အသက်မပါတဲ့ အပြုံးတုနဲ့
ယုယချင်ယောင်ဆောင်မနေပါနဲ့တော့
မင်းရင်ထဲက ဗလာ
ကြင်နာခြင်းဆိုတာ လုံးလုံးမပါတဲ့
ဟန်ဆောင်မာယာတွေက
ခါးသက်သက်ဆေးတစ်ခွက်လို
လေးနက်တဲ့ငါ့အချစ်တွေကို
ပေါ့ပျက်ပျက်ဖြစ်စေခဲ့ပြီ…
သတိရရဲ့လားဆိုတဲ့
စကားတစ်ခွန်းရဲ့နောက်မှာ
မင်းကိုယ်တိုင်ငါ့ကိုမေ့ထားခဲ့တာ
ကြာတောင်ကြာခဲ့ပြီမဟုတ်လား...
ဘယ်လမ်းကိုနင်းလျှောက်မယ်လို့
မင်းကိုယ်တိုင်သေချာရွေးချယ်ခဲ့ပြီးမှ
ငါဆိုတဲ့ လမ်းဟောင်းလေးကို
ပြန်ပြောင်းပြီးငေးမကြည့်ပါနဲ့တော့....
ပန်းရောင်စုံခင်းထားတဲ့
မင်းနင်းမဲ့ဒီလမ်းမထက်မှာ
ငါ့မျက်ရည်စက်တွေနဲ့
မင်းကို စိတ်မပျက်စေချင်ခဲ့သူပါ…
ဖြောင့်တန်းစွာလျှောက်ပါတော့
တိတ်ဆိတ်စွာနှုတ်ဆက်
ငါလက်မပြတော့ပေမဲ့
ထားဝရခွဲခွာခြင်းအတွက်
ဝမ်းနည်းခြင်းတွေ
ငါ့ရင်မှာ ဆူဝေနေလေရဲ့..
ကြေကွဲခြင်းတွေ ရင်မှာပိုက်ပြီး
ဒီလမ်းဟောင်းလေးထက်မှာ
ငါနေရစ်ခဲ့ပါပြီ..
ကြည်လင်စွာပြုံးပျော်နိုင်ပါစေ ချစ်သူရေ…..








