နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
Showing posts with label Thoughts. Show all posts
Showing posts with label Thoughts. Show all posts
ဆန္ဒများနဲ့ ကိုယ်


မနက်ခင်းလေးမှာ လန်းဆန်းကြည်လင်စွာနိုးထလာတဲ့ ကိုယ့်မျက်နှာကို လေပြေနုနုအေးအေးလေးက ပွေ့ဖက်ကျီစယ်နေကြတယ်.. ကိုယ့်အကျင့်က မနက်အိပ်ရာနိုးတာနဲ့ အိမ်ရှေ့ ၀ရံတာ အပြင်ဘက် ထွက်ပြီး လေကို ၀အောင်ရှုရှိုက်တယ်.. ဟိုးဝေးဝေး က ရှုခင်းလေးတွေကို မျက်စိတစ်ဆုံး မြင်နိုင်သမျှ လှမ်းကြည့်တယ်.. တခါတလေမှာတော့ တိုက် ခေါင်မိုးပေါ်တက်ပြီး အရပ်၈မျက်နှာလုံးကို လိုက် ကြည့်ဖြစ်တယ်.. ဆူညံတဲ့ ကားသံတွေ၊ စက်သံ တွေ မကြားရ၊ နည်းပါးတာကြောင့် လေထုကလည်း သန့်စင် လတ်ဆတ်လို့ နေခဲ့တယ်.. ကိုယ်မသိ သေးတဲ့ နေရာက ထူးခြားချက်လေးတွေ တစ်ရက်နဲ့တစ်ရက် မတူတဲ့ အပြောင်းအလဲလေးက ကိုယ့်စိတ် ကို တစ်မျိုးလေး လန်းဆန်းစေတယ်…

ကိုယ်နေတဲ့နေရာက တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြို့ကလေးမို့ ကြည့်လေရာရာ တောင်တန်းပြာပြာတွေကိုသာ မြင်နေရတယ်.. တောင်တန်းတွေပေါ်မှာတော့ ဆက်သွယ်ရေးတိုင်ကြီးတွေ၊ လျှပ်စစ်ဓာတ်အား သယ်ယူပို့ဆောင်ပေးတဲ့ တာဝါတိုင်ကြီးတွေ အို! နေရာမလပ်ပါဘဲ.. ဒါကြောင့်လည်း ဘယ်နေရာဖြစ်ဖြစ် ဖုန်းက အချိန်မရွေး လိုင်းကောင်းနေခဲ့တယ်.. ဘယ်လောက်ပဲ ခေါင်တဲ့ အရပ်ဖြစ်နေပါစေ.. ဘယ်လောက်မြင့်တဲ့ တောင်တန်းတွေပေါ် ရောက်နေပါစေ.. လျှပ်စစ်ဓာတ်အား မရတဲ့ နေရာမရှိသလို ဖုန်းလိုင်းမမိတဲ့နေရာဆိုတာလည်း မရှိခဲ့ဘူး… တောင်တန်းမြင့်မြင့်မားမားတွေပေါ်က အိမ်တွေဆိုလည်း ညသန်းခေါင်မှာတောင် မီးရောင်တလက်လက်..တဖျတ်ဖျတ်ကိုလက်လို့.. မီးပျက်တယ် ဆိုတာ တစ်လနေလို့ တစ်ခါတောင် မရှိစဖူး.. ရှိခဲ့ရင်တောင် မိနစ်ပိုင်းအတွင်း ပြန်လင်းတတ်တာ. အင်တာနက်ဆိုတာ မြန်လွန်းလို့ ၀က်ဆိုဒ်တစ်ခုဖွင့်ဖို့ အချိန်စောင့်ဖို့ မလိုအပ်သလို၊ သူမ အင်တာနက်သုံးတဲ့ သက်တမ်းမှာ အင်တာနက် ကော်နက်ရှင်နှေးသွားတယ် ဆိုတာ ရှိကို မရှိခဲ့ဖူးတာပါ။


ကိုယ်နေတဲ့ မြို့မှာ လမ်းဘေးဝဲယာတိုင်း သစ်ပင် တွေကို စနစ်တကျ စိုက်ပျိုးထား တတ်ကြ ယ်.. မြက်ခင်းလေးတွေများ စိမ်းစိုနေတာပါဘဲ။ လမ်းတစ်လမ်းကို အပင်လှလှလေးတွေ မရှိတဲ့ လမ်းဆိုတာ မရှိသလောက်၊ တစ်ချို့လမ်းများဆို အပင်တွေ နှစ်ထပ်လောက်ကို စိုက်ပျိုးထား တတ်တယ်.. အပင်တွေရဲ့ အောက်မှာ အမှိုက်ပုံး လေးတွေ စနစ်တကျ ရှိနေတတ်သလို အချိန်မှန်လာ သိမ်းတတ်တဲ့ အမှိုက်ကားက ညနေတိုင်း သာယာ နာပျော်ဖွယ် တီးလုံးသံလေး ပေးတတ်တယ်.. လမ်းဘေး ပလက်ဖောင်းတွေဆိုတာများ တူရာတူရာ ကျောက်ပြားတွေ စနစ်တကျ ခင်းကျင်းထားလိုက်တာ။ အကွက်ကျကျ လှလို့။ ညဆိုရင်တော့ လမ်းဘေးက မီးတိုင် လှလှတွေမှာ ထိန်ထိန်ကို လင်းနေတော့တာ။

ကားနဲ့ ကိုယ်ခရီးသွားတော့ ထင်းရူးပင်တွေ စီရီနေတဲ့ တောင်တန်းကြီးပေါ်ကနေ ဖြတ်ဖောက်ထားတဲ့ လမ်းပေါ်ကနေ သွားခဲ့ရတယ်.. လမ်းကတော့ နက်မှောင်ပြောင်လက်နေတဲ့ ကတ္တရာလမ်းပါဘဲ.. တောင်တန်းကြီးတွေပေါ် ဖြတ်ပြီးဖောက်ထားတာမို့ ကွေ့ကွေ့ကောက်ကောက် ရှိလှသလို နက်ရှိုင်းလှတဲ့ ခြောက်ကမ်းပါးတွေရဲ့ဘေး၊ မြင့်မားလှတဲ့တောင်စောင်းတွေရဲ့ဘေးကို အသည်းတယားယားနဲ့ ကျော်ဖြတ်ခဲ့ရတယ်.. ကတ္တရာလမ်းဆိုတာ အပေါက်အပြဲရယ်လို့ တစ်ခုတစ်လေတောင် မတွေ့ခဲ့ရဘူး.. ညီညာ နေလိုက်တာ… လမ်းဘေး၂ဖက်လုံးမှာ တူးမြောင်းကလေးတူးထားတော့ မိုးရွာချိန်ဆိုရင်လဲ ကတ္တရာလမ်းပေါ် ရေ၀ပ်မနေဘဲ အလွယ်တကူစီးဆင်းသွားခဲ့တယ်.. လမ်းတစ်လျှောက်လုံးမှာ ဘေးနှစ်ဖက် ကတ္တရာသား အဆုံးတွေကို ကွန်ကရစ်တွေနဲ့ အနားသတ်ထားပြန်တော့ ရေတိုက်စားပြီး ကတ္တရာဘေးသားတွေ ပဲ့ပါမသွားအောင် စနစ်တကျ ဖောက်လုပ်ထားတာကို သဘောပေါက်မိတယ်..


ရှုခင်းတွေဆိုတာလည်း လှလိုက်တာ.. ရပ်သပ်ရှုမောပါပဲ… တောင်ခိုးတွေ တဝေေ၀၊ မြူခြေ ဆိုင်းဆိုင်းနဲ့ပေါ့…. တောင်ခြေနဲ့ တောင်တန်းတစ်လျှောက်မှာတော့ စိမ်းစိုဝေဖြာနေတဲ့ စိုက်ခင်းတွေ၊ တောတောင်တွေလည်း စိမ်းစိုလို့ပါဘဲ… တောင်တန်းတွေဆိုတာ အထပ်ထပ် ၊ တစ်ခုပေါ်တစ်ခုဆင့်နေတယ် မှတ်ရတယ်.. တိမ်တွေက တောင်ခါးပန်းမှာ ဝေ့ကာဝဲကာ.. လှလိုက်တာ.. ကြည့်လေရာရာ စိမ်းလန်းနေတော့ ခရီးသွားရင်း ကားပေါ်မှာ အိပ်ငိုက်တတ်တဲ့ အကျင့်လေးတောင် ပျောက်သွားခဲ့ရတယ်… တောထဲတောင်ထဲက သစ်ပင်ကြီး မြင့်မြင့်မားမား ထွားထွားကြိုင်းကြိုင်းတွေကို ကြည့်ပြီး အံ့သြမိတယ်.. ဒီသစ်ပင်တွေကို ဘယ်သူကမှ မခုတ်ကြဘူး.. သစ်ပင်ခုတ်ရင်လဲ ရမယ့်အပြစ်ဒဏ်က သိပ်ပြင်းထန်တယ် ဒီတော့ တော်ရုံနဲ့ ဘယ်သူကမှ သစ်ပင်မခုတ်ကြတော့ဘူး…

