နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
ကော်ဖီတစ်ခွက်၏ ကောက်ကြောင်း



သူမရှေ့က ကော်ဖီခွက်ကို အသာမကာ တစ်ငုံသောက်လိုက်စဉ်တွင်တော့ ကော်ဖီရဲ့ ဆိမ့်မွှေးသောအရသာက လျှာဖျားတွင် စိမ့်ဝင်လို့သွားသည်။ အိုး ကော်ဖီရဲ့အရသာက ယခင်ကအတိုင်း ဘာမှ မပြောင်းလဲပါဘဲလား။ သူမ နိုင်ငံခြားရောက်နေစဉ် ကာလတစ်လျှောက်လုံး ဒီဆိုင်က ကော်ဖီကို တမ်းတမ်းမက်မက် သတိတရ ရှိလွန်းလှသည်။ ဒီဆိုင်ရဲ့ကော်ဖီအရသာက တစ်ခြား ဘယ်ဆိုင်က အရသာနဲ့မှ မတူအောင် ဟေဇယ်လ်နတ်ရဲ့ ဆိမ့်မွှေးမွှေး အနံ့နဲ့ အရသာကဆွဲဆောင်မှု ရှိလှသည့်အပြင် ဆိုင်ရဲ့အပြင်အဆင်နဲ့ ဆိုင်အပြင်ဘက်က သာယာလှပသော အင်းယားကန်ရှုခင်းက စိတ်ကို ချမ်းမြေ့စေလှသည်လေ။

ဆိုင်ထဲကို သူမရောက်နေတာ မိနစ်၂၀လောက်တော့ ရှိတော့မည်။ သို့သော် သူမရဲ့ ကော်ဖီခွက် သေးလေးထဲက ကော်ဖီကတော့ဖြင့် ထက်ဝက်ပင် မချိုးသေးပါ။ မကြိုက်လို့ မသောက်တာ မဟုတ်ဘဲ ကော်ဖီရဲ့ အရသာကို ကြိုက်လွန်းသဖြင့် ကုန်သွားမှာစိုး၍ တစ်စိမ့်စိမ့်  ဇိမ်ဆွဲပြီး သောက်ခြင်းသာ ဖြစ်လေသည်။ ထိုစဉ်မှာဘဲ သူမရှေ့တွင်ချထားသော လက်ကိုင်ဖုန်းမှာ အသံမြည်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်စဉ်တွင် သူမ မသိသော နံပါတ်တစ်ခုက ဖုန်းစခရင်ပေါ် ပေါ်နေသည်။ အံ့သြစိတ်ဖြင့် ဖုန်းကို နားထောင်လိုက်တော့

“ကျော်” ဟု သူမကို ခေါ်သည့်အသံ ထွက်လာသည်။ မှားစရာမရှိပါ။ သည်ခေါ်သံသည် တစ်လောကလုံးမှာ သူမနံမည် ဇီဇ၀ါ ကျော်ကို ကျော် ဟုခေါ်တတ်သော တစ်ယောက်တည်းသော သူ၏ အသံပင်ဖြစ်သည်။ သူမ ပြန်ရောက်တာ ၂ရက်သာရှိသေးသည်။ သူ ဘယ်လိုများ သိသွားပါလိမ့်။

“ပြောပါ.. ”  အေးစက်စက်ထူးလိုက်သော သူမအသံအဆုံးတွင် တစ်ဖက်မှ

“ကျော် အခုဘယ်မှာလဲ.. ကိုယ်လာတွေ့လို့ရမလား. ကျော်မြန်မာပြည် ပြန်ရောက်နေတယ်ဆိုတာ မနေ့က ကျော့်သူငယ်ချင်း မချိုနဲ့တွေ့တော့ သူပြောပြလို့ သိရတယ်.. ကျော်အရင်ကိုင်တဲ့ ဖုန်းနံပါတ် မပြောင်းသေးဘူးဆိုတာလဲ သူဘဲ ပြောပြသွားတာ။ ဒါကြောင့် ကိုယ်ဆက်လိုက်တာ. ကျော် ဘယ်ရောက်နေတယ် ဆိုတာသာ ပြောပါ ကိုယ်အခု ထွက်လာခဲ့မယ်.. ”

“တို့ ကော်ဖီသောက်နေတယ် ဒါပေမဲ့ မလာခဲ့နဲ့။ ယူ့ကိုတွေ့ဖို့ ဘာအကြောင်းမှ မရှိဘူး။ ယူနဲ့တို့ကြားမှာ တွေ့စရာအနေအထား၊ ဘာအကန့်မှ မရှိတော့ဘူး”

