နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
ဥပက္ခာဝန်းကျင်

ကိုယ် တို့တွေရဲ့ နေ့စဉ် လူမှုဘ၀ အခြေအနေမှာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် အခြေအနေ အမျိုးအမျိုးနဲ့ ကြုံဆုံခဲ့ ကြရမှာပါနော်.. ကိုယ်တိုင်လည်း ဒီအသက် အရွယ်အထိ ပတ်ဝန်းကျင် လုပ်ငန်းခွင်အခြေအနေ အမျိုး အမျိုးကို ကြုံတွေ့ခဲ့ဖူးပါတယ်. နှစ်လိုဖွယ် ပတ်ဝန်းကျင်၊ ပျော်ရွှင်ဖွယ် လုပ်ငန်းခွင်တို့ကို ကြုံတွေ့ ဖြတ်သန်းခဲ့ရသလို၊ စိတ်ပျက်ဖွယ် ပတ်ဝန်းကျင်၊ မွေ့လျော်ဖို့မကောင်းတဲ့ လုပ်ငန်းခွင် ကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။

ငယ်စဉ်က ကျောင်းနေခဲ့ရတဲ့ မြို့ကလေးကတော့ မကြီးမငယ် မြို့ကလေးပါ… ကျောင်းနေတဲ့အရွယ်မို့ လုပ်ငန်းခွင်အကြောင်း ပြောစရာမရှိသေးချိန်မို့ မြို့ကလေးအကြောင်းသာ ပြောပြချင်ပါတယ်.. မြို့ကလေးဟာ စီးပွားရေးမြို့ ဖြစ်သည့်အားလျှော်စွာပဲ စည်ကားပါတယ်.. မီးရထားလမ်းပေါ်မှာ ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တယ်လို့ ဆိုရမှာပါပဲ… အဲဒီမြို့ကလေးဟာ နွေးနွေးထွေးထွေးရှိပါတယ်.. တစ်ဦးနဲ့တစ်ဦး ကူညီ ရိုင်းပင်းစိတ်ကလေးတွေလဲ ရှိပြီး မြို့သူမြို့သားတွေဟာ ညီညီညွတ်ညွတ်ရှိပါတယ်..  ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေကိုလည်း တစ်မြို့လုံး အတိုင်းအတာနဲ့ လုပ်တတ်တာမို့ နေပျော်ဖွယ်ကောင်းတဲ့ မြို့ကလေးလို့ သတ်မှတ်ပါတယ်..

နောက်ထပ် အထက်တန်းကျောင်းတက်ခဲ့ရတဲ့ မြို့ကလေးကတော့ ပြည်နယ်တစ်ခုရဲ့ မြို့ကြီးဖြစ်တာကြောင့် ပတ်ဝန်းကျင် အနေအထား ကျယ်ပြန့်သွားပြီဖြစ်တာကြောင့် သေးစိတ် မသိနိုင်တော့ပါဘူး.. မြို့ အနေအထားကတော့ သာသာယာယာ ရှိလွန်းလှပါတယ်.. သစ်သီးဝလံ ပေါများပြီး ရာသီဥတုလဲ သင့်တင့်မျှတတာကြောင့် နေချင်စရာကောင်းလွန်းလှပါတယ်.. တောတောင်သဘာဝအလှရဲ့ ရှုခင်းတွေကို အပြည့်အ၀ခံစားနိုင်တဲ့ မြို့လည်းဖြစ်ပါတယ်.. မြို့ရဲ့ လမ်းတိုင်းမှာ သစ်ပင်ကြီးတွေ စီစီရီရီရှိတာကြောင့် နွေအချိန်ဆိုရင်တောင် အေးအေးမြမြ ရှိတတ်တဲ့ မြို့လဲဖြစ်ပါတယ်.. ဒါကြောင့် ဒီမြို့ဟာလည်း ကျွန်မအတွက်တော့ နေပျော်ချင်စရာ မြို့တစ်မြို့ဖြစ်ပါတယ်..