တောတောင်တစ်ခွင်လုံး စိမ်းစိုနေတဲ့ သစ်ပင်ကြီး တွေနဲ့ အေးမြလို့၊ လတ်ဆတ်သန့်ရှင်း တဲ့ လေ တွေက သစ်ရွက်စိမ်းရနံ့၊ တောတောင် အငွေ့ အသက်တွေနဲ့ မွှေးပျံ့သင်းထုံလို့ပါပဲ… စိတ်ကို လန်းဆန်းစေသလို လူကိုလည်း တက်ကြွ ရွှင်လန်း စေနိုင်တဲ့ သဘာဝ အလှတွေကို ခံစားမိရင်း ပျော်ရွှင်ကြည်နူးနေမိတယ်.. ကားစီးရင် အိပ်ငိုက်တတ်တဲ့ အကျင့်က ဘယ်ရောက်သွား ခဲ့မှန်းမသိဘူး… ဒီလောက်လှပတဲ့ ရှုခင်းတွေကို အိပ်စက်ခြင်းနဲ့ ဥပက္ခာပြုရမှာ နှမြောမိတယ်… ဒါကြောင့် ဒီခရီးတစ်လျှောက်လုံးတော့ ကိုယ်မျက်စိလေး တစ်ချက်တောင် မမှေးခဲ့မိဘဲ.. လန်းဆန်းတက်ကြွပြီး ကားပြတင်းကို တစ်ချိန်လုံးဖွင့်ပြီး ခေါင်းလေး လည်နေအောင်ကို ဟိုလှည့်ဒီလှည့်နဲ့ ပါလာတဲ့ ဖုန်းကလေးကိုထုတ်လို့ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေမိခဲ့တယ်…

ကိုယ်ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကို ဂျီတော့ကနေ နိုင်ငံရပ်ခြားက သူငယ်ချင်းတစ်ချို့ကို ပြမိတော့ ဟယ်လှလိုက်တာ.. အေးချမ်းလိုက်တာ.. ဒါ နင်တို့ မြန်မာပြည်ရဲ့ ဘယ်နေရာလဲ.. ရခိုင်ရိုးမလား၊ ရှမ်းတောင်တန်းတွေလား၊ ကချင်တောင်တန်းတွေလား၊ လမ်းတွေကလဲ ကောင်းလိုက်တာ ညီညာပြန့်ပြူးနေတာဘဲနော် ဆိုပြီး သူတို့တွေက ပြန်မေးကြတယ်.. ကိုယ် စိတ်ထဲထိထိခိုက်ခိုက် ခံစားလိုက်ရတယ်.. ဘာလို့လဲ ဆိုတော့ ဒီတောတောင်တွေနဲ့ စိမ်းစိုနေတဲ့ .. သစ်ပင်မြင့်မြင့်မားမားတွေ ၀ံ့ဝံ့ကြွားကြွားရှိနေတဲ့ တောအုပ်ကြီးတွေ ၊ တောင်တန်းကြီးတွေဟာ ကိုယ်တို့ မြန်မာပြည်က တောင်တန်းတွေပါ၊ သစ်ပင်တွေ မခုတ်ဘဲ စနစ်တကျရှိလို့ ၊ ခုတ်ပြီးရင်လည်း ပြန်လည်စိုက်ပျိုးခြင်းတွေ လုပ်ကြလို့ စိမ်းလန်း စိုပြေနေတာပါလို့ ဂုဏ်ယူဝံ့ကြွားစွာ ကိုယ်ပြောချင်လိုက်တာ… ညီညာပြန့်ပြူးစွာ အပေါက်အပြဲ ကင်းစင်နက်မှောင်နေတဲ့ ကတ္တရာ လမ်းတွေကိုလည်း ကိုယ်တို့ မြန်မာပြည်ရဲ့ လမ်းမကြီးတွေ ဖြစ်စေချင်မိတယ်..

ကိုယ်တို့မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း စနစ်ဟာ ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်တောင်တန်းတွေပေါ် ရောက်ရောက် ဆက်သွယ်မှုဧရိယာပြင်ပကို ဘယ်တော့မှ မရောက်တတ်တဲ့ စနစ်တွေပါလို့ ပြောချင်လိုက်တာ… နေ့ရော ညပါ လင်းလက်နေတဲ့ မြို့ပေါ်နဲ့ တောင်တန်းတွေ၊ တောနက်တွေက အိမ်တွေလို ကိုယ်တို့ သားချင်းတွေရဲ့ အိမ်တွေကိုလည်း ၂၄နာရီလုံး မီးလာနေတာတွေ ဖြစ်ချင်မိတယ်... အမြန်နှုန်းကောင်းလှတဲ့ အင်တာနက် ကွန်ယက်တွေဟာလည်း ကိုယ်ချစ်တဲ့ မြန်မာပြည်ကလူတွေ သုံးနေတဲ့ အင်တာနက် အမြန်နှုန်း ဖြစ်စေချင်မိတယ်.. တစ်မြို့လုံး စိမ်းစိုနေတဲ့ သစ်ပင်တွေ ဝေဆာပြီး အေးချမ်းနေတဲ့ မြို့ကလေးလို … ညဆိုရင် လမ်းတိုင်းမှာ မီးရောင်တွေ လင်းဖြာ ရွှန်းဝေနေတာမျိုး ကိုယ်တို့ရဲ့ မြန်မာပြည်က မြို့တိုင်းကို ဖြစ်စေချင်မိတယ်… ကိုယ်ဒါတွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောခွင့်ရဖို့ အချိန် ဘယ်လောက် စောင့်ရမလဲ။ ဘယ်အချိန်မှာများ ပြောခွင့်ရမလဲ။ ကိုယ်မျှော်လင့်ချင်လိုက်တာ။ အမြန်ဆုံး ပြောခွင့်ရချင်လိုက်တာ။ ဒီလိုဖြစ်စေချင်မိတဲ့ ဆန္ဒတွေကို သိပ်များလွန်းတယ်လို့ ဆိုကြလေမလား.. ဘယ်လိုဘဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ပြောခွင့်ရချင်မိပါတယ်လေ။


ဥပက္ခာဝန်းကျင်

ကိုယ် တို့တွေရဲ့ နေ့စဉ် လူမှုဘ၀ အခြေအနေမှာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် အခြေအနေ အမျိုးအမျိုးနဲ့ ကြုံဆုံခဲ့ ကြရမှာပါနော်.. ကိုယ်တိုင်လည်း ဒီအသက် အရွယ်အထိ ပတ်ဝန်းကျင် လုပ်ငန်းခွင်အခြေအနေ အမျိုး အမျိုးကို ကြုံတွေ့ခဲ့ဖူးပါတယ်. နှစ်လိုဖွယ် ပတ်ဝန်းကျင်၊ ပျော်ရွှင်ဖွယ် လုပ်ငန်းခွင်တို့ကို ကြုံတွေ့ ဖြတ်သန်းခဲ့ရသလို၊ စိတ်ပျက်ဖွယ် ပတ်ဝန်းကျင်၊ မွေ့လျော်ဖို့မကောင်းတဲ့ လုပ်ငန်းခွင် ကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။

ငယ်စဉ်က ကျောင်းနေခဲ့ရတဲ့ မြို့ကလေးကတော့ မကြီးမငယ် မြို့ကလေးပါ… ကျောင်းနေတဲ့အရွယ်မို့ လုပ်ငန်းခွင်အကြောင်း ပြောစရာမရှိသေးချိန်မို့ မြို့ကလေးအကြောင်းသာ ပြောပြချင်ပါတယ်.. မြို့ကလေးဟာ စီးပွားရေးမြို့ ဖြစ်သည့်အားလျှော်စွာပဲ စည်ကားပါတယ်.. မီးရထားလမ်းပေါ်မှာ ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တယ်လို့ ဆိုရမှာပါပဲ… အဲဒီမြို့ကလေးဟာ နွေးနွေးထွေးထွေးရှိပါတယ်.. တစ်ဦးနဲ့တစ်ဦး ကူညီ ရိုင်းပင်းစိတ်ကလေးတွေလဲ ရှိပြီး မြို့သူမြို့သားတွေဟာ ညီညီညွတ်ညွတ်ရှိပါတယ်..  ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေကိုလည်း တစ်မြို့လုံး အတိုင်းအတာနဲ့ လုပ်တတ်တာမို့ နေပျော်ဖွယ်ကောင်းတဲ့ မြို့ကလေးလို့ သတ်မှတ်ပါတယ်..

