နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
အလွမ်းညများ


မဲမှောင်တိတ်ဆိတ်လို့ ငြိမ်သက်လွန်းတဲ့ ညလေးတစ်ညပါပဲ.. ခပ်ဝေးဝေး မှာတော့မြို့ကလေးရဲ့ နီယွန်မီး အလင်းရောင်တို့က မှုံပျပျ လေး မြင်နေရဆဲ.. သန်းခေါင်ကျော်နေပြီမို့ မီးတော်တော်များများ ကတော့ မှိတ်ကုန်ပြီ.. ကောင်းကင်မှာတောင် ကြယ်တစ်ချို့က မလင်းတလှည့် လင်းတလှည့်.. ပုဏ္ဏမာ လစန္ဒာကတော့ ခပ်ကွေးကွေးလေးနဲ့ သူမကို တိတ်ဆိတ်စွာ ပြုံးပြလို့နေခဲ့သည်။ လေပြေနုထွေး အေးအေးလေးကလည်း အိမ်အပေါ်ထပ် ၀ရန်တာလေးကနေ နက်မှောင် တိတ်ဆိတ်နေတဲ့ ပြင်ပလောကကြီးကို ထွက်ကြည့်နေသော သူမကို ၀မ်းသာအားရ ပွေ့ဖက်နှုတ်ဆက်လို့ ကလူကျီစယ် နေကြပြန်ပါသည်။ ဒီတစ်ညလည်း သူမ အတွက်တော့ အိပ်ရေးပျက်တဲ့ည.. အအိပ်ခက်တဲ့ညပဲ ဖြစ်နေဦးမည်မှာ သံသယ ရှိစရာမလိုပါ သေချာ လွန်းလှပါသည်.. အိပ်မရတဲ့ညသည် ညတာ ရှည်လျားလွန်းလှသည်ဟု ကြုံဖူးသူအားလုံးက ပြောခဲ့ကြ ပါလိမ့်မည်။ သူမ အတွက်တော့ ရှည်လျားသည့် ညပေါင်းများစွာ မရေနိုင်အောင် ကြုံခဲ့ပြီးသားပါ။

ညတွေမှာ ခုလို အိပ်မပျော်တာ ဘယ်လောက်များပြီလဲ… ပြန်စဉ်းစားမိပြန်တော့ အဖြေက မရေမရာ.. သေချာပင် မမှတ်မိနိုင်တော့အောင် အိပ်ပျက်ညတွေက များလှပြီ.. ဒါမှမဟုတ် အိပ်ရေးပျက်တာ များလို့ သူမ မှတ်ဥာဏ်တွေကပဲ အလုပ်မလုပ်တော့ ဘူးထင်သည်။ ဒီလိုအချိန်တွေမှာ သူမအတွေးထဲ ရောက်နေတာက ချစ်သူမှလွဲ၍ မည်သူမှ မရှိနိုင်အောင် သူမ၏ အသိဥာဏ်အားလုံး မှောင်မိုက်နေခဲ့သည်။ သူမ ချစ်မိသူကရော.... ခုလိုချိန်တွေဆို နှစ်ခြိုက်စွာ အိပ်မောကျနေပါရဲ့လား.. သူမကို သတိတရ ရှိနေလိမ့်မည်လား.. စိတ်ထဲကတော့ မ၀ံ့မရဲလေး မျှော်လင့်နေချင်ပြန်သေးသည်... သို့သော် မသိစိတ်တစ်နေရာကတော့ ချစ်သူသည် သူမကို သတိတရ ရှိနေလိမ့်မည် ဟုလည်း မထင်မိပြန်ချေ...



ချစ်သူကရော ဒီအချိန် အိပ်ပျော်နေရဲ့လား.. ဒါမှမဟုတ် မအိပ်သေးဘဲ နေ့ခင်းက လုပ်လက်စအလုပ် တစ်ခုခုကို အပြီးသတ်နေမလား.. တစ်ယောက်ယောက်နဲ့ ကြာရှည်လေးမြင့်စွာ ဖုန်းပြောနေမလား.. ဒါကိုလဲ သူမက သေချာမသိပါ.. အိုး… အထင်နဲ့ စိတ်မောခဲ့ရတဲ့ နေ့ရက်တွေလဲ များလှပါပြီလေ.. သေချာအောင် သိလိုစိတ်တော့ ဖြစ်မိသားပါဘဲ… အေးစက်စက် ဖုန်းခလုတ်လေးတွေကို လက်နဲ့ တို့ထိကြည့်မိလိုက်တော့ ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ အလွတ်ရနေခဲ့သော နံပါတ်တို့ကို နှိပ်ကြည့်ချင်စိတ်က ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသည်။


သို့သော်..... သူမ မနှိပ်ရဲပါ..