တက္ကသိုလ်တက်ချိန်မှာတော့ အပူပိုင်းဒေသရဲ့ မြို့ကြီးတစ်မြို့မှာ တက်ရောက်ခဲ့ပါတယ်.. ပူလွန်းတာကြောင့် အပြင်ကို သိပ်မထွက်ဖြစ်ဘဲ ကျောင်းနဲ့ အဆောင်သာ အချိန်ကုန်ခဲ့ရပါတယ်.. ကျောင်းတက်စဉ် ကာလကတော့ သူငယ်ချင်းတွေ များများစားစား မရှိခဲ့ပေမယ့် ရှိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့လည်း တစ်ခါမှ ပြန်မဆုံဖြစ်တော့ပါဘူး. မဆုံဖြစ်တော့ပေမယ့် သတိတရတော့ ရှိနေတတ်ခဲ့ပါတယ်. ဒီမြို့အကြောင်း ပြောရရင်တော့ မြန်မာဆန်မှုတွေ တော်တော်များများ ရှိနေသေးတဲ့ မြို့ပါပဲ… သမိုင်းဝင် အထင်ကရ နေရာတွေ ရှိနေတဲ့ မြို့မို့ တန်ဖိုးထားစရာ မြို့တစ်မြို့ပါပဲ..

လုပ်ငန်းခွင် ၀င်ရောက်တဲ့ မြို့ကတော့ ရွှေမြို့တော် ရန်ကုန်ပါ.. ရန်ကုန်မြို့ကတော့ ထုံးစံအတိုင်း မွန်းကြပ်မှုတွေ အဆင်မပြေမှုတွေ ခြေထိုးမှုတွေ ကြုံရတဲ့ မြို့ဖြစ်ပါတယ်.. ဒါက လုပ်ငန်းခွင်ကို ၀င်ရောက်ပြီဖြစ်လို့ ကြုံတွေ့ရတတ်တဲ့ ပါတ်ဝန်းကျင်သာ ဖြစ်ပါတယ်.. ပထမဆုံး လုပ်ငန်းခွင်မှာ ကြုံတွေရတဲ့ အခက်အခဲကတော့ သွေးပျက်လောက်အောင် စိတ်ညစ်ညူးစရာ ကောင်းခဲ့ပါတယ်.. သ၀န်တိုတတ်လွန်းသော သူဌေးရဲ့ ဇနီးကြောင့် စိတ်ဆင်းရဲခြင်းကြီးစွာ ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့ရဲ့ ပထမဆုံး လုပ်ငန်းခွင်ဖြစ်ခဲ့ပါတယ်.. ကိုယ်အလုပ်ထွက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြံဆောင်နေတဲ့ သူဌေးကတော်ကြောင့် ၂လထက်အပြင် ပိုမလုပ်နိုင်တော့ဘဲ အချိန်အတိုဆုံး အလုပ်လုပ်ခဲ့တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်.. အလုပ်မှာ အတူလုပ်ခွင့်ရသူ အစ်မတစ်ယောက်ဟာလည်း မနွေးထွေးသော၊ မာယာများသော၊ သူဌေးကတော်ကို အပီအပြင်ပေါင်းကာ အခြားသူအကြောင်း သွေးထိုးတတ်သော သူတစ်ယောက် ဖြစ်နေခဲ့တာကြောင့်လည်း လုပ်ငန်းခွင်မှာ ပိုပြီး နေမပျော်ဖြစ်ခဲ့ရပါတယ်.. ဘွဲ့ကလေးတစ်ခုသာ ပိုက်ပြီး ရန်ကုန်ရောက်လာသူ တစ်ယောက်ရဲ့ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတဲ့ ကာလလည်း ဖြစ်ပါတယ်..


