နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
မင်္ဂလာဆောင်ပွဲ နွဲရာဝယ်



မျက်နှာပေါ်တွင် ခြယ်ထားသော ကြွေရောင်မိတ်ကပ်သားက ဖြူဖွေးသော သူမ၏အသားအရေပေါ်တွင် ကြွရွလို့ နေသည်။ အလှပြင်ပေးနေသော ကောင်မလေးကလည်း သူမ၏မျက်နှာပေါ်တွင် လိုအပ်ချက်ဆိုတာ မရှိအောင် အသေးစိတ် ခြယ်မှုန်းပေးနေသည် မဟုတ်လား။ ပါးပြင်ကို အရောင်ထည့်ထားပုံ၊ မျက်ခွံပေါ် ကာလာတင်ထားပုံ၊ မျက်ခုးမွှေးတွေကို ညီညာလှပစွာ ဇင်ယော်တောင် ပျံနေသလိုဖြစ်အောင် ပြုပြင်ထားပုံ၊ နှုတ်ခမ်းနီကို အပိုအလိုမရှိ သေသပ်လှပစွာ ခြယ်ပေးထားပုံ တို့ကလည်း ကျေနပ်စရာအတိ။ ဆံပင်ကောင်းသောကြောင့် ဆံထုံးထုံးရာတွင်ပင် ဆံးတုမလိုဘဲ သူမ၏မူလဆံပင်လေးကို လှပသေသပ်စွာ ဖွဲ့နှောင်ပြီး ဆံထုံးလှလှလေးတစ်ခု ဖြစ်အောင် ဖန်တီးပေးထားသည်။ ဆံထုံးပေါ်တွင်တော့ သူမ၀တ်ဆင်မည့် ၀တ်စုံနှင့် လိုက်ဖက်စွာ အဖြူရောင် သစ်ခွပွင့်ကြီးကြီး ၂ပွင့်က တင့်တယ်စွာ နေရာယူထားခဲ့ပြီ.။ ကျက်သရေရှိခြင်း၊ လှပချောမွေ့ခြင်း၊ တင့်တယ်ခြင်းတို့ဖြင့် ပြည့်စုံနေသော သူမမျက်နှာကို အဖန်ဖန်ကြည့်မိတော့ စိတ်တိုင်းကျစွာဖြင့် နှုတ်ခမ်းလေးကို ခပ်ကော့ကော့လေး ပြုံးလိုက်မိသည်။

မင်္ဂလာပွဲအတွက် နံမည်ကြီး ပိုးထည်တိုက်တစ်ခုမှ ကြိုတင်မှာကြားထားသော အဖြူရောင် လွန်း၂၀၀ ချိတ်လုံချည်ကိုလည်း သေသပ်ကျနစွာ ၀တ်ဆင်ပြီးနေပြီ။ အဖြူရောင် ပိုးသားအင်္ကျီကလည်း နံမည်ကြီး ဒီဇိုင်နာတစ်ဦးရဲ့ လက်ရာပီပီ ခန္ဓာကိုယ်ပေါ်တွင် ပကတိ ချပ်ရပ်လှပစွာ နေရာယူထားလို့နေခဲ့ပြီ။ လည်ပင်းပေါ်တွင် ဆင်မြန်းထားသော စိန်လည်ဆွဲကလည်း မီးရောင်အောက်မှာ တစ်ဖျတ်ဖျတ်လက်လို့ သူမမျက်နှာကိုတောင် နဂိုထက် ပိုပြီး ဖြူဝင်းသွားစေနိုင်ခဲ့သည်။ ရင်ဘတ်ပေါ်မှာတော့ စိန်အလုံးသေးများဖြင့် ခတ်ထားသော ပန်းပွင့်ပုံရင်ထိုးလေးကလည်း ရောင်စုံလဲ့နေအောင် တောက်ပလို့ နေသည်။ လက်ကောက်၊ လက်စွပ်၊ နားကပ် အားလုံးသည်လည်း စိန်များဖြင့်သာ တန်ဆာဆင်ထားသော လက်ဝတ်ရတနာများချည်းသာ။ ဒါတွေကိုလည်း ဒီမင်္ဂလာပွဲတွင် ၀တ်ဆင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုကို့ကို ပူဆာပြီး နံမည်ကြီး စိန်ဆိုင်တွင် ကြိုတင် ၀ယ်ယူထားသော ပစ္စည်းများသာ။


ဘေးနားက ခုံပေါ်တွင်တင်ထားသော ခြုံပုဝါကလည်း ဇာပုဝါအဖြူဆွတ်ဆွတ်၊ ပန်းပွင့်များ ယှက်ဖောက်ထားပြီး စီးကွင့်ရောင်စုံလေးများ ဖောက်ထားကာ ခြုံလိုက်လျှင် အိဝဲသွားစေနိုင်မည့် အသားညက်ညက် ပုဝါလေးဖြစ်သည်။ ကြမ်းပြင်ကော်ဇောပေါ်တွင် စီးဖို့အဆင်သင့်ချထားသော ဖိနပ်မှာ အများတကာလို ခေတ်ဆန်ဆန်ဖိနပ်များမဟုတ်ဘဲ စပါယ်ရှယ်အော်ဒါမှာထားခဲ့သော ကတ္တီပါအဖြူရောင် ပုံတော်ဖိနပ်တစ်ရံက သူမ၏အလှကျက်သရေကို ထပ်ဆောင်းပေးမည့် အရာတစ်ခုသာ ဖြစ်လေသည်။ ၀တ်စုံနှင့် လိုက်ဖက်စွာ ဆေးခြယ်ထားသော ငွေရောင် ခြေသည်း၊ လက်သည်းကလည်း မနေ့ကတည်းက ကြိုတင်ဆိုးထားခဲ့ပြီးသား။ သူမကိုင်မည့် အိတ်သည်ပင်လျှင် ရက်ပေါင်းများစွာ ကြိုတင် ၀ယ်ယူထားသော ငွေမှင်ရောင် ဖျတ်ဖျက်လက်နေသော တန်ဖိုးကြီးအိတ်အကောင်းစား ဖြစ်သည်လေ။