နောက်ထပ် အထက်တန်းကျောင်းတက်ခဲ့ရတဲ့ မြို့ကလေးကတော့ ပြည်နယ်တစ်ခုရဲ့ မြို့ကြီးဖြစ်တာကြောင့် ပတ်ဝန်းကျင် အနေအထား ကျယ်ပြန့်သွားပြီဖြစ်တာကြောင့် သေးစိတ် မသိနိုင်တော့ပါဘူး.. မြို့ အနေအထားကတော့ သာသာယာယာ ရှိလွန်းလှပါတယ်.. သစ်သီးဝလံ ပေါများပြီး ရာသီဥတုလဲ သင့်တင့်မျှတတာကြောင့် နေချင်စရာကောင်းလွန်းလှပါတယ်.. တောတောင်သဘာဝအလှရဲ့ ရှုခင်းတွေကို အပြည့်အ၀ခံစားနိုင်တဲ့ မြို့လည်းဖြစ်ပါတယ်.. မြို့ရဲ့ လမ်းတိုင်းမှာ သစ်ပင်ကြီးတွေ စီစီရီရီရှိတာကြောင့် နွေအချိန်ဆိုရင်တောင် အေးအေးမြမြ ရှိတတ်တဲ့ မြို့လဲဖြစ်ပါတယ်.. ဒါကြောင့် ဒီမြို့ဟာလည်း ကျွန်မအတွက်တော့ နေပျော်ချင်စရာ မြို့တစ်မြို့ဖြစ်ပါတယ်..

တက္ကသိုလ်တက်ချိန်မှာတော့ အပူပိုင်းဒေသရဲ့ မြို့ကြီးတစ်မြို့မှာ တက်ရောက်ခဲ့ပါတယ်.. ပူလွန်းတာကြောင့် အပြင်ကို သိပ်မထွက်ဖြစ်ဘဲ ကျောင်းနဲ့ အဆောင်သာ အချိန်ကုန်ခဲ့ရပါတယ်.. ကျောင်းတက်စဉ် ကာလကတော့ သူငယ်ချင်းတွေ များများစားစား မရှိခဲ့ပေမယ့် ရှိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့လည်း တစ်ခါမှ ပြန်မဆုံဖြစ်တော့ပါဘူး. မဆုံဖြစ်တော့ပေမယ့် သတိတရတော့ ရှိနေတတ်ခဲ့ပါတယ်. ဒီမြို့အကြောင်း ပြောရရင်တော့ မြန်မာဆန်မှုတွေ တော်တော်များများ ရှိနေသေးတဲ့ မြို့ပါပဲ… သမိုင်းဝင် အထင်ကရ နေရာတွေ ရှိနေတဲ့ မြို့မို့ တန်ဖိုးထားစရာ မြို့တစ်မြို့ပါပဲ..

လုပ်ငန်းခွင် ၀င်ရောက်တဲ့ မြို့ကတော့ ရွှေမြို့တော် ရန်ကုန်ပါ.. ရန်ကုန်မြို့ကတော့ ထုံးစံအတိုင်း မွန်းကြပ်မှုတွေ အဆင်မပြေမှုတွေ ခြေထိုးမှုတွေ ကြုံရတဲ့ မြို့ဖြစ်ပါတယ်.. ဒါက လုပ်ငန်းခွင်ကို ၀င်ရောက်ပြီဖြစ်လို့ ကြုံတွေ့ရတတ်တဲ့ ပါတ်ဝန်းကျင်သာ ဖြစ်ပါတယ်.. ပထမဆုံး လုပ်ငန်းခွင်မှာ ကြုံတွေရတဲ့ အခက်အခဲကတော့ သွေးပျက်လောက်အောင် စိတ်ညစ်ညူးစရာ ကောင်းခဲ့ပါတယ်.. သ၀န်တိုတတ်လွန်းသော သူဌေးရဲ့ ဇနီးကြောင့် စိတ်ဆင်းရဲခြင်းကြီးစွာ ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့ရဲ့ ပထမဆုံး လုပ်ငန်းခွင်ဖြစ်ခဲ့ပါတယ်.. ကိုယ်အလုပ်ထွက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြံဆောင်နေတဲ့ သူဌေးကတော်ကြောင့် ၂လထက်အပြင် ပိုမလုပ်နိုင်တော့ဘဲ အချိန်အတိုဆုံး အလုပ်လုပ်ခဲ့တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်.. အလုပ်မှာ အတူလုပ်ခွင့်ရသူ အစ်မတစ်ယောက်ဟာလည်း မနွေးထွေးသော၊ မာယာများသော၊ သူဌေးကတော်ကို အပီအပြင်ပေါင်းကာ အခြားသူအကြောင်း သွေးထိုးတတ်သော သူတစ်ယောက် ဖြစ်နေခဲ့တာကြောင့်လည်း လုပ်ငန်းခွင်မှာ ပိုပြီး နေမပျော်ဖြစ်ခဲ့ရပါတယ်.. ဘွဲ့ကလေးတစ်ခုသာ ပိုက်ပြီး ရန်ကုန်ရောက်လာသူ တစ်ယောက်ရဲ့ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတဲ့ ကာလလည်း ဖြစ်ပါတယ်..


ရန်ကုန်လိုမြို့ကြီးမှာ သာမာန်ဘွဲ့လေးတစ်ခုနဲ့ ၀င်တိုးဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဒါကြောင့် ကွန်ပျူတာ ဒီပလိုမာ သင်တန်းတစ်ခုကို  အခက်အခဲကြားက တတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်.. ဒီသင်တန်းတက်ဖို့ တော်တော်ကို ရုန်းကန်ခဲ့ရပါတယ်.. ရုန်းကန်တယ် ဆိုတဲ့နေရာမှာ အလုပ်တစ်ဘက်နဲ့မို့ တော်တော်ကို ခက်ခဲခဲ့တာပါ.. ဒီလုပ်ငန်းခွင်မှာ ၂လလောက်နေဖြစ်ပြီး နောက်ထပ် ဘယ်လိုမှ ဆက်နေလို့ မဖြစ်တော့တာကြောင့် သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ အခြားနေရာမှာ အလုပ်တစ်ခု ရပါတယ်.. သို့သော် အဲဒီအလုပ်ဟာ ကိုယ်မလုပ်ချင်တဲ့ အလုပ်၊ တစ်နေကုန်ပြင်ကိုသာ ထွက်နေရတဲ့ အလုပ်မို့ ၆လလောက်သာ လုပ်ဖြစ်ခဲ့ပါတယ်.. ပြီးတော့ အလုပ်ရှင်က ကိုယ်သင်တန်းတွေ တက်တာကို သဘောမကျပါဘူး.. သူကိုယ်တိုင်ကျ ဘွဲ့တွေများစွာ ယူထားပေမယ့် သူ့အလုပ်သမားတွေ သင်တန်းတက်တာကိုတော့ မကြည်ဖြူတဲ့ သူတစ်ယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ ကိုယ်ကတော့ အလုပ်ရှင် ဘယ်လိုပင် ငြူစူပေမယ့် ကိုယ့်သင်တန်းကို ပြီးဆုံးအောင် တက်ဖြစ်ခဲ့ပါတယ်.. တစ်ညကို ၄ နာရီသာ အိပ်ချိန်သတ်မှတ်ပြီး စာကျက်ချိန် ရအောင်ထားခဲ့ရပါတယ်.. ဒီလိုနဲ့ အလုပ်တစ်ဘက် လုပ်ရင်းက ဒီပလိုမာ သင်တန်း၂ခုကို တစ်ပြိုင်တည်းတက်ပြီး စာမေးပွဲကို ရအောင်ဖြေခဲ့ပါတယ်..