ရန်ကုန်လိုမြို့ကြီးမှာ သာမာန်ဘွဲ့လေးတစ်ခုနဲ့ ၀င်တိုးဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဒါကြောင့် ကွန်ပျူတာ ဒီပလိုမာ သင်တန်းတစ်ခုကို  အခက်အခဲကြားက တတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်.. ဒီသင်တန်းတက်ဖို့ တော်တော်ကို ရုန်းကန်ခဲ့ရပါတယ်.. ရုန်းကန်တယ် ဆိုတဲ့နေရာမှာ အလုပ်တစ်ဘက်နဲ့မို့ တော်တော်ကို ခက်ခဲခဲ့တာပါ.. ဒီလုပ်ငန်းခွင်မှာ ၂လလောက်နေဖြစ်ပြီး နောက်ထပ် ဘယ်လိုမှ ဆက်နေလို့ မဖြစ်တော့တာကြောင့် သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ အခြားနေရာမှာ အလုပ်တစ်ခု ရပါတယ်.. သို့သော် အဲဒီအလုပ်ဟာ ကိုယ်မလုပ်ချင်တဲ့ အလုပ်၊ တစ်နေကုန်ပြင်ကိုသာ ထွက်နေရတဲ့ အလုပ်မို့ ၆လလောက်သာ လုပ်ဖြစ်ခဲ့ပါတယ်.. ပြီးတော့ အလုပ်ရှင်က ကိုယ်သင်တန်းတွေ တက်တာကို သဘောမကျပါဘူး.. သူကိုယ်တိုင်ကျ ဘွဲ့တွေများစွာ ယူထားပေမယ့် သူ့အလုပ်သမားတွေ သင်တန်းတက်တာကိုတော့ မကြည်ဖြူတဲ့ သူတစ်ယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ ကိုယ်ကတော့ အလုပ်ရှင် ဘယ်လိုပင် ငြူစူပေမယ့် ကိုယ့်သင်တန်းကို ပြီးဆုံးအောင် တက်ဖြစ်ခဲ့ပါတယ်.. တစ်ညကို ၄ နာရီသာ အိပ်ချိန်သတ်မှတ်ပြီး စာကျက်ချိန် ရအောင်ထားခဲ့ရပါတယ်.. ဒီလိုနဲ့ အလုပ်တစ်ဘက် လုပ်ရင်းက ဒီပလိုမာ သင်တန်း၂ခုကို တစ်ပြိုင်တည်းတက်ပြီး စာမေးပွဲကို ရအောင်ဖြေခဲ့ပါတယ်..


နောက်ထပ် ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်တစ်ခုက ရန်ကုန်မြို့ရဲ့ နာမည်ကြီး ရုပ်ရှင်ရုံများပိုင်ရှင်ရဲ့ ရုပ်ရှင်ရုံတွေမှာ လက်ထောက်မန်နေဂျာ တာဝန်နဲ့ ၀င်ရောက်ခဲ့ရတဲ့ လုပ်ငန်းခွင်ပါ.. စည်းကမ်း တင်းကြပ်လွန်းလှတာကို သဘောကျပေမဲ့ အရောင်းဝန်ထမ်း၊ စက်ကိုင် အင်ဂျင်နီယာများ၊ စတဲ့ ၀န်ထမ်းများကို ဘယ်လိုသက်တန်းမျိုးကိုမှ တက်ခွင့်မပေးတဲ့ လုပ်ငန်းခွင်ပါ.. သိပ်ကို ဆိုးရွားလွန်းလှပါတယ်.. ၀န်ထမ်းတွေရဲ့ ရှေ့ရေးကို ပိတ်ပင် ချုပ်ခြယ်ထားတဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ အလုပ်ရှင်လို့ ပြောရမှာ ဖြစ်ပါတယ်.. သင်တန်းတက်တာ သိရင် ချက်ခြင်းအလုပ်ထုတ်ပစ်တဲ့ နေရာတစ်ခုပါ.. အလုပ်ချိန်က မနက် ၈း၄၅မှ ည၁၀နာရီထိ ဖြစ်ပါတယ်.. အလုပ်ချိန်များလွန်းတဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်.. သို့သော် ကိုယ်ကတော့ တက်လက်စ ဒီပလိုမာတန်းကို ရအောင်ခိုးပြီး တက်ခဲ့ပါတယ်.. အဲဒီကနေ သင်တန်း level တစ်ခုရဲ့ စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်. သင်တန်းတက်နေရင်း တင်းကြပ်လွန်းတဲ့ အလုပ်ချိန်ကို တက္ကစီအားကိုးပြီး အချိန်မှီရောက်အောင် တက်ခဲ့ပါတယ်… ကိုယ်ဒီလိုတက်ခဲ့တာကို လူကြီးပိုင်းဘယ်သူကမှ မသိလိုက်ကြပေမယ့် အဲဒီအလုပ်ကနေ ထွက်ချိန်မှာ ကိုယ့်အထက်လူကြီးကို အဲဒီအကြောင်း ပြောဖြစ်အောင် ပြောပြဖြစ်ခဲ့ပါတယ်.. လောကမှာ ဘယ်အရာကိုမှ ကန့်သတ်ချုပ်ခြယ်လို့မရသလို လူတစ်ယောက်ရဲ့ တိုးတက် အောင်မြင်ရေး လမ်းကြောင်းကို ချုပ်ချယ်တဲ့ အဲဒီ လုပ်ငန်းခွင်ဟာ နှစ်လိုဖွယ်မရှိတဲ့ နေရာဖြစ်ကြောင်း သူတို့သိအောင် ကိုယ် ပြောဖြစ်ခဲ့ပါတယ်.. အဲဒီမှာလည်း ၆လလောက်သာ လုပ်ပြီး ထွက်ဖြစ်ခဲ့ပါတယ်…

