစများကို ကြည့်ရင်း ထိုကွဲကြေနေသော အပိုင်းအစများသည် သူမ၏နှလုံးသား အစိတ်အပိုင်းများဟုသာ့ မြင်နေမိတော့သည်. ဘာကြောင့်ဆို ချစ်သူဆီမှ ရောက်လာသော အီးမေလ်းတစ်စောင်ကြောင့်လည်း သူမနှလုံးသားတစ်ခုလုံး မွမွကြေသွားခဲ့ရပြီ မဟုတ်ပါလားလေ။ သူမလက်ကိုင်ဖုန်းလေးကိုပါ တုန်ရီနေသော လက်အစုံနှင့်ကောက်ကိုင်ကာ လွှင့်ပစ်မည်ပြင်ပြီးကာမှာ ဖုန်းscreen ပေါ်က ပြုံးရယ်နေသော ချစ်သူ့မျက်နှာလေးကို မြင်လိုက်ရ၍ တန့်ခနဲဖြစ်ကာ လက်တွန့်သွားတော့သည်။ အပြစ်ကင်းစွာ ပြုံးနေသော သူ့မျက်နှာလေးက သူမကို နာကြင်ကြေကွဲအောင် လုပ်မဲ့သူရယ်လို့ မထင်ရက်စရာ.. သူ့အပြုံးလေးကို ချစ်လွန်းလှ၍ သူနှင့်တွေ့တိုင်း ပြုံးပြစမ်းပါ ဟု သူမ မကြာခန တောင်းဆိုခဲ့ဖူးသည်.. ခုတော့ ထိုအပြုံးလေးနှင့် ရာသက်ပန်ဝေးလေပြီ.. ထိုအပြုံးသည် သူမအတွက် မဟုတ်နိုင်တော့ပေ.. ဖုန်း Screen ပေါ်က ချစ်သူ့မျက်နှာလေးကို ငေးစိုက်ကြည့်နေရင်းမှဘဲ သူမပါးပြင်ပေါ် မျက်ရည်များ တစ်လိမ့်ချင်း ကျဆင်း လာတော့သည်… ထို့နောက်တော့ မျက်ရည်စများအဆက်မပြတ် တစ်လိမ့်လိမ့်နှင့်.. နောက်ဆုံးတော့ ရှိုက်ကြီးတငင် သူမ ငိုကြွေးနေမိပါတော့သည်..




ပုလင်းကွဲတစ်စ ထိရှသွားခဲ့သော သူမ၏လက်ညိုးတွင်လည်း ရဲရဲနီသော သွေးတို့က တစ်စိမ့်စိမ့် စီးကျလာနေသော်လည်း တစ်ခုခုလုပ်ဖို့ သူမ မစဉ်းစားမိနိုင်တော့.. ရနံ့ပေါင်းစုံဖြင့် ကြိုင်လှောက်နေသော အခန်းထဲမှာတော့ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသော နှလုံးသားတစ်စုံနှင့် သူမ၏ တဒင်္ဂ ရူးသွပ်ခြင်းများသာ ကျန်နေခဲ့တော့သည်.. ဟုတ်ပါသည် ခုချိန်မှာတော့ သူမသည် အရူးတစ်ယောက်နှင့် မခြား.. သူမစိတ်အာရုံအားလုံး မှောင် အတိကျသွားခဲ့ပါပြီ.. ဆိုင်သူ ရှိနှင့်နေသောသူကို ချစ်ခဲ့မိသည့် ချစ်ခြင်းအတွက် သူမ ကိုယ် သူမ ရှက်ခဲ့မိပါသည်… ကြုံဆုံလာသည့် ကံတရားကိုလည်း ဘယ်အညှိုးကြောင့် ဖန်ဆင်းလေသလဲဟု နာကျည်းမိပါသည်.. စာလေး တစ်စောင်နှင့် နှုတ်ဆက်လမ်းခွဲသွားသော ချစ်သူကိုတော့ သူမအပြစ်မတင်ချင်ပါ.. ရင်ခွင်တစ်ခုလုံး စူးရှနာကျင်နေရင်းနဲ့ သူ့ကို ချစ်သည့်အချစ်တွေ လွယ်လွယ်နှင့် ဖျောက်ဖျက်ဖို့ မဖြစ်နိုင်မှန်းလည်း သူမဖာသာ သိနေသည်မို့ ၀ဋ်ကြွေးတစ်ခုလိုသာ သူမဘ၀ကို အလွမ်းတွေ၊ နာကျင်မှုတွေကြားက လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရပါဦးမည်.. ချစ်သူနှင့် သူမတို့ကြား ရှိခဲ့ဖူးသော အမှတ်တရ များစွာကိုလည်း မေ့နိုင်ဖို့တော့ လွယ်ကူမည်မထင်.. သို့သော် သူမကြိုးစားရပါလိမ့်မည်.... အချိန်အတိုင်းအတာ တစ်ခုအထိတော့ သတိရနေခွင့်ပေးပါ ချစ်သူရေ… ခုချိန်မှာတော့ သူမနှလုံးသား တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ တစ်စစီ ကွဲကြေ……..