နောက်ထပ် ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်တစ်ခုက ရန်ကုန်မြို့ရဲ့ နာမည်ကြီး ရုပ်ရှင်ရုံများပိုင်ရှင်ရဲ့ ရုပ်ရှင်ရုံတွေမှာ လက်ထောက်မန်နေဂျာ တာဝန်နဲ့ ၀င်ရောက်ခဲ့ရတဲ့ လုပ်ငန်းခွင်ပါ.. စည်းကမ်း တင်းကြပ်လွန်းလှတာကို သဘောကျပေမဲ့ အရောင်းဝန်ထမ်း၊ စက်ကိုင် အင်ဂျင်နီယာများ၊ စတဲ့ ၀န်ထမ်းများကို ဘယ်လိုသက်တန်းမျိုးကိုမှ တက်ခွင့်မပေးတဲ့ လုပ်ငန်းခွင်ပါ.. သိပ်ကို ဆိုးရွားလွန်းလှပါတယ်.. ၀န်ထမ်းတွေရဲ့ ရှေ့ရေးကို ပိတ်ပင် ချုပ်ခြယ်ထားတဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ အလုပ်ရှင်လို့ ပြောရမှာ ဖြစ်ပါတယ်.. သင်တန်းတက်တာ သိရင် ချက်ခြင်းအလုပ်ထုတ်ပစ်တဲ့ နေရာတစ်ခုပါ.. အလုပ်ချိန်က မနက် ၈း၄၅မှ ည၁၀နာရီထိ ဖြစ်ပါတယ်.. အလုပ်ချိန်များလွန်းတဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်.. သို့သော် ကိုယ်ကတော့ တက်လက်စ ဒီပလိုမာတန်းကို ရအောင်ခိုးပြီး တက်ခဲ့ပါတယ်.. အဲဒီကနေ သင်တန်း level တစ်ခုရဲ့ စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်. သင်တန်းတက်နေရင်း တင်းကြပ်လွန်းတဲ့ အလုပ်ချိန်ကို တက္ကစီအားကိုးပြီး အချိန်မှီရောက်အောင် တက်ခဲ့ပါတယ်… ကိုယ်ဒီလိုတက်ခဲ့တာကို လူကြီးပိုင်းဘယ်သူကမှ မသိလိုက်ကြပေမယ့် အဲဒီအလုပ်ကနေ ထွက်ချိန်မှာ ကိုယ့်အထက်လူကြီးကို အဲဒီအကြောင်း ပြောဖြစ်အောင် ပြောပြဖြစ်ခဲ့ပါတယ်.. လောကမှာ ဘယ်အရာကိုမှ ကန့်သတ်ချုပ်ခြယ်လို့မရသလို လူတစ်ယောက်ရဲ့ တိုးတက် အောင်မြင်ရေး လမ်းကြောင်းကို ချုပ်ချယ်တဲ့ အဲဒီ လုပ်ငန်းခွင်ဟာ နှစ်လိုဖွယ်မရှိတဲ့ နေရာဖြစ်ကြောင်း သူတို့သိအောင် ကိုယ် ပြောဖြစ်ခဲ့ပါတယ်.. အဲဒီမှာလည်း ၆လလောက်သာ လုပ်ပြီး ထွက်ဖြစ်ခဲ့ပါတယ်…

နောက်ကြုံရတဲ့ လုပ်ငန်းခွင်ကတော့ နိုင်ငံခြားသားပိုင် Company တစ်ခုဖြစ်ပါတယ်.. နိုင်ငံခြားသား တော်တော်များများ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်.. ဒီမှာလည်း စိတ်ဆင်းရဲစရာပြည့်နေတဲ့ မပျော်ရွှင်စရာ လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့ပါတယ်. နိုင်ငံခြားသားလက်အောက်မှာ ကိုယ့်ကိုယ်ကို မလုံခြုံခြင်းဆိုတာကို ခံစားရပါတယ်.. သူဌေးဖြစ်သူကလည်း ၀န်ထမ်း အမျိုးသမီးလေးတွေကို သူတို့နိုင်ငံခြားသား ၀န်ထမ်းတွေနဲ့ နီးစပ်အောင် လုပ်ပေးတတ်တဲ့ မနှစ်မြို့ဖွယ် လူစားမျိုးဖြစ်ပါတယ်.. ထိကပါးရိကပါး ပြောတတ်တဲ့ နိုင်ငံခြားသားတစ်ချို့နဲ့ ညနေရုံးဆင်းချိန်တိုင်း စားသောက်ဆိုင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြုလုပ်တဲ့ ဒင်နာပွဲကို အမြဲတက်ရတဲ့ ဒုက္ခကို ဘယ်လိုမှ သည်းခံနိုင်ဖို့ မရှိတော့လို့ သိပ်ကောင်းမွန်တဲ့ လစာရခဲ့ပေမယ့် အလုပ်ထွက်ဖြစ်ခဲ့ပါတယ်.. ဒီလို လုပ်ငန်းခွင်မျိုးကတော့ သည်းမခံနိုင်ဖို့ကောင်းတဲ့ စိတ်ပျက်ဖွယ် လုပ်ငန်းခွင်ဖြစ်ပါတယ်..

အဲဒီကာလမှာ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူနေဖြစ်ပါတယ်.. သူပိုင်တဲ့ တိုက်ခန်းမှာပါ.. ပိုက်ဆံပေးစရာမလိုဘဲ အလကားနေရတာ ဖြစ်ပါတယ်.. ဒါပေမဲ့ ပိုက်ဆံမပေးရတဲ့ အတွက် သူငယ်ချင်းဖြစ်သူရဲ့ ထမင်းဗူးကို တာဝန်ယူပြီး စီစဉ်ပေးရပါတယ်.. ပြီးတော့ သူ့အမျိုးအဆွေတွေရဲ့ ကိစ္စတွေပါ လုပ်ပေးရခြင်းပါပဲ.. သူ့ကျေးဇူးရှိတယ်ဆိုတာ ကိုယ်နားလည်ပါတယ်.. ဒီလောက်ကို ကိုယ်လုပ်နိုင်ပေမယ့် စကားပြောရင် အထက်စီး ဆန်လွန်းတာကိုတော့ သည်းခံရတာ အလွန်ခက်ခဲပါတယ်. နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တဲ့အချက်က ကိုယ်ရေးကိုယ်တာတွေကို စပ်စုခြင်းပါပဲ.. ကိုယ့်ဒိုင်ယာရီကအစ ခိုးဖတ်တတ်တဲ့ ဒီလို သူငယ်ချင်းမျိုးနဲ့ အတူ နေနေရတာ သိပ်စိတ်ပျက်လာမိပါတယ်.. ဒါကြောင့် ကိုယ်တစ်ယောက်တည်း သီးသန့်နေဖို့ စီစဉ်ပြီး သူငယ်ချင်းဆီကနေ ရုန်းထွက်ဖြစ်ခဲ့ပါတယ်.. ပိုက်ဆံကုန်ပေမယ့် စိတ်ချမ်းသာခဲ့ပါတယ်..


နောက်ဆုံးကြုံရတဲ့ လုပ်ငန်းခွင်ကတော့ သိပ်ကိုကောင်းမွန်ပါတယ်.. ၀န်ထမ်းအချင်းချင်းကြား ကြုံရတဲ့ အသေးအမွှား ပြဿနာလေးတွေ၊ လုပ်ငန်းခွင်ရဲ့ အခက်အခဲလေးတွေ ရှိတတ်တာကလွဲလို့ နေပျော်ချင်စရာ လုပ်ငန်းခွင်ကလေးပါ.. နိုင်ငံခြားနဲ့လည်း ဆက်အသွယ် အများကြီး လုပ်ခွင့်ရတဲ့ အတွက် ၀န်ထမ်းတွေ အတွက်လည်း တိုးတက်စေနိုင်တဲ့ နေရာပါ.. ဌာနဆိုင်ရာတွေနဲ့လည်း ၀င်ထွက်သွားလာခွင့်ရတဲ့အတွက် အတွေ့အကြုံကောင်းများစွာ ရရှိခဲ့တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့ပါတယ်.. ၀န်ထမ်းတွေအတွက် လိုအပ်တဲ့ သင်တန်းတွေကိုလည်း Company မှာတင် ဆရာတွေခေါ်ပြီး သင်တန်းပေးတဲ့ အတုယူစရာ လုပ်ငန်းခွင်ဖြစ်ပါတယ်.. ဒီလုပ်ငန်းခွင်ကနေ ကိုယ်နောက်ထပ် ဒီပလိုမာ ၂ခု ထပ်ယူဖြစ်ခဲ့ပါတယ်.. လုပ်ငန်းခွင်ကိုလည်း မထိခိုက်စေဘဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်.. ဒီအတွက် ပင်ပန်းခဲ့ရတာတွေ စတေးခဲ့ရတာတွေကတော့ အများကြီးပါပဲ.. ဒါပေမဲ့ ရလာတဲ့ ရလာဒ်အတွက်တော့ ပင်ပန်းပေမယ့် ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်..
 
ကိုယ့်ရဲ့ စိတ်သဘောကတော့ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ချင်ပြီး လူမှုရေးရှုပ်ထွေးတာမျိုးကို မကြိုက်ပါဘူး.. အဲလိုနေရာမျိုးမှာလည်း မလုပ်ချင်ပါဘူး..  ကိုယ်က ကောင်းရက်နဲ့ နေလို့မပျော်တဲ့ လုပ်ငန်းခွင်မျိုးဆိုရင် လစာဘယ်လောက် ကောင်းကောင်း ရုန်းထွက်ဖို့ ကြိုးစားမှာပါပဲ.. ရုန်းမထွက်နိုင်ခင် တစ်နေ့အထိတော့ သည်းခံပြီးလုပ်မှာဖြစ်ပေမယ့် လုံးဝသည်းမခံနိုင်တဲ့တစ်နေ့ သို့မဟုတ် လုံးဝကို မသင့်တော်တဲ့ လုပ်ငန်းခွင်သာ ဖြစ်နေခဲ့ရင်တော့ အမြန်ဆုံး ရုန်းထွက်ဖြစ်အောင် ကြိုးစားတတ်ပါတယ်.. ဒီလိုပါပဲ ဘယ်လူမှုဝန်းကျင်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို မပျော်ရွှင်စေတဲ့နေရာ၊ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့နေရာ၊ ကိုယ်မလုပ်ချင်တာ လုပ်နေရတဲ့ နေရာ၊ ကိုယ့်တက်လမ်းတွေကို ပိတ်ပင်ထားတဲ့ နေရာသာ ဖြစ်နေခဲ့ရင် ရုန်းထွက်မှာပါပဲ.. ကိုယ့်စိတ်ကို နာကျင်စေတဲ့နေရာဒေသ ပတ်ဝန်းကျင်၊ စိတ်ရှုပ်ထွေး မွန်းကြပ်စေတဲ့ လုပ်ငန်းခွင်၊ စိတ်ညစ်နွမ်းစေတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးမျိုးကို လုံးဝမကြုံတွေ့ချင်ပါဘူး… ကိုယ့်စိတ်ကို အနာတရ ဖြစ်စေမယ့် လူမှုဝန်းကျင်ဆိုရင်လည်း ဒီဝန်းကျင်ကနေ စွန့်ခွာဖို့ ကြိုးစားမှာပါ..