နောက်ကြုံရတဲ့ လုပ်ငန်းခွင်ကတော့ နိုင်ငံခြားသားပိုင် Company တစ်ခုဖြစ်ပါတယ်.. နိုင်ငံခြားသား တော်တော်များများ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်.. ဒီမှာလည်း စိတ်ဆင်းရဲစရာပြည့်နေတဲ့ မပျော်ရွှင်စရာ လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့ပါတယ်. နိုင်ငံခြားသားလက်အောက်မှာ ကိုယ့်ကိုယ်ကို မလုံခြုံခြင်းဆိုတာကို ခံစားရပါတယ်.. သူဌေးဖြစ်သူကလည်း ၀န်ထမ်း အမျိုးသမီးလေးတွေကို သူတို့နိုင်ငံခြားသား ၀န်ထမ်းတွေနဲ့ နီးစပ်အောင် လုပ်ပေးတတ်တဲ့ မနှစ်မြို့ဖွယ် လူစားမျိုးဖြစ်ပါတယ်.. ထိကပါးရိကပါး ပြောတတ်တဲ့ နိုင်ငံခြားသားတစ်ချို့နဲ့ ညနေရုံးဆင်းချိန်တိုင်း စားသောက်ဆိုင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြုလုပ်တဲ့ ဒင်နာပွဲကို အမြဲတက်ရတဲ့ ဒုက္ခကို ဘယ်လိုမှ သည်းခံနိုင်ဖို့ မရှိတော့လို့ သိပ်ကောင်းမွန်တဲ့ လစာရခဲ့ပေမယ့် အလုပ်ထွက်ဖြစ်ခဲ့ပါတယ်.. ဒီလို လုပ်ငန်းခွင်မျိုးကတော့ သည်းမခံနိုင်ဖို့ကောင်းတဲ့ စိတ်ပျက်ဖွယ် လုပ်ငန်းခွင်ဖြစ်ပါတယ်..

အဲဒီကာလမှာ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူနေဖြစ်ပါတယ်.. သူပိုင်တဲ့ တိုက်ခန်းမှာပါ.. ပိုက်ဆံပေးစရာမလိုဘဲ အလကားနေရတာ ဖြစ်ပါတယ်.. ဒါပေမဲ့ ပိုက်ဆံမပေးရတဲ့ အတွက် သူငယ်ချင်းဖြစ်သူရဲ့ ထမင်းဗူးကို တာဝန်ယူပြီး စီစဉ်ပေးရပါတယ်.. ပြီးတော့ သူ့အမျိုးအဆွေတွေရဲ့ ကိစ္စတွေပါ လုပ်ပေးရခြင်းပါပဲ.. သူ့ကျေးဇူးရှိတယ်ဆိုတာ ကိုယ်နားလည်ပါတယ်.. ဒီလောက်ကို ကိုယ်လုပ်နိုင်ပေမယ့် စကားပြောရင် အထက်စီး ဆန်လွန်းတာကိုတော့ သည်းခံရတာ အလွန်ခက်ခဲပါတယ်. နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တဲ့အချက်က ကိုယ်ရေးကိုယ်တာတွေကို စပ်စုခြင်းပါပဲ.. ကိုယ့်ဒိုင်ယာရီကအစ ခိုးဖတ်တတ်တဲ့ ဒီလို သူငယ်ချင်းမျိုးနဲ့ အတူ နေနေရတာ သိပ်စိတ်ပျက်လာမိပါတယ်.. ဒါကြောင့် ကိုယ်တစ်ယောက်တည်း သီးသန့်နေဖို့ စီစဉ်ပြီး သူငယ်ချင်းဆီကနေ ရုန်းထွက်ဖြစ်ခဲ့ပါတယ်.. ပိုက်ဆံကုန်ပေမယ့် စိတ်ချမ်းသာခဲ့ပါတယ်..