ပန်းနုနှင်းဆီ

ချစ်သူသိစေ..


ချစ်သူရေ
မင်းနဲ့ငါကြားက
ခပ်ပါးပါးအမှားတစ်ခုက
ပြင်မရအောင် ကြီးကျယ်လာခဲ့ပြီ
လမ်းခွဲတယ်ဆိုတဲ့စကား
နှုတ်ဖျားလေးကနေ
ဘယ်သူက လွယ်လွယ်နဲ့များ
ပြောထွက်ချင်ပါ့မလဲကွယ်..

လိုအပ်လို့ပြောတယ်ဆိုပေမဲ့
ငါ့နှလုံးသားတစ်ခုလုံး နာကျင်ပဲ့ကြွေရတာပါဘဲ..
ကိုယ့်ဖော်တဲ့အဆိပ်ကိုယ်ပြန်မျိုရသလို
ငါ့ရင်ခွင်တစ်ခုလုံး အဆိပ်သင့်ခဲ့ပေါ့
တစ်မြေ့မြေ့ပါဘဲ ကျွမ်းလောင်နေခဲ့တယ်..
ငါ့ရဲ့ညတွေ အိပ်မပျော်ခြင်းနဲ့ မိုးလင်းသွားတာ
မင်းသိမှာမဟုတ်ဘူး ချစ်သူ..

ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့
ဇာတ်ဆရာတစ်ယောက်ရဲ့ အညွှန်းဟာ
ဖွာရရာကျဲပြီး အံလွဲနေခဲ့တာ
စကတည်းကပါဘဲ…
မှားနေမှန်းသိနေခဲ့ပေမဲ့
ချိုမြိန်တဲ့ အသံလေးတစ်စုံအောက်မှာ
ရင်ခုန်စွာပျော်ဝင်ခဲ့တယ်..

ပူလောင်လွန်းနေတယ်
အမှောင်ချထားတဲ့ ငါ့အခန်းထဲမှာ
ချစ်သူရဲ့ စကားသံကလွဲလို့
ဘာသံမှ ငါမကြားလိုဘူး.
ခါးသက်သက် အိပ်ပျက်ညတွေက
မနက်မိုးလင်းချိန်ကို ကြောက်နေမိတယ်..

အိပ်မပျော်ပေမဲ့ မအိပ်ဘဲ မက်နေတဲ့
ဒီအိပ်မက်ကိုဘဲ
ထပ်တလဲလဲ ပြန်တမ်းတတယ်..
အော်.. တကယ်တမ်းတော့
လမ်းခွဲတယ်ဆိုတာ
မုန်းလို့ မဟုတ်သလို
မချစ်လို့လဲ မဟုတ်ဘူးဆိုတာ
ချစ်တဲ့သူ နားလည်မယ်ဆိုရင်
ငါ့နှလုံးသားတစ်စုံနဲ့
ရင်ခုန်တတ်ခဲ့ခြင်းအားလုံး
ဘာကြောင့်စတေးပစ်ရတယ်ဆိုတာ
မင်းသိပါစေလို့ တိတ်ဆိတ်စွာ
ဆုတောင်းလိုက်ပါတယ်.. အဝေးက ချစ်သူရေ။