လူတိုင်းကို ရင်းရင်းနှီးနှီး ဆက်ဆံခဲလှပေမယ့် ကိုယ်ခင်မင်တဲ့ သူတွေအပေါ်မှာတော့ အကောင်းဆုံးဖြစ်အောင် တန်ဖိုးထား ဆက်ဆံချင်ပါတယ်.. ကိုယ့်အပေါ် တစ်ကျပ်ဖိုး ကောင်းရင်တောင် တစ်ရာဖိုးလောက် ပြန်ကောင်းပေးချင်ခဲ့သူပါ.. ထိုသူများကိုလည်း ကိုယ်ကသာ အကူအညီပေးချင်ပါတယ်.. ဘယ်အကူအညီ မျိုးကိုဘဲဖြစ်ဖြစ် မငြင်းပယ်ချင်လောက်အောင် လိုအပ်သမျှ လုပ်ပေးချင်မိပါတယ်.. ဒါကို ကိုယ်နဲ့ ရင်းရင်းနှီးနှီး ခင်မင်ခဲ့သူတိုင်းက သိကြပါတယ်..  သို့သော်လည်း လုပ်ငန်းခွင်ပဲဖြစ်ဖြစ် လူမှုဝန်းကျင်မှာပဲဖြစ်ဖြစ် သည်းခံခြင်း ဆိုတဲ့နေရာမှာတော့ အတိုင်းအတာ ရှိပါတယ်.. အတိုင်းအတာထက် ကျော်လွန်ခဲ့ပြီ ဆိုရင်တော့ စိတ်ပျက်စွာနဲ့ ဥပက္ခာပြုလိုက်ဖို့သာ ကိုယ်ဆုံးဖြတ်မှာပါ.. ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝ တစ်သီးတစ်သန့် နေတတ်တဲ့စိတ်က သူများကိုလည်း စော်ကားဖို့ ၀န်လေးသလို ကိုယ့်ကို စော်ကားရင်လည်း ခံနိုင်ရည် နည်းပါးပါတယ်.. အဲလို စော်ကားခံရရင်လည်း တနုံ့နုံ့နဲ့ မေ့ပျောက်နိုင်ဖို့ ခဲယဉ်းပါတယ်… စိတ်မနာနိုင်တဲ့ အချိန်အထိ သည်းခံနိုင်ပေမဲ့ စိတ်ထဲမှာ နာသွားခဲ့ပြီ ဆိုရင်တော့ အဲဒီ ၀န်းကျင်ကနေ ကိုယ်ရုန်းထွက်မှာပါ.. ပျော်ရွှင်ချမ်းမြေ့ဖွယ် ဆက်ဆံရေးမျိုး၊ လူမှုဝန်းကျင်မျိုးလေးကို တန်ဖိုးထားပြီး လိုချင်မိပေမဲ့လို့ ကိုယ်မျှော်လင့်တဲ့ နားလည်နွေးထွေးသော ဆက်ဆံရေးမျိုး၊ လူမှုဝန်းကျင်မျိုး မဖြစ်လာခဲ့ဘဲ စိတ်မချမ်းမြေ့ဖွယ် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို ရောက်နေပြီ ဆိုရင်တော့လည်း အဲဒီနေရာလေးကနေ ဥပက္ခာတရား ဆိုတာကို လက်ကိုင်ထားလို့ ကိုယ် ကျောခိုင်းနိုင်အောင် ကြိုးစားတော့မှာပါ.. ……

 ပန်းနုနှင်းဆီ

ချစ်မိတဲ့ ပန်းကလေးများ

ကိုယ့်ရဲ့ဘ၀မှာ ပန်းကလေးတွေကို အရမ်းချစ်ခဲ့
ဖူးတယ်..ချစ်ခဲ့ဖူးတယ်ဆိုလို့အခုမချစ်တော့ဘူး
လားမေးစရာနော်.. အခုလဲချစ်ပါတယ်..နောင်ကို
လည်း ချစ်နေဦးမှာသေချာပါတယ်..ပန်းဆိုရင်ငယ်
ငယ်ကလေးတည်းက ဘယ်ပန်းမဆို ချစ်ခင်နှစ်
သက်မြတ်နိုးမိတယ်.. ရနံ့တွေကြောင့်နှစ်သက်မိ
သလို အဆင်းကြောင့်လည်း နှစ်သက်မိတတ်ပါ
တယ်.ကိုယ် ချစ်ခင်နှစ်သက်မိတဲ့ ပန်းကလေး
တွေအကြောင်းသတိတရနဲ့စာရေးချင်လာမိတာ
ကြောင့် ရေးဖြစ်ပြန်ပါပြီ။


မှတ်မှတ်ရရ ပန်းတွေကို စပြီး တန်ဖိုးထားတတ်လာတာ ၆တန်း ၇တန်းအရွယ်လောက်က စပါတယ်... ကျောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ မိုးရာသီရောက်တိုင်း မွှေးပျံ့ကြိုင်လှိုင်စွာ ပွင့်ဝေတတ်တဲ့ ပန်းခရေလေးတွေပေါ့ … ကျောင်းပတ် ပတ်လည် တစ်လျှောက်လုံး ခရေပင်တွေ တန်းစီနေတယ်လေ.. အိုး… တန်းစီနေတဲ့ ခရေပင်အောက်က ပွင့်ကြွေတွေကို ကောက်ချင်လွန်းလို့ ဝေးမှန်းသိပေမဲ့ ကျောင်းကို တစ်ပတ်ပတ်မိအောင် လမ်းလျှောက်ပြီး ခရေပင်အောက် တိုင်းမှာ ကြွေနေတဲ့ ပန်းကလေးတွေကို ၀င်ဝင်ပြီးကောက်မိလို့ ကျောင်းခနခန နောက်ကျရတာ မှတ်မိနေပါသေးတယ်.. လက်ခုပ်လေးထဲမှာ အပြည့်ရှိနေတဲ့ ခရေပွင့်လေးတွေရဲ့ ရနံ့က မွှေးကြိုင်သင်းထုံလို့ စွဲမက်စရာ ကောင်းလွန်းလှတယ် မဟုတ်ပါလားနော်.. အော်.. ကြွေပေမဲ့ ရနံ့မပျယ်ဘဲ လောကကို အလှဆင်နိုင်စွမ်းသေးတဲ့ ချီးကျူးစရာ ပန်းကလေး ပါဘဲလေ… သူ့လိုမျိုးလေး လောကကြီးကို တတ်စွမ်းသလောက်လေးတော့ အလှဆင်ခွင့် ရချင်ပါသေးတယ်.. ဖြစ်နိုင်ခဲ့ရင်ပေါ့..