နောက်ဆုံးကြုံရတဲ့ လုပ်ငန်းခွင်ကတော့ သိပ်ကိုကောင်းမွန်ပါတယ်.. ၀န်ထမ်းအချင်းချင်းကြား ကြုံရတဲ့ အသေးအမွှား ပြဿနာလေးတွေ၊ လုပ်ငန်းခွင်ရဲ့ အခက်အခဲလေးတွေ ရှိတတ်တာကလွဲလို့ နေပျော်ချင်စရာ လုပ်ငန်းခွင်ကလေးပါ.. နိုင်ငံခြားနဲ့လည်း ဆက်အသွယ် အများကြီး လုပ်ခွင့်ရတဲ့ အတွက် ၀န်ထမ်းတွေ အတွက်လည်း တိုးတက်စေနိုင်တဲ့ နေရာပါ.. ဌာနဆိုင်ရာတွေနဲ့လည်း ၀င်ထွက်သွားလာခွင့်ရတဲ့အတွက် အတွေ့အကြုံကောင်းများစွာ ရရှိခဲ့တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့ပါတယ်.. ၀န်ထမ်းတွေအတွက် လိုအပ်တဲ့ သင်တန်းတွေကိုလည်း Company မှာတင် ဆရာတွေခေါ်ပြီး သင်တန်းပေးတဲ့ အတုယူစရာ လုပ်ငန်းခွင်ဖြစ်ပါတယ်.. ဒီလုပ်ငန်းခွင်ကနေ ကိုယ်နောက်ထပ် ဒီပလိုမာ ၂ခု ထပ်ယူဖြစ်ခဲ့ပါတယ်.. လုပ်ငန်းခွင်ကိုလည်း မထိခိုက်စေဘဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်.. ဒီအတွက် ပင်ပန်းခဲ့ရတာတွေ စတေးခဲ့ရတာတွေကတော့ အများကြီးပါပဲ.. ဒါပေမဲ့ ရလာတဲ့ ရလာဒ်အတွက်တော့ ပင်ပန်းပေမယ့် ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်..
 
ကိုယ့်ရဲ့ စိတ်သဘောကတော့ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ချင်ပြီး လူမှုရေးရှုပ်ထွေးတာမျိုးကို မကြိုက်ပါဘူး.. အဲလိုနေရာမျိုးမှာလည်း မလုပ်ချင်ပါဘူး..  ကိုယ်က ကောင်းရက်နဲ့ နေလို့မပျော်တဲ့ လုပ်ငန်းခွင်မျိုးဆိုရင် လစာဘယ်လောက် ကောင်းကောင်း ရုန်းထွက်ဖို့ ကြိုးစားမှာပါပဲ.. ရုန်းမထွက်နိုင်ခင် တစ်နေ့အထိတော့ သည်းခံပြီးလုပ်မှာဖြစ်ပေမယ့် လုံးဝသည်းမခံနိုင်တဲ့တစ်နေ့ သို့မဟုတ် လုံးဝကို မသင့်တော်တဲ့ လုပ်ငန်းခွင်သာ ဖြစ်နေခဲ့ရင်တော့ အမြန်ဆုံး ရုန်းထွက်ဖြစ်အောင် ကြိုးစားတတ်ပါတယ်.. ဒီလိုပါပဲ ဘယ်လူမှုဝန်းကျင်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို မပျော်ရွှင်စေတဲ့နေရာ၊ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့နေရာ၊ ကိုယ်မလုပ်ချင်တာ လုပ်နေရတဲ့ နေရာ၊ ကိုယ့်တက်လမ်းတွေကို ပိတ်ပင်ထားတဲ့ နေရာသာ ဖြစ်နေခဲ့ရင် ရုန်းထွက်မှာပါပဲ.. ကိုယ့်စိတ်ကို နာကျင်စေတဲ့နေရာဒေသ ပတ်ဝန်းကျင်၊ စိတ်ရှုပ်ထွေး မွန်းကြပ်စေတဲ့ လုပ်ငန်းခွင်၊ စိတ်ညစ်နွမ်းစေတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးမျိုးကို လုံးဝမကြုံတွေ့ချင်ပါဘူး… ကိုယ့်စိတ်ကို အနာတရ ဖြစ်စေမယ့် လူမှုဝန်းကျင်ဆိုရင်လည်း ဒီဝန်းကျင်ကနေ စွန့်ခွာဖို့ ကြိုးစားမှာပါ..