Busy ဖြစ်နေသော ဖုန်းသံကို ကြားရလျှင် သူမ နာကျင်နေရဦးမည်.. ဒီလိုနဲ့ စိတ်ဆန္ဒတို့ကို သူမ ထိန်းချုပ်လာတတ်ခဲ့တာ ကြာပါပြီ.. ချစ်သူနဲ့ပတ်သက်ပြီး ဘာမှ မသိတာက ပိုပြီးကောင်းပါလိမ့်မည်.. ချစ်သူကို နာကျင်ခြင်း တို့ဖြင့် သူမ မလွမ်းဆွတ်လိုပါ.. သတိမရလိုပါ.. ဒီအတိုင်း ရိုးရိုးလေးသာ တွေးပြီး စိတ်ရှင်းရှင်းဖြင့်သာ သတိရ လွမ်းဆွတ်နေတာက သူမ အတွက် အကောင်းဆုံး ဖြစ်မှာပါလေ။ မျက်လွှာလေးကို မှေးမှိတ်လို့ ၀င်သက်ကို ပြင်းပြင်းရှူရှိုက်လိုက်မိတော့ သူမစိုက်ပျိုးထားသော စံပါယ်အိုးမှ ပွင့်ဝေစပြုနေသော စံပါယ်ရနံ့တို့က အဆုတ်တွင်းသို့ လတ်ဆတ်စွာ ၀င်ရောက် သွားခဲ့သည်.. မွန်းကြပ်မှုက အနည်းငယ်တော့ သက်သာသွားသလို ခံစားလိုက်မိသည်။


နေ့လည်နေ့ခင်းဆိုလျှင် ချစ်သူကို သတိရမိလျှင်တောင် အလုပ်တစ်ဘက်နှင့်မို့ သိပ်ပြီး မသိသာလှသော်လည်း ညဘက်ချိန်တွေ စိတ်ရော လူပါ အားလပ်ချိန်တွင်တော့ချစ်သူမှ တပါး ဘာကိုမှ သတိမရတော့ချေ။ ဆိတ်ငြိမ်သောညတွေမှာ အိပ်လို့မပျော်နိုင်ဘဲ အဝေးကချစ်သူကို မျှော်မှန်းရင်း တမ်းတမ်းတတ နင့်နင့်သီးသီး လွမ်းဆွတ် သတိရမိခြင်း တွေကသာ သူမ တစ်ကိုယ်လုံးကို လွမ်းခြုံထားခဲ့သည်။ သေချာတာကတော့ နောက်နေ့တွေမှာလဲ သူမ လွမ်းဆွတ်နေမိဦးမည်သာ။ ဘယ်ချိန်ထိ.... ဘယ်ကာလထိ.... လွမ်းဆွတ်နေရ ဦးမည် ဆိုတာတော့ သူမ ကိုယ်တိုင်လည်း မသိနိုင်ပါ။ ဒီလိုဆိုလျှင်ဖြင့် ဒီအလွမ်းတွေကြားက ရုန်းထွက်ပါတော့လားဟု ပြောလာပြန်လျှင်လည်း ရုန်းထွက်ဖို့ အင်အားမရှိသလို ရုန်းမထွက် ချင်လောက်အောင်ကိုဘဲ ဒီအလွမ်းတွေကြားမှာ သူမ နေသားကျနေပါပြီ.. သို့ဆိုလျှင်တော့ ကိုယ့်အပူ ကိုယ်ရှာသည်လို့ အားလုံးက ပြောကြမည်ထင်ပါသည်။ သို့သော် မတတ်နိုင်ပါ။ သူမကတော့ ဒီအလွမ်းတွေမှာ မွေ့လျှော် နေတတ်ခဲ့ပါပြီ။