ပန်းနုနှင်းဆီ

အလွမ်းညများ


မဲမှောင်တိတ်ဆိတ်လို့ ငြိမ်သက်လွန်းတဲ့ ညလေးတစ်ညပါပဲ.. ခပ်ဝေးဝေး မှာတော့မြို့ကလေးရဲ့ နီယွန်မီး အလင်းရောင်တို့က မှုံပျပျ လေး မြင်နေရဆဲ.. သန်းခေါင်ကျော်နေပြီမို့ မီးတော်တော်များများ ကတော့ မှိတ်ကုန်ပြီ.. ကောင်းကင်မှာတောင် ကြယ်တစ်ချို့က မလင်းတလှည့် လင်းတလှည့်.. ပုဏ္ဏမာ လစန္ဒာကတော့ ခပ်ကွေးကွေးလေးနဲ့ သူမကို တိတ်ဆိတ်စွာ ပြုံးပြလို့နေခဲ့သည်။ လေပြေနုထွေး အေးအေးလေးကလည်း အိမ်အပေါ်ထပ် ၀ရန်တာလေးကနေ နက်မှောင် တိတ်ဆိတ်နေတဲ့ ပြင်ပလောကကြီးကို ထွက်ကြည့်နေသော သူမကို ၀မ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လို့ ကလူကျီစယ် နေကြပြန်ပါသည်။ ဒီတစ်ညလည်း သူမ အတွက်တော့ အိပ်ရေးပျက်တဲ့ည.. အအိပ်ခက်တဲ့ညပဲ ဖြစ်နေဦးမည်မှာ သံသယ ရှိစရာမလိုပါ သေချာ လွန်းလှပါသည်.. အိပ်မရတဲ့ညသည် ညတာ ရှည်လျားလွန်းလှသည်ဟု ကြုံဖူးသူအားလုံးက ပြောခဲ့ကြ ပါလိမ့်မည်။ သူမ အတွက်တော့ ရှည်လျားသည့် ညပေါင်းများစွာ မရေနိုင်အောင် ကြုံခဲ့ပြီးသားပါ။

ညတွေမှာ ခုလို အိပ်မပျော်တာ ဘယ်လောက်များပြီလဲ… ပြန်စဉ်းစားမိပြန်တော့ အဖြေက မရေမရာ.. သေချာပင် မမှတ်မိနိုင်တော့အောင် အိပ်ပျက်ညတွေက များလှပြီ.. ဒါမှမဟုတ် အိပ်ရေးပျက်တာ များလို့ သူမ မှတ်ဥာဏ်တွေကပဲ အလုပ်မလုပ်တော့ ဘူးထင်သည်။ ဒီလိုအချိန်တွေမှာ သူမအတွေးထဲ ရောက်နေတာက ချစ်သူမှလွဲ၍ မည်သူမှ မရှိနိုင်အောင် သူမ၏ အသိဥာဏ်အားလုံး မှောင်မိုက်နေခဲ့သည်။ သူမ ချစ်မိသူကရော.... ခုလိုချိန်တွေဆို နှစ်ခြိုက်စွာ အိပ်မောကျနေပါရဲ့လား.. သူမကို သတိတရ ရှိနေလိမ့်မည်လား.. စိတ်ထဲကတော့ မ၀ံ့မရဲလေး မျှော်လင့်နေချင်ပြန်သေးသည်... သို့သော် မသိစိတ်တစ်နေရာကတော့ ချစ်သူသည် သူမကို သတိတရ ရှိနေလိမ့်မည် ဟုလည်း မထင်မိပြန်ချေ...



ချစ်သူကရော ဒီအချိန် အိပ်ပျော်နေရဲ့လား.. ဒါမှမဟုတ် မအိပ်သေးဘဲ နေ့ခင်းက လုပ်လက်စအလုပ် တစ်ခုခုကို အပြီးသတ်နေမလား.. တစ်ယောက်ယောက်နဲ့ ကြာရှည်လေးမြင့်စွာ ဖုန်းပြောနေမလား.. ဒါကိုလဲ သူမက သေချာမသိပါ.. အိုး… အထင်နဲ့ စိတ်မောခဲ့ရတဲ့ နေ့ရက်တွေလဲ များလှပါပြီလေ.. သေချာအောင် သိလိုစိတ်တော့ ဖြစ်မိသားပါဘဲ… အေးစက်စက် ဖုန်းခလုတ်လေးတွေကို လက်နဲ့ တို့ထိကြည့်မိလိုက်တော့ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ အလွတ်ရနေခဲ့သော နံပါတ်တို့ကို နှိပ်ကြည့်ချင်စိတ်က ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည်။


သို့သော်..... သူမ မနှိပ်ရဲပါ..