ကိုယ် နှစ်သစ်တဲ့ ပန်းနောက်တစ်မျိုးက ခင်မင်ရသော သူငယ်ချင်းလေး တစ်ယောက်ရဲ့ အိမ်နောက်က ပန်းခြံထဲမှာ တခုတ်တရ စိုက်ပျိုးထားတဲ့ ခွာဝါပန်း ၀ါဝါလေးတွေပါ.. သူတို့ခြံထဲမှာ အားလပ်ချိန်တွေဆို သူငယ်ချင်းတွေစုပြီး စာသွားသွားကျက်လေ့ ရှိပါတယ်.. ပန်းပင်လေးတွေရဲ့ အရိပ်အောက်မှာထိုင်ပြီး သင်းပျံ့ပျံ့ပန်းရနံ့လေးတွေကို ရှုရှိုက်ရင်း သူငယ်ချင်းတွေစုပြီး စာကျက်ခဲ့ရတာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်ရစရာ အချိန်ကလေးတွေ ဖြစ်ခဲ့ဖူးပါတယ်.. ခုတော့ စာအတူကျက်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်နေရာစီ ဝေးကွာကြပြီး ပြန်မဆုံဖြစ်ကြတော့ပါဘူး.. ဒါပေမဲ့ စိတ်ထဲကတော့ မှတ်မှတ်ရရ အမြဲတမ်း ရှိနေဖြစ်ခဲ့ပါတယ်.. ခွာဝါပန်းကလေးတွေဟာ ပေါပေါများများ တွေ့ရလေ့ မရှိတတ်တဲ့ ပန်းကလေးတွေပါ.. လွန်ခဲ့တဲ့ နှစ်များဆီက မမျှော်လင့်ဘဲ ရန်ကုန်မြို့ရဲ့ လမ်းတစ်နေရာမှာ အဲဒီ ခွာဝါပန်း ၀ါဝါကလေးတွေ ပြန်တွေ့လိုက်ရတော့ ငယ်ဘ၀ကို တမ်းတမ်းတတ ပြန်သတိရသွားမိခဲ့တယ်.. သူလေးက ရနံ့မရှိပေမဲ့ ၀ါလွင်လွင်အရောင်လေးနဲ့ သိပ်ကို ချစ်စရာကောင်းပါတယ်။


နောက်ထပ် နှစ်သက်မိတဲ့ ပန်းတစ်မျိုးက သူငယ်ချင်းရဲ့ အိမ်ရှေ့မှာ စိုက်ထားတဲ့ ခပ်မြင့်မြင့်ပင်စည်နဲ့ အလွန်မွှေးကြိုင်စွာ ပွင့်ဝေတတ်တဲ့ ပုန်းညက်ပန်းပါ.. သူကလဲ မိုးရာသီမှာသာ ပွင့်တဲ့ ပန်းမျိုးပါဘဲ.. ပွင့်ဖတ်ကလေးတွေက ဖယောင်းသား လေးလို ညက်ညက်ညောညောနဲ့ ဖြူဖြူအိအိလေး.. အလယ်က ၀တ်ဆံတိုင်နဲ့ ၀တ်မှုံတို့က ၀ါရွှေနွယ်သွေးနဲ့ အတော်လေးကို မွှေးတဲ့ ပန်းကလေးပါ.. ချိုချိုအီအီ ရနံ့မျိုးလေးမို့ သူကလဲ တစ်မျိုးစွဲမက်ဖို့ ကောင်းလွန်းလှပါတယ်.. ခုချိန်မှာတော့ မေမေ့ရဲ့ ခြံကလေးထဲမှာ စိုက်ထားတဲ့ အပင်ကလေးမို့ ပိုလို့ အချစ်တိုးရပြန်ပါတယ်.. မိုးစက်တွေ အဆက်မပြတ် ရွာသွန်းတတ်တဲ့ ခုလိုမိုးကာလမှာ အစိမ်းရောင်မြ၀တ်လွှာ ရွက်စိမ်းတွေကြားက ဖူးငုံစပြုနေတဲ့ ပုလဲလုံးလေးတွေလို ပုန်းညက်ဖူးတွေက မြင်ရတာ ရင်ခုန်ချင်စရာ ကောင်းလွန်းလှတယ်..


စပါယ်ပန်းကိုတော့ နှစ်သက်မိတဲ့ ပန်းကလေးတွေရဲ့ စာရင်းထဲကနေ ချန်ထားလို့ ဘယ်ဖြစ်မှာလဲနော်.. သူကလဲမိုးရာသီကို အစွမ်းကုန် အလှဆင်ပေးတဲ့ ဖြူစင်လှပတဲ့ ငွေကြယ်ပွင့်ကလေးတွေဘဲ မဟုတ်လား.. ကိုယ်တို့ ငယ်ငယ်က နေခဲ့တဲ့ အရပ် ဒေသမှာတော့ မိုးရာသီမှသာ စပါယ်တွေ ပွင့်ဝေကြပေမဲ့ ရန်ကုန်မြို့ကြီးမှာတော့ ၁၂ရာသီ စပါယ်တွေ ဝေနေတာ တွေ့ခဲ့ရပါပြီ.. တတ်လဲ တတ်နိုင်ကြပါတယ်နော်.. ရာသီမသိ ပန်းနဲ့လဲ ညှိလို့ရမယ် မထင်တော့ပါဘူးလေ… မိုးမရွာတဲ့ လသာသာညများဆိုရင် ဖွေးဖွေးလှုပ်နေတဲ့ စပါယ်ရုံဘေးမှာ ချစ်သူနဲ့ချိန်းတွေ့ကြဖူးသူများ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ ကိုယ်တိုင်တော့ မတွေ့ခဲ့ဖူးတဲ့အတွက် ဒီခံစားချက်ကိုတော့ မသိတတ်နိုင်ပါဘူး… လသာသာညမှာ စပါယ်ပွင့်တွေတော့ ခူးခဲ့ဖူးပါတယ်.. ကြူကြူသင်းတဲ့ စပါယ်ရနံ့သင်းသင်းလေးက နှာဝမှာကလူကြည်စယ်ရင်း ကောင်းကင်ပေါ်က လမင်းကြီးက ပြုံးတုံ့တုံ့နဲ့ ငုံ့ကြည့်ရင်ပေါ့.. ညချမ်းကလေးမှာ ဖုးငုံရာကနေ ပွင့်အာစပြုလာတဲ့ စပါယ်ဖြူ နုနုထွေးထွေးလေးတွေကို ခူးရတာ အိုး ဘယ်လောက်များ ကြည်နူးဖွယ် ညချမ်းကလေးဖြစ်လေသလဲ စဉ်းစားကြည့်ပါဦးနော်..


ပိတောက်ပန်းကိုတော့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး… ရာသီပန်းမို့ နှစ်သစ်စရာကောင်းသလို နှလုံးသားထဲမှာ စွဲငြိအောင် မွှေးလွန်းလို့လဲ ချစ်ခင်မြတ်နိုးရပါတယ်.. သူ့ကိုတော့ ခပ်ငယ်ငယ် ၂တန်း၃တန်းလောက်ကတည်းက အိမ်ရှေ့မှာ အပင်ကြီး ရှိနေလို့ ရင်းနှီးခဲ့ရတာပါ.. အပင်ပေါ်က ပန်းကို မရနိုင်တဲ့အခါ အပင်အောက်ခြေမှာ လေအလွှင့် ကြွေဆင်းလာတဲ့ ပွင့်ကြွေ လေးတွေကို မြတ်နိုးစွာ သီကုံးလို့ ပန်ဆင်ခဲ့ဖူးပါတယ်.. ပွင့်ကြွေတွေကိုဘဲ အိပ်ရာ ကဗ္ဗလာထက်မှာ ဖြန့်ခင်းလို့လဲ လျောင်းစက်ခဲ့ဖူးပါတယ်.. ပိတောက်နဲ့ပတ်သက်ရင် အမှတ်ရစရာလေးတွေ ခုချိန်ထိ မှတ်မှတ်ရရဖြစ်နေဆဲပါ… ရင်ခုန်တတ်စ ငယ်ရွယ်စဉ်အချိန်မှာ ပိတောက်ဟာ ကိုယ့်ကို အမှတ်ရစရာ များစွာကို သိမ်းဆည်းထားပေးတဲ့ ပန်းကလေးတစ်မယ်ပါဘဲ..


ဆောင်းရာသီကို လှပသင်းထုံစေတဲ့ ပန်းကလေးတစ်မျိုးက ခွာညိုပန်းကလေးတွေပါ..ငယ်ငယ်က ကိုယ်ကြီးပြင်းရာအရပ်မှာ သဇင်ပန်းဆိုတာ အလွန်ရှားပါးပါတယ်.. မြို့ကြီးပြကြီးရောက်မှသာ သဇင်ပန်းကို မြင်ဖူးလာရပါတယ်. အဲဒီအချိန်က ဆောင်းရာသီရဲ့ တန်ဖိုးထားစရာ ပန်းကလေးကတော့ နှင်းရည်ကိုဝလင်စွာသောက်သုံးပြီးလို့ အစွမ်းကုန် လှပဝေဆာ ဖူးပွင့်တတ်ပါသော ကြူကြူသင်းတဲ့ ညိုပြာပြာအဆင်း ခွာညိုပန်းကလေးတွေသာ ဖြစ်ခဲ့ပါတယ်..ခုချိန်မှာတော့ နယ်ဒေသတွေ ပြန်ရောက်ဖြစ်မှသာ ပြန်ဆုံးဆည်းခွင့်ရတတ်ပါတယ်... မြို့ပြတွေမှာ တွေ့ဖို့ခဲယဉ်းလွန်းတဲ့ ရှားပါးပန်းကလေး ဖြစ်နေပါပြီ. တကယ်လို့များ ကိုယ့်မှာသာ ကိုယ်ပိုင်ခြံကလေးတစ်ခြံ ရှိခဲ့မယ်ဆိုရင် ကိုယ်နှစ်သက်မြတ်နိုးတဲ့ ပန်းကလေးတွေ အားလုံးကို ကိုယ့်ခြံကလေးထဲမှာ စိုက်ပျိုးထားချင်မိပါတယ်.. ခွာညိုပန်းကလေးကတော့ ချစ်စရာ စင်လှလှလေးတစ်ခုနဲ့ပေါ့နော်..