သူမ စကားသံအဆုံး တစ်ဖက်မှ အသံခေတ္တ တိတ်သွားခဲ့သည်။ ပြီးမှ “ကျော် အဲဒီကော်ဖီသောက်နေတဲ့ ဆိုင်က ကျော်နဲ့ကိုယ် အမြဲသောက်နေကျ ဆိုင်မဟုတ်လား။ ကျော် အရင်က အကြောင်းတွေကို သတိရလို့ အဲဒီမှာ ကော်ဖီသွားသောက်တာ မဟုတ်လား။ ကိုယ်လောင်းရဲတယ် ကျော်အခု ထိုင်နေတဲ့စားပွဲဟာလည်း ကိုယ်နဲ့ အမြဲတမ်း ထိုင်နေကျစားပွဲဖြစ်ရမယ်.. မညာပါနဲ့ကျော်.. ကျော့်ရင်ထဲမှာ အခုအချိန်ထိ ကိုယ်ရှိနေသေးတယ်ဆိုတာ သိပါတယ်.. ဒီဆိုင်ကို ရောက်အောင် သွားကတည်းက ကျော်ကိုယ့်ကိုသံယောဇဉ်မကုန်သေးဘူးဆိုတာ ကိုယ်သိတယ်… ”

“ရှစ်တ်” သူမစိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး “ နေပါဦး… ဒီဆိုင်ကို တို့လာတာ အရင်က မင်းနဲ့တို့ရဲ့ အကြောင်းတွေသတိရလို့ဆိုတာ သေချာလှချည်လား။ သေချာပြန်စဉ်းစားပါဦး။ ဒီဆိုင်က ကော်ဖီကို ကြိုက်လွန်းလို့ တို့အမြဲသောက်ခဲ့တာ မင်းနဲ့ မဆုံခဲ့ခင် ဟိုးအချိန်ကတည်းကဆိုတာ မင်းမမှတ်မိတော့ဘူးလား.. သိပ်အတ္တမကြီးနဲ့။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနဲ့… မိန်းခလေးတစ်ယောက်ဟာ မင်းနဲ့သွားခဲ့ဖူးတဲ့ နေရာတွေကို ပြန်သွားတိုင်း မင်းကိုသတိရလို့ဆိုတဲ့ အယူအဆတွေ လမ်းဘေးကို လွှင့်ပစ်လိုက် ဟုတ်ပြီလား။ တို့ဆိုတဲ့ ဇီဇ၀ါကျော်က ကိုယ့်ကိုတာ့တာ လို့ နှုတ်ဆက်သွားတဲ့လူကို နောက်တစ်ကြိမ် ဘယ်တော့မှ အခွင့်အရေး ပြန်မပေးတတ်ဘူးဆိုတာ မင်းမြဲမြဲ မှတ်ထားလိုက်.. နောက်ထပ် ဖုန်းထပ်ဆက်ဖို့ မကြိုးစားနဲ့ .. မင်းအသံ တို့ ထပ်မကြားချင်ဘူး” ဖုန်းကို ချလိုက်ရင်း သူမအသံလည်း အနည်းငယ်ကျယ်သွားတာကို သတိဖြင့် ပြန်ထိန်းလိုက်ရကာ ထွက်လာသော ဒေါသကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရသည်။

အတော်ကို အတ္တကြီးသည့်လူပါဘဲ။ သူမ ဒီဆိုင်လေးတွင် ကော်ဖီသောက်လာသည်မှာ တကယ်လဲ သူနဲ့မတွေ့ခင် ဟိုယခင်ချိန်ကတည်းကဖြစ်ပြီး ထိုသူနှင့် ချစ်သူဘ၀ရောက်ပြီးချိန်တွင်လည်း ဒီဆိုင်လေးမှာ သူမအရင်ထိုင်နေကျ နေရာလေးမှာဘဲ ကော်ဖီသောက်မြဲ ဖြစ်ပါသည်။ ဒီဆိုင်မှာ လာထိုင်ရသော ခံစားချက်၊ ကော်ဖီရဲ့အရသာသည် ပြောင်းလဲမသွားခဲ့သော်လည်း ထိုသူနှင့်ပတ်သက်သည့် သူမရင်ထဲက ခံစားချက်တို့ကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။ သူမ နိုင်ငံခြားရောက်နေချိန် ၃နှစ်တာ ကာလအတွင်း သူမကို သိပ်ချစ်လှပါသည် ဆိုသော ထိုသူသည် တစ်ခြားသော မိန်းခလေးနှင့် တွဲသွားခဲ့ပြီး နောက်ပိုင်းတွင်မှ သူမှားကြောင်း ပြောလာပြီး သူမကို ပြန်လက်ခံပေးဖို့ တောင်းပန်လာခဲ့သည်။ ထိုသို့ စိတ်ဓာတ် မခိုင်မာသော သူမျိုးကို ပြတ်သွားပြီးသော သူမစိတ်က ပြန်လက်ခံဖို့ နည်းနည်းမှ စိတ်ကူးမရှိပါ။ သူမထက် သာမည်ထင်ပြီး အခြားသူဆီ ထွက်သွားခဲ့ပြီးလျှင် သူမ၏ အတ္တစိတ်က ဘယ်လိုနည်းနှင့်မှ ပြန်လက်ခံလိုစိတ် မရှိတော့ပါ။