Busy ဖြစ်နေသော ဖုန်းသံကို ကြားရလျှင် သူမ နာကျင်နေရဦးမည်.. ဒီလိုနဲ့ စိတ်ဆန္ဒတို့ကို သူမ ထိန်းချုပ်လာတတ်ခဲ့တာ ကြာပါပြီ.. ချစ်သူနဲ့ပတ်သက်ပြီး ဘာမှ မသိတာက ပိုပြီးကောင်းပါလိမ့်မည်.. ချစ်သူကို နာကျင်ခြင်း တို့ဖြင့် သူမ မလွမ်းဆွတ်လိုပါ.. သတိမရလိုပါ.. ဒီအတိုင်း ရိုးရိုးလေးသာ တွေးပြီး စိတ်ရှင်းရှင်းဖြင့်သာ သတိရ လွမ်းဆွတ်နေတာက သူမ အတွက် အကောင်းဆုံး ဖြစ်မှာပါလေ။ မျက်လွှာလေးကို မှေးမှိတ်လို့ ၀င်သက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိတော့ သူမစိုက်ပျိုးထားသော စံပါယ်အိုးမှ ပွင့်ဝေစပြုနေသော စံပါယ်ရနံ့တို့က အဆုတ်တွင်းသို့ လတ်ဆတ်စွာ ၀င်ရောက် သွားခဲ့သည်.. မွန်းကြပ်မှုက အနည်းငယ်တော့ သက်သာသွားသလို ခံစားလိုက်မိသည်။


နေ့လည်နေ့ခင်းဆိုလျှင် ချစ်သူကို သတိရမိလျှင်တောင် အလုပ်တစ်ဘက်နှင့်မို့ သိပ်ပြီး မသိသာလှသော်လည်း ညဘက်ချိန်တွေ စိတ်ရော လူပါ အားလပ်ချိန်တွင်တော့ချစ်သူမှ တပါး ဘာကိုမှ သတိမရတော့ချေ။ ဆိတ်ငြိမ်သောညတွေမှာ အိပ်လို့မပျော်နိုင်ဘဲ အဝေးကချစ်သူကို မျှော်မှန်းရင်း တမ်းတမ်းတတ နင့်နင့်သီးသီး လွမ်းဆွတ် သတိရမိခြင်း တွေကသာ သူမ တစ်ကိုယ်လုံးကို လွမ်းခြုံထားခဲ့သည်။ သေချာတာကတော့ နောက်နေ့တွေမှာလဲ သူမ လွမ်းဆွတ်နေမိဦးမည်သာ။ ဘယ်ချိန်ထိ.... ဘယ်ကာလထိ.... လွမ်းဆွတ်နေရ ဦးမည် ဆိုတာတော့ သူမ ကိုယ်တိုင်လည်း မသိနိုင်ပါ။ ဒီလိုဆိုလျှင်ဖြင့် ဒီအလွမ်းတွေကြားက ရုန်းထွက်ပါတော့လားဟု ပြောလာပြန်လျှင်လည်း ရုန်းထွက်ဖို့ အင်အားမရှိသလို ရုန်းမထွက် ချင်လောက်အောင်ကိုဘဲ ဒီအလွမ်းတွေကြားမှာ သူမ နေသားကျနေပါပြီ.. သို့ဆိုလျှင်တော့ ကိုယ့်အပူ ကိုယ်ရှာသည်လို့ အားလုံးက ပြောကြမည်ထင်ပါသည်။ သို့သော် မတတ်နိုင်ပါ။ သူမကတော့ ဒီအလွမ်းတွေမှာ မွေ့လျှော် နေတတ်ခဲ့ပါပြီ။