နောက်ထပ်လို့ ချစ်ခင်စရာပန်းကလေးက ကံ့ကော်ပန်းကလေးတွေပါ.. လှပမွှေးပျံ့တဲ့ရနံ့နဲ့အတူ နွေဦးကို ကြိုဆိုတတ်တဲ့ ချစ်စရာပန်းကလေးတွေပါဘဲ.. ကံ့ကော်ပန်းရဲ့ ၀တ်မှုံ ၀တ်ဆံလေးတွေဟာ ဆေးဘက်ဝင်သလို မွှေးရနံ့တွေကို နှစ်နှစ်သက်သက် စွဲမက်တတ်တဲ့ ကိုယ့်အတွက်တော့ တန်ဖိုးထားစရာ ပန်းကလေးတွေလဲ ဖြစ်ပါတယ်.. တစ်ချိန်ကတော့ ကိုယ့်ကို သိပ်ချစ်ပါတယ်လို့ အထပ်ထပ် ကတိစကားဆိုပြီး သစ္စာတွေနဲ့ ဘုရားမှာ တိုင်တည်ခဲ့ဖူးသူတစ်ယောက်က ရန်ကုန်တက္ကသိုလ် ပုရ၀ုဏ်ကြီးထဲက ကံ့ကော်တွေရဲ့ ၀တ်ဆံလေးတွေကို သူကိုင်တိုင် စိတ်ရှည်လက်ရှည် စုဆောင်းလို့ အခြောက်ခံပြီးကာမှ ကိုယ်သနပ်ခါးနဲ့ ရောပြီး သွေးလိမ်းဖို့အတွက် မှတ်မှတ်ရရ လက်ဆောင်ပေးတတ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်.. ခုတော့လည်း ဒါတွေက ပုံပြင်တစ်ပုဒ်လို ပြီးဆုံးသွားခဲ့တာ ကြာပါပြီလေ.. ဒီလူတစ်ယောက်ကြောင့်လည်း ဘယ်အရာမှ တည်မြဲခြင်းမရှိတာ ဘယ်လိုကတိစကားမှ ခိုင်မြဲခြင်းမရှိတတ်တာကို နားလည်တတ်ခဲ့ပါတယ်.. လောကကြီးရဲ့ သဘောသဘာဝကို စောစီးစွာ သိနားခွင့်ရလိုက်တာပါဘဲ.. ဒီအတွက်တော့ ကံ့ကော်ဝတ်ဆံ၊ ၀တ်မှုံလေးတွေ လက်ဆောင် ပေးခဲ့သူကို ကျေးဇူးတင်နေဦးမှာပါ.. ကံ့ကော်ပန်းကလေးတွေတွေ့တိုင်း ကိုယ့်နှုတ်ခမ်းတစ်ဘက်တည်းက အပေါ်ကို ခပ်မဲ့မဲ့ကလေး တွန့်ကွေးပြီး ပြုံးတတ်လာခဲ့ပါပြီ..


နှင်းဆီပန်းကလေးတွေကတော့ ကိုယ့်ရဲ့ အမြတ်နိုးဆုံး ပန်းလို့ဆိုရင်လဲ မမှားပါဘူး… ကိုယ်နှစ်သက်မိလွန်းလို့လဲ ငယ်ငယ် ကတည်းက နှင်းဆီတစ်ပွင့် နေ့စဉ် ပန်ဆင်တတ်လို့ ကိုယ့်ကို မနှင်းဆီဆိုတဲ့ နံမည်လေးတောင် အားလုံးက ၀ိုင်းခေါ်ခဲ့ရ ဖူးတယ်လေ.. သူတို့ရဲ့အလှ သူတို့ရဲ့ ဘ၀ကို ဆူးတွေနဲ့ ကာရံရင်း တန်ဖိုးထား စောင့်ရှောက်တတ်ပုံတွေက အတုယူစရာ… ကိုယ်ကိုယ်တိုင်လဲ နှင်းဆီပန်းကလေးလို ဆူးတွေနဲ့ ကာရံထားတဲ့ သူတို့လို ဘ၀မျိုးကို အားကျခဲ့မိတယ်.. စံထားခဲ့မိတယ်.. ဆူးမရှိရင် ပန်းဆိုတာကို လူတွေက အလွယ်တကူ ခူးဆွတ်ချင်တတ်ကြတယ်.. နင်းခြေတတ်ကြတယ်.. ဆူးတွေနဲ့ ကာရံထားတဲ့ ပန်းကိုတော့ တော်တန်ရုံ ခူးဆွတ်ဖို့ မ၀ံ့ရဲကြဖူး.. မိန်းကလေးတွေရဲ့ ဘ၀မှာလည်း နှင်းဆီပန်းလို ထိုက်သင့်တဲ့ ဆူးတွေနဲ့ အရံအတားအဖြစ် ကိုယ့်ဘ၀ကို ကာရံထားဖို့ လိုအပ်ပါတယ်လို့ ကိုယ်ကတော့ ခံယူမိပါတယ်.. ဒါက ကိုယ့်ရဲ့ သီးသန့် အမြင်.. ကိုယ်ပိုင်ခံယူချက်ပါ..



ဆူးကဲ့သို့ အရံအတားမရှိဘဲ လူတကာကို ခေါင်းငုံ့ရိုကျိုး ကြောက်ရွံ့နေရတဲ့ ဘ၀မျိုးကို ကိုယ် မလိုလား၊ မနှစ်သက်ဘူး… ဒါကြောင့် ကိုယ့်ဘ၀မှာ ဆူးနဲ့တူတဲ့ အရံအတားတွေကို တတ်နိုင်သလောက် ကာရံနိုင်အောင် ကြိုးစားခဲ့ရတယ်.. အချိန်ကာလ အတော်ကြာကြာ ပေးဆပ်ခြင်းများစွာနဲ့ ဘ၀မှာ ဆူးတွေ… လိုအပ်တဲ့ ဆူးတွေ တပ်ဆင်လာနိုင်အောင်ပေါ့… ဒီလိုဆူးတွေလို အရံအတားတွေ ဖြစ်လာနိုင်အောင် ပေးဆပ်ခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အများကြီးမို့လည်း လွယ်လွယ်နဲ့တော့ ဒီ အရံအတား ဆိုတဲ့ ဆူးတွေကို စွန့်လွှတ်ဖို့ ဘယ်လွယ်ပါ့မလဲနော်.. လူတွေမှာ ဆူးတွေအများကြီး ရှိတတ်ကြပါတယ်. အတ္တဆူး၊ ဂုဏ်ပကာသနဆူး၊ ပညာမာန်မာနဆူး အိုး ပြောရရင်တော့ ဆူးတွေ အများကြီးပါဘဲ.. အဲဒီအားလုံးထဲမှာ ကိုယ်တန်ဖိုးထားတဲ့ ဆူးကလေးတစ်ချောင်းက ဂုဏ်သိက္ခာ ဆိုတဲ့ ဆူးကလေးပါ.. ကိုယ့်ရင်ထဲမှာ နက်နဲစွာ အမြစ်တွယ် နေခဲ့တဲ့ ဒီဂုဏ်သိက္ခာဆိုတဲ့ ဆူးကလေးတစ်ချောင်းအတွက်တော့ ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး.. ခွင့်မလွှတ်ရင်လဲ ကျေနပ်ပါတယ်.. ဘယ်သို့ဆိုစေ.. ဒီဆူးကလေးကတော့ ကိုယ့်ရင်ထဲမှာ ရာသက်ပန် ခိုင်မြဲနေလေဦးမှာပါ..