မမြင်ရသော ဟိုးတောင်တန်းတွေဆီ မှန်းမျှော်ရင်း အမှောင်ထုတွင်းသို့ ငေးစိုက် ကြည့်မိစဉ်တော့ နေ့ခင်းဘက်ဆီတွင် ပြာရီနေသော တောင်စဉ် တောင်တန်းအဆင့်ဆင့် မြင်ကွင်းက အာရုံထဲ ရောက်လို့လာသည်။ သူမက တောင်တန်းတွေကိုချစ်သည်.. တောတောင်တွေကို မြတ်နိုးသည်.. တောင်တန်းတွေပေါရာ အရပ်တစ်ခုမှာ မွေးဖွားလာသူဖြစ်၍လည်း ငယ်စဉ်ကတည်းက တောင်စဉ် တောင်တန်းတွေကို ကြည့်ရင်း ဘယ်ကိုမှန်းမသိ လွမ်းဆွတ်မိတတ်ခဲ့သလို ခုလို အသက်အရွယ် ရလာချိန်မှာလည်း အလွမ်းနှင့် မကင်းနိုင်သေးသော သူမအဖြစ်က တဆိတ်သနားဖို့တော့ ကောင်းနေမည် ထင်သည်။ ချစ်သူရှိရာ အရပ်ကို မှန်းဆရင်း တွေးကြည့်မိပြန်တော့ အမှောင်ထုကလွဲ၍ ဟိုးခပ်ဝေးဝေး တောင်တန်းတစ်ချို့ပေါ်က မှိန်ပြပြမီးရောင်ရဲ့ အလင်းတစ်စကလွဲလို့ ဘာကိုမှ မမြင်နိုင်ပေ။
ချစ်သူရှိရာ အရပ်မှာရော တောင်တန်းတွေရှိရဲ့လား.. သူသည်လည်း ကိုယ့်လို တောင်တန်းတွေ၊ သစ်တောတွေ၊ သစ်ပင်တွေကို မြတ်နိုးတတ်ရဲ့လား.. ဒါကိုလဲ သူမ မသေချာပြန်။ သူကလဲ မပြောခဲ့ဖူးပါ ဒီလိုဆိုလျှင်ဖြင့် သူမ ချစ်သလို သူကရော တောင်တန်းတွေ သစ်တောတွေကို မြတ်နိုး ပါ့မလား.. ချစ်သူနှင့် ပတ်သက်သော အတွေးတွေကလဲ တောင်စဉ်ရမရ..... ထိုစဉ်မှာပဲ လေတစ်ချက် အဝှေ့နှင့်အတူ မိုးစက်ကလေးများ တစ်ဖွဲဖွဲ ကျဆင်းလာတော့ စိမ့်ခနဲ ချမ်း၍ တုန်သွားလိုက်မိသေးသည်။ ဇွန်လရဲ့ မိုးစက် တွေ ပါဘဲလား.. သူမ အိပ်ရာထဲသို့ မ၀င်ချင်သေးပါ။ အိပ်မပျော်နိုင်မည့် ညတွေကို ဇွတ်မှိတ်အိပ်ဖို့လည်း မကြိုးစားချင်တော့… ပေပြီး ၀ရံတာတွင် ဆက်ရပ်နေမိတော့ ခပ်စိပ်စိပ် ကျဆင်းလာနေသော မိုးရေစက်တို့က သူမ ခန္ဓာကိုယ်ကို စိုရွဲစ ပြုလာနေပြီ.. ပါးပြင်ပေါ်တွင်ပင် မိုးရေတို့ ရွဲရွဲစိုနေပေပြီ.. အမှတ်မထင် ပါးပြင်ပေါ်က မိုးရေစက်တို့ကို တို့သုတ်လိုက်မိတော့ ပူနွေးနေသော အထိအတွေ့ကို ခံစားလိုက်မိသည်..


အိုး.. မိုးရေတွေမှ မဟုတ်ပါဘဲလား.. မျက်ရည်တွေပါပဲ.....ဘယ်ချိန်ကတည်းက သူမ မျက်ရည်ကျနေမိပါလိမ့်..

ချစ်သူကို လွမ်းမိသော အလွမ်းတွေက မျက်ရည်များအဖြစ် ကျလာတာဘဲ ဖြစ်ပါလိမ့်မည်.. မြန်မြန် သုတ်မှပါဘဲလေ… သူမ မျက်ရည်တို့ဖြင့် ချစ်သူကို မပူလောင်စေချင်ပါ။ သက်ပြင်းကို ဖွဖွချလိုက်မိရင်း ဘယ်ချိန်ထိများ အလွမ်းနွံထဲ နစ်နေရဦးမှာပါလိမ့်… အဆုံးမရှိတော့ဘူး ထင်သည်.. လွမ်းရင်းနဲ့ပဲ မျက်ရည်စ တစ်ချို့နဲ့အတူ သူမ ဆုတောင်းလိုက်မိပါသေးသည်။


"ချစ်သူ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ.. အိပ်မက်လှလှ မက်ပါစေ…"



(မှတ်ချက်။ ကိုယ်ပိုင်စိတ်ကူးသက်သက်ဖြင့် ဖန်တီးပုံဖော်ထားခြင်းသာဖြစ်သဖြင့် တိုက်ဆိုင်မှုရှိပါက နားလည် ခံစားပေးပါရန်)


ပန်းနုနှင်းဆီ

1 comments:

ခိုင်နုငယ် said...

ချစ်တတ်သူရဲ့အလွမ်းညလေးကို
ခံစားသွားပါတယ်။
စာရေးအားကောင်းတယ်။
ဆက်ရေးပါ..ပန်းနုနှင်းဆီအားပေးနေပါမယ်

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..