လူတိုင်းကို ရင်းရင်းနှီးနှီး ဆက်ဆံခဲလှပေမယ့် ကိုယ်ခင်မင်တဲ့ သူတွေအပေါ်မှာတော့ အကောင်းဆုံးဖြစ်အောင် တန်ဖိုးထား ဆက်ဆံချင်ပါတယ်.. ကိုယ့်အပေါ် တစ်ကျပ်ဖိုး ကောင်းရင်တောင် တစ်ရာဖိုးလောက် ပြန်ကောင်းပေးချင်ခဲ့သူပါ.. ထိုသူများကိုလည်း ကိုယ်ကသာ အကူအညီပေးချင်ပါတယ်.. ဘယ်အကူအညီ မျိုးကိုဘဲဖြစ်ဖြစ် မငြင်းပယ်ချင်လောက်အောင် လိုအပ်သမျှ လုပ်ပေးချင်မိပါတယ်.. ဒါကို ကိုယ်နဲ့ ရင်းရင်းနှီးနှီး ခင်မင်ခဲ့သူတိုင်းက သိကြပါတယ်..  သို့သော်လည်း လုပ်ငန်းခွင်ပဲဖြစ်ဖြစ် လူမှုဝန်းကျင်မှာပဲဖြစ်ဖြစ် သည်းခံခြင်း ဆိုတဲ့နေရာမှာတော့ အတိုင်းအတာ ရှိပါတယ်.. အတိုင်းအတာထက် ကျော်လွန်ခဲ့ပြီ ဆိုရင်တော့ စိတ်ပျက်စွာနဲ့ ဥပက္ခာပြုလိုက်ဖို့သာ ကိုယ်ဆုံးဖြတ်မှာပါ.. ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝ တစ်သီးတစ်သန့် နေတတ်တဲ့စိတ်က သူများကိုလည်း စော်ကားဖို့ ၀န်လေးသလို ကိုယ့်ကို စော်ကားရင်လည်း ခံနိုင်ရည် နည်းပါးပါတယ်.. အဲလို စော်ကားခံရရင်လည်း တနုံ့နုံ့နဲ့ မေ့ပျောက်နိုင်ဖို့ ခဲယဉ်းပါတယ်… စိတ်မနာနိုင်တဲ့ အချိန်အထိ သည်းခံနိုင်ပေမဲ့ စိတ်ထဲမှာ နာသွားခဲ့ပြီ ဆိုရင်တော့ အဲဒီ ၀န်းကျင်ကနေ ကိုယ်ရုန်းထွက်မှာပါ.. ပျော်ရွှင်ချမ်းမြေ့ဖွယ် ဆက်ဆံရေးမျိုး၊ လူမှုဝန်းကျင်မျိုးလေးကို တန်ဖိုးထားပြီး လိုချင်မိပေမဲ့လို့ ကိုယ်မျှော်လင့်တဲ့ နားလည်နွေးထွေးသော ဆက်ဆံရေးမျိုး၊ လူမှုဝန်းကျင်မျိုး မဖြစ်လာခဲ့ဘဲ စိတ်မချမ်းမြေ့ဖွယ် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို ရောက်နေပြီ ဆိုရင်တော့လည်း အဲဒီနေရာလေးကနေ ဥပက္ခာတရား ဆိုတာကို လက်ကိုင်ထားလို့ ကိုယ် ကျောခိုင်းနိုင်အောင် ကြိုးစားတော့မှာပါ.. ……

 ပန်းနုနှင်းဆီ

8 comments:

blackroze said...