ခွက်ထဲမှ လက်ကျန်ကော်ဖီကို တစ်ကျိုက်တည်း ကုန်အောင် မော့သောက်လိုက်ရင်း ဆိုင်မှ ထွက်ခွာဖို့ စဉ်းစားလိုက်မိတော့သည်။ မဟုတ်လျှင် ထိုသူရောက်လာနိုင်သည် မဟုတ်လား။ နားညီးဖွယ်သော သူ့အသံတို့ကို သူမစိတ်က ခံစားလိုခြင်း အလျဉ်းမရှိတော့ပါ။ ဘယ်အချိန်လာသောက်သောက် သူမအကြိုက်ဆုံး ဒီဆိုင်ရဲ့ ကော်ဖီအရသာသည် အချိန်ကာလတိုက်စားမှုကို ခံနိုင်ရည်ရှိစွာ မပြောင်းလဲသော ဆိမ့်ဆိမ့်မွှေးမွှေးအရသာက တသမတ်တည်း ရှိလို့နေသော်လည်း တစ်ယောက်သောသူ၏ အချစ်တွေကဖြင့် အချိန်ကာလရဲ့ တိုက်စားမှုကို မခံနိုင်စွာ ပြောင်းလဲလို့ သွားခဲ့သည်။ လွယ်ကူစွာ ပြောင်းလဲတတ်သော သူတစ်ယောက်အတွက်လည်း သူမစိတ်တွင် နေရာထပ်ပေးဖို့ မရှိတော့သလို အချိန်လည်း အနည်းငယ်မျှပင် ပေးလိုစိတ် မရှိတော့ကြောင်းကိုဖြင့် ထိုသူတစ်ယောက် သိစေချင်လှပါသည်။



ပန်းနုနှင်းဆီ
11.10.2010
 1:35AM

5 comments:

သူကြီးမင်း (တုံးဖလား) said...

စိတ်ဓါတ်ကတော့ ခပ်ပြတ်ပြတ်ဘဲနော်။ ကောင်းတယ်။ အဲဒီလို ပြတ်သားတာ။ များသောအားဖြင့် မိန်းခလေးတွေရဲ့ စိတ်ဓါတ်တွေက မပြတ်သားတတ်ကြဘူး။ ဒါပေမဲ့ ဟိုကောင်လေးက တစ်ခြားမိန်းခလေးတစ်ယောက်နဲ့ တွဲခဲ့တာက တကယ်သေချာရဲ့လားမသိဘူး။ တကယ်ဟုတ်ခဲ့တယ်ဆိုရင်တော့ အခုလို ဆုံးဖြတ်ချက်ကို လုံးဝ ချီးကျူးတယ်။

ပျော်ရွှင်နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဟန်နာ said...

သူ့ လိုပြတ်သားတဲ့စိတ် မိန်းကလေးတိုင်းမှာ ရှိရင်ကောင်းမယ်နော်... ကိုယ်ချစ်ခဲ့ပြီး ကိုယ့်ကိုထားသွားတဲ့ သူကိုတောင် အသံတစ်ချက် မတုန်ဘဲ ပြောနိုင်တယ်..

P.S. အမလုပ်တာနဲ့ ကော်ဖီသောက်ချင်စိတ် ပေါက်သွားပြီကွယ် :D

မေပယ်လ် said...

ပြတ်သားလှချည်လားနော်
အားပေးပါတယ် လေးစားတယ်အဲဒီစိတ်ဓာတ်..။

မြစ်ကျိုးအင်း said...

အရေးအသားက လန်း တယ်ဗျ။
ဇာတ်ကောင်ရဲ့ စရိုက် ထင်းခနဲ ပေါ်လွင်စေတယ်။

Ingjin said...

မိုက်တယ်.....အဲဒီလိုစိတ်ဓါတ်ကိုကြိုက်တယ်။

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..