မမြင်ရသော ဟိုးတောင်တန်းတွေဆီ မှန်းမျှော်ရင်း အမှောင်ထုတွင်းသို့ ငေးစိုက် ကြည့်မိစဉ်တော့ နေ့ခင်းဘက်ဆီတွင် ပြာရီနေသော တောင်စဉ် တောင်တန်းအဆင့်ဆင့် မြင်ကွင်းက အာရုံထဲ ရောက်လို့လာသည်။ သူမက တောင်တန်းတွေကိုချစ်သည်.. တောတောင်တွေကို မြတ်နိုးသည်.. တောင်တန်းတွေပေါရာ အရပ်တစ်ခုမှာ မွေးဖွားလာသူဖြစ်၍လည်း ငယ်စဉ်ကတည်းက တောင်စဉ် တောင်တန်းတွေကို ကြည့်ရင်း ဘယ်ကိုမှန်းမသိ လွမ်းဆွတ်မိတတ်ခဲ့သလို ခုလို အသက်အရွယ် ရလာချိန်မှာလည်း အလွမ်းနှင့် မကင်းနိုင်သေးသော သူမအဖြစ်က တဆိတ်သနားဖို့တော့ ကောင်းနေမည် ထင်သည်။ ချစ်သူရှိရာ အရပ်ကို မှန်းဆရင်း တွေးကြည့်မိပြန်တော့ အမှောင်ထုကလွဲ၍ ဟိုးခပ်ဝေးဝေး တောင်တန်းတစ်ချို့ပေါ်က မှိန်ပြပြမီးရောင်ရဲ့ အလင်းတစ်စကလွဲလို့ ဘာကိုမှ မမြင်နိုင်ပေ။
ချစ်သူရှိရာ အရပ်မှာရော တောင်တန်းတွေရှိရဲ့လား.. သူသည်လည်း ကိုယ့်လို တောင်တန်းတွေ၊ သစ်တောတွေ၊ သစ်ပင်တွေကို မြတ်နိုးတတ်ရဲ့လား.. ဒါကိုလဲ သူမ မသေချာပြန်။ သူကလဲ မပြောခဲ့ဖူးပါ ဒီလိုဆိုလျှင်ဖြင့် သူမ ချစ်သလို သူကရော တောင်တန်းတွေ သစ်တောတွေကို မြတ်နိုး ပါ့မလား.. ချစ်သူနှင့် ပတ်သက်သော အတွေးတွေကလဲ တောင်စဉ်ရမရ..... ထိုစဉ်မှာပဲ လေတစ်ချက် အဝှေ့နှင့်အတူ မိုးစက်ကလေးများ တစ်ဖွဲဖွဲ ကျဆင်းလာတော့ စိမ့်ခနဲ ချမ်း၍ တုန်သွားလိုက်မိသေးသည်။ ဇွန်လရဲ့ မိုးစက် တွေ ပါဘဲလား.. သူမ အိပ်ရာထဲသို့ မ၀င်ချင်သေးပါ။ အိပ်မပျော်နိုင်မည့် ညတွေကို ဇွတ်မှိတ်အိပ်ဖို့လည်း မကြိုးစားချင်တော့… ပေပြီး ၀ရံတာတွင် ဆက်ရပ်နေမိတော့ ခပ်စိပ်စိပ် ကျဆင်းလာနေသော မိုးရေစက်တို့က သူမ ခန္ဓာကိုယ်ကို စိုရွဲစ ပြုလာနေပြီ.. ပါးပြင်ပေါ်တွင်ပင် မိုးရေတို့ ရွဲရွဲစိုနေပေပြီ.. အမှတ်မထင် ပါးပြင်ပေါ်က မိုးရေစက်တို့ကို တို့သုတ်လိုက်မိတော့ ပူနွေးနေသော အထိအတွေ့ကို ခံစားလိုက်မိသည်..


အိုး.. မိုးရေတွေမှ မဟုတ်ပါဘဲလား.. မျက်ရည်တွေပါပဲ.....ဘယ်ချိန်ကတည်းက သူမ မျက်ရည်ကျနေမိပါလိမ့်..

ချစ်သူကို လွမ်းမိသော အလွမ်းတွေက မျက်ရည်များအဖြစ် ကျလာတာဘဲ ဖြစ်ပါလိမ့်မည်.. မြန်မြန် သုတ်မှပါဘဲလေ… သူမ မျက်ရည်တို့ဖြင့် ချစ်သူကို မပူလောင်စေချင်ပါ။ သက်ပြင်းကို ဖွဖွချလိုက်မိရင်း ဘယ်ချိန်ထိများ အလွမ်းနွံထဲ နစ်နေရဦးမှာပါလိမ့်… အဆုံးမရှိတော့ဘူး ထင်သည်.. လွမ်းရင်းနဲ့ပဲ မျက်ရည်စ တစ်ချို့နဲ့အတူ သူမ ဆုတောင်းလိုက်မိပါသေးသည်။


"ချစ်သူ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ.. အိပ်မက်လှလှ မက်ပါစေ…"



(မှတ်ချက်။ ကိုယ်ပိုင်စိတ်ကူးသက်သက်ဖြင့် ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သဖြင့် တိုက်ဆိုင်မှုရှိပါက နားလည် ခံစားပေးပါရန်)


ပန်းနုနှင်းဆီ