ဟုတ်တယ်..ပန်းနုရေ..
ဥပက္ခာတရားဆိုတာလဲတခါတရံမှာ
လိုအပ်တယ်..
ခင်မင်စွာဖြင့်.....blackroze

ခိုင်နုငယ် said...

ပန်းနုရေ..အလုပ်ကနေလစ်တုန်း
လာသွားတယ်။
ဘ၀အတွေ့အကြုံအခက်အခဲကြားက
ကိုယ်လိုချင်တာကိုအရယူနိုင်ခဲ့တဲ့ပန်းနုကို
အားကျမိတယ်။
ဖြတ်သန်းနေရသည့်ကာလတစ်လျှောက်လုံး
အဆင်ပြေပါစေကွယ်။

နေ၀သန် said...

ဘ၀အတွေ့အကြုံက ဖတ်လို့ကောင်းတယ် မပန်းနုရေ.... လောကကြီးအလယ်မှာ ကိုယ်က ဘယ်အသိုင်းအ၀ိုင်းမှာ ကျင်လည်ရမယ်ဆိုတာကို မသိနိုင်တော့ ကြုံလာသမျှကို တခါတလေ ဥပက္ခာပြုနိုင်ရင် ခံစားရမှာတွေ သက်သာမှာပါ....း))))


ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

အခက်အခဲကြားထဲကနေကြိုးစားခဲ့တဲ့ညီမပန်းနုကိုချီးကျူးလေးစားမိပါတယ်.။
ဘယ်ပတ်ဝန်းကျင်ကိုပဲရောက်ရောက်ဥပေက္ခာတရားကိုလက်ကိုင်ထားတာ
ကောင်းသလို...........တဘက်ကလည်း စိတ်ချမ်းမြေ့မှုရမဲ့
စိတ်အခြေခံလေးတွေ မွေးမြူထားနိုင်ရမယ်..။
အစစအရာရာ အဆင်ပြေပျော်ရွှင်မှုရှိပါစေနော်..။
ခင်မင်စွာ
မသဒ္ဓါ

ဏီလင်းညို said...

ပန်းနုရေ.......

ဟုတ်တယ်ဗျာ......။
အဲ့ဒီလို ၀န်းကျင်မျိုးတွေကတော့ ကျောခိုင်းပစ်ခဲ့တာ မမှားပါဘူးဗျာ...။
ရွေးချယ်ခွင့်ဆိုတာ.......ကိုယ့်အပေါ်မှာမူတည်နေတတ်တာမျိုးဆိုတယ်လေနော်ဗျ......။
သင်တန်းတွေတက်ခဲ့တာကိုဖတ်ရတော့ ချီးကျူးမိတယ်.....တစ်ကယ်ဗျာ.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

သူကြီးမင်း (တုံးဖလား) said...

ဥပေက္ခာပြုသင့်တဲ့အရပ်၊ ဥပေက္ခာပြုသင့်တဲ့သူတွေကိုတော့ စောစောစီးစီး ဥပေက္ခာပြုလိုက်တာ အကောင်းဆုံးပါဘဲ ပန်းနုရေ။ အတွေ့အကြုံအစစ်အမှန်လေးတွေကို ဖတ်ရတာ အလွန်တန်ဖိုးရှိပါတယ်။ ဒါမှ လူ့လောကကြီးအကြောင်း သိခွင့်ရမှာလေ။

မြစ်ကျိုးအင်း said...

ဘဝကပေးတဲ့သင်ခန်းစာတွေက တန်ဖိုးရှိပါတယ်
ကိုယ့်အပေါ် မကောင်းတာသေချာရင်တော့ ဥပေက္ခာ ပြုလိုက်ပေါ့ ညီမရယ်။

မောင်သီဟ said...

အတွေ့ကြုံလေးတွေ လာဖတ်သွားတယ် မနှင်းဆီး)
ဥပေက္ခာပြုသင့်တင်ထင်ရင် ပြုလိုက်ပါ.. ရှေ့ ရဲရဲသာဆက်လျှောက်
အောင်မြင်မှုတွေစောင့်ကြိုနေတယ်ဗျး)

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..