ပန်းနုနှင်းဆီ

ကော်ဖီချစ်သူ


ကိုယ့်ဘ၀ရဲ့ နှစ်သက်တဲ့ အရာတွေထဲမှာ ကော်ဖီက ထိပ်ဆုံးကနေပါဝင်ပါတယ်.. စာဖတ်တာ၊ စာရေးတာပြီးရင် ဘ၀မှာ မရှိမဖြစ် အရာတွေထဲ မှာလည်း ကော်ဖီက အပါအ၀င်ပေါ့.. ချစ်သူ မရှိခင်တုန်း ကတော့ ဘ၀မှာ ချစ်သူမရှိရင်ဖြစ်တယ် ကော်ဖီမရှိရင် မဖြစ်ဘူးလို့ ကြွေးကြော်ခဲ့ဖူးတယ်.. ကိုယ့်မှာ ချစ်ရမယ့်သူရှိလာ တော့ ချစ်သူက ကော်ဖီနဲ့ တန်းတူ VIP ဖြစ်လာခဲ့တော့တာပေါ့…


ချစ်သူကို ကော်ဖီနဲ့နှိုင်းလို့ ချစ်သူစိတ်ဆိုးမလား.. ကသိကအောက်များ ဖြစ်နေမလား.. မဖြစ်ပါနဲ့ ချစ်သူရယ်… အရင်တုန်းကတော့ တို့ရဲ့ နေ့စဉ်နေ့တိုင်း မပါမဖြစ်တဲ့ အထဲမှာ ကော်ဖီက ထိပ်ဆုံးကလို့ ပြောခဲ့တယ် မဟုတ်လား… မနက်လင်းလာတာနဲ့ ကော်ဖီမှမသောက်ရရင် တစ်နေ့လုံး နေလို့ထိုင်လို့ အဆင်မပြေဘူး.. ခေါင်းကိုက်ချင်သလို ဇက်ကြောတက်ချင်သလို၊ မျက်ရိုးတွေဘဲ ကိုက်လာသလိုလိုနဲ့.. အမည်ဖော်မရတဲ့ ရောဂါတွေ ၀င် လာတတ်တယ်.. ဒီတော့ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ ဖြတ်သန်းဖို့ဆိုရင် ကော်ဖီတစ်ခွက်ဟာ သိပ်ကို အရေးပါလာတော့တာပါဘဲ… ကုန်ဆုံးလာခဲ့တဲ့ နေ့တွေတိုင်းမှာ ကော်ဖီမပါတဲ့ နေ့ရယ်လို့ မရှိခဲ့ပါဘူး…


သူ့ကို ချစ်မိလာတော့လဲ သူ့အသံလေးမှ မကြားရ၊ သူ့မျက်နှာလေးနဲ့ သူ့အပြုံးလေးမှ မတွေ့ရရင် အဲဒီနေ့ဟာ နေလို့ထိုင်လို့ အဆင်မပြေတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့ပြီ.. ကော်ဖီဟာ ကိုယ့်ဘ၀ရဲ့ မနက်ခင်းတွေမှာ မပါရင် မဖြစ်သလို ချစ်သူကလည်း ကိုယ့်ဘ၀မှာ မပါမဖြစ် ဖြစ်လာရပြီလေ.. ဒီတော့ ချစ်သူကို ကော်ဖီတစ်ခွက်လို ကိုယ်တန်ဖိုးထားတယ် ကိုယ့်ဘ၀အတွက် အရေးပါတယ်လို့ ဆိုရင် ချစ်သူကျေနပ်နိုင်မှာလား..


ကော်ဖီဟာ စွဲလမ်းစေတတ်တဲ့အရာမို့လို့ ကော်ဖီကိုဖြတ်ဖို့ ကိုယ်အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်.. ကော်ဖီများများသောက်ရင် အိပ်မပျော်စေတာ ရင်တုန်စေတာ စတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ တစ်ခြား ဆိုးကျိုးတွေလဲ ရှိတယ်လို့ ကိုယ်သိထားတာကြောင့်လဲ ဖြတ်ဖို့ကြိုးစားခဲ့တာပါ.. ကိုယ့်ဘ၀ကို ကော်ဖီမပါဘဲများ ရပ်တည် နေနိုင်မလားဆိုပြီး နေကြည့်မိပါတယ်.. ဒါပေမဲ့ ဘယ်လိုမှ မအောင်မြင်ပါဘူး.. အချိန်တန်ရင် ကိုယ့်လက်တွေက ကော်ဖီခွက်ဆီ ရောက်ရောက်သွားတတ်သလို ကော်ဖီမသောက် ဖြစ်အောင် နေမိတဲ့ ရက်တွေဟာ ကိုယ့်အတွက် ဘယ်လိုမှ နေပျော်ချင်စရာ မကောင်းခဲ့ပါဘူး.. ဒါကြောင့်လဲ ကိုယ်သေချာသိတာက ကော်ဖီနဲ့ ကင်းကွာပြီး ကိုယ်ဘယ်လိုမှ နေလို့မဖြစ်တော့ဘူး ဆိုတာပါဘဲ..


ကိုယ်ချစ်တဲ့ သူကိုလည်း ဒီတိုင်းပါဘဲ… အချစ်ဆိုတာကိုလည်း ကိုယ်က သိပ်ကြောက်မိပါတယ်.. ချစ်မိလို့ နာကျင် ခံစားရမှာကို မလိုချင်ဘူး… တစ်ယောက်ယောက်ကို သံယောဇဉ်တွယ်မိတာမျိုးလဲ မဖြစ်ချင်ပါဘူး.. ဒီတော့ ချစ်သူကို မချစ်မိအောင် ကိုယ်ကြိုးစားပါတယ်.. ချစ်သူနဲ့ အဝေးဆုံးမှာ နေဖြစ်အောင် ကြိုးစားမိတာ အကြိမ်ကြိမ်ပါ.. နောက်ဆုံးတော့ ချစ်သူနဲ့ ဝေးဖို့ ဘယ်လိုဘဲ ကြိုးစားမိပေမဲ့ ကော်ဖီလိုပါဘဲ … ဘယ်လိုဖြတ်ဖြတ် ဖြတ်မရတဲ့နောက် ချစ်သူဟာ ကော်ဖီလို ကိုယ့်ဘ၀မှာ မရှိမဖြစ် ဖြစ်လာရတော့တာပါဘဲ.. ဒီတော့ ကော်ဖီ သောက်တဲ့အခါ ကော်ဖီရဲ့ ဆိုးကျိုးတွေကို သိသိကြီးနဲ့ သောက်မိသလို၊ အချစ်ကြောင့် နာကျင်ခံစားရမှာကို သိသိကြီးနဲ့ ချစ်သူကို ချစ်နေမိတော့တာပါဘဲ…


ကော်ဖီကို ကြိုက်မိတော့ ကော်ဖီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို တွေကို မကြောက်မရွံ့ လက်ခံရတော့မှာ ဖြစ်သလို ချစ်သူနဲ့ပါတ်သက်ရင်လည်း သူရဲ့ ကောင်းကျိုး ဆိုးကျိုး အားလုံးကို လက်ခံရတော့မှာပါဘဲ.. ကိုယ်ကတော့ ကိုယ်ချစ်ရတဲ့သူကို ကော်ဖီလေးတစ်ခွက်လို မြတ်နိုးမိပါရဲ့… ကိုယ့်လက်ထဲမှာ ကော်ဖီခွက်လေးရောက်လာရင် ကုန်သွားမှာစိုးလို့ တစ်စိမ့်စိမ့်နဲ့ ဇိမ်ဆွဲပြီး သောက်တတ်သလို ချစ်သူ ကိုယ့်အပေါ်ထားတဲ့ ချစ်ခြင်းတွေကိုလဲ လက်ထဲက ကော်ဖီခွက်ကလေး ကုန်သွားမှာစိုးသလို စိုးမိပါတယ်.. ဘာကြောင့်ဆိုတော့ ချစ်သူရဲ့ ချစ်ခြင်းဟာ မနက်ခင်းရဲ့ ကော်ဖီခွက်လေးလို ကိုယ့်ဘ၀မှာ မရှိမဖြစ် မဟုတ်ပါလားကွယ်..


သေချာတာတစ်ခုကတော့ ကိုယ်ချစ်သူ နာကျင်ခံစားရမှာ၊ စိတ်ဒဏ်ရာရမှာ၊ ၀မ်းနည်းပူဆွေးမှာကို ဘယ်သူက မြင်ချင်ပါ့မလဲနော်.. ချစ်သူ တစ်ခုခုခံစားရမယ်ဆိုရင် နှစ်သိမ့်ပေးချင်တယ် ဖြေဖျောက်ပေးချင်တယ်.. အနားနားမှာ အားပေးချင်တယ်.. ဒါတွေဟာ အချစ်စိတ်ကြောင့်ဆိုတာ ငြင်းပယ်လို့ မရပါဘူး.. လူတိုင်းကတော့ ကိုယ်ချစ်သူ ပျော်ရွှင်တာ၊ အဆင်ပြေတာကိုသာ မြင်ချင်ကြားချင်သူတွေကြီးဘဲ မဟုတ်ပါလား… ဒီတော့ ချစ်သူရေ ၀မ်းနည်း အားငယ်တဲ့အခါ နာကျင်ကြေကွဲတဲ့အခါ ကိုယ့်ကိုသတိရပါ… ကိုယ်နှစ်သိမ့်ပါ့မယ်.. ချစ်သူလက်ကို တင်းတင်း ဆုပ်ကိုင်လို့ ကမ္ဘာမြေတစ်ဆုံး မမောတမ်း လျှောက်ကြမယ်လေ.. မောတဲ့အခါ ကိုယ်က ချစ်သူပုခုံးမှာ မှီပြီး အပန်းဖြေမှာပေါ့.. ချစ်သူကတော့ ကိုယ့်မျက်နှာကို ငေးမောလို့ အပန်းဖြေပေါ့နော်.. ကိုယ်အလှဆုံး ပြုံးပြမှာပေါ့ကွယ်..



ပန်းနုနှင်းဆီ