ခေါင်းဖျားခြေဆုံး သူမကိုယ်သူမ အဖန်ဖန် စစ်ဆေးပြီးပြီ။ ဘယ်နေရာမှာမှ လိုအပ်သည်မရှိတော့။ လှပပြည့်စုံနေပေပြီ။ မင်္ဂလာအချိန်လည်း နီးနေပြီမို့ ကတ္တီပါဖိနပ်လေးကို စီးပြီး အခန်းပြင်ထွက်ရန်သာ ကျန်တော့သည်။ လူတွေများလှစွာသော ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် လျှောက်လှမ်းရမည့်ကိစ္စမှာ ရင်တုန်စရာ ကောင်းလှသည်။ ခုလိုအချိန်တွင် ကိုကိုကရော ဘယ်လိုများ နေမှာပါလိမ့်။ သူမ လိုဘဲ ရင်ခုန်စိတ်လှုပ်ရှားနေမလား။ တည်တည်ငြိမ်ငြိမ်သာ ရှိနေမလား။ သိချင်စမ်းလှတော့သည်။ ထိုစဉ် အခန်တံခါးခေါက်သံ တစ်ချက်ပေါ်လာပြီး

“ မေမေ.. ခုထိ မပြီးသေးဘူးလား.. ဟိုမှာ လူစုံနေပြီ။ အခါတော်ပေးတော့မယ်.. မေမေ တစ်ယောက်တည်း ကျန်တော့တယ်.. သတို့သမီးဖြစ်တဲ့ မမကတောင် စောစောကတည်းက အဆင်သင့်ဖြစ်နေပြီ။ မေမေက မပြီးနိုင်သေးဘူး။ ဖေဖေတောင်ပြောနေတယ်.. ဧည့်သည်တွေကို သတို့သမီးမိဘတွေက စောစောဧည့်ခံရမှာ မေမေက ခုထိ မျက်နှာ မပြရသေးလို့တဲ့ ဆူနေတယ်.. ”

သမီးအငယ်မလေး၏ စကားသံအဆုံး “မေမေပြီးပါပြီသမီးရဲ့ ဖိနပ်စီးပြီး ခုဘဲ ထွက်လာတော့မလို့ပါဘဲ.. ကြည့်ပါဦး မေမေ့ကို ဘာလိုနေသေးလဲလို့”

သူမက ပြန်မေးလိုက်တော့ “အမလေးမေမေရယ် ကိုယ့်အမေမို့ပြောတာမဟုတ်ဘူး.. မေမေက လှပြီးသား၊ ကျက်သရေရှိပြီးသားပါ။ ခုလိုပြင်လိုက်တော့ ပိုလှသွားပြီ။ ဘာမှ မလိုတော့ဘူး အားလုံးအိုကေတယ်.. လာမေမေ သွားစို့.. ဟိုမှာ စောင့်နေကြပြီ”

သမီးလေးရဲ့ စကားအဆုံးတွင်တော့ ဖိနပ်ကိုကောက်စီးလိုက်ပြီး  ပုဝါလေးက လှပကြွရွစွာ ခြုံလိုက်ပြီး မှန်ထဲကို တစ်ချက် ပြန်ကြည့်လိုက်တာ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးတစ်ယောက်တည်း လှချင်တယ်လို့ ဘယ်သူက ပြောသလဲနော်.. သတို့သမီးအမေလည်း လှချင်သေးတာဘဲမဟုတ်လား.. ကမ္ဘာပေါ်မှာ အလှမကြိုက်တဲ့ မိန်းမဆိုတာ ရှာမှရှား မဟုတ်လား။ ကျွန်မလဲ ကျွန်မရဲ့ သမီးအကြီး မင်္ဂလာဆောင်မှာ အသက်၅၀ကျော် အမျိုးသမီးပေမဲ့ လှချင်သေးတာပေါ့ရှင်။ မင်္ဂလာအခါတော်ပေးသီချင်းသံလေးနဲ့ သတို့သမီး သတို့သားနောက်ကနေ လူများစွာတို့ရဲ့ အကြည့်တွေကြားကို ဖြတ်လျှောက်ရဖို့အတွက် သတို့သမီးအမေလည်း ရင်ခုန် စိတ်လှုပ်ရှားရတာပါဘဲလေ။



ပန်းနုနှင်းဆီ


(မအားမလပ်လို့ စာရေးကျဲတာ၊ အိမ်လည်ပျက်ကွက်တာများကို ခွင့်လွှတ်ကြပါလို့)

7 comments:

စန္ဒကူး said...

လာဖတ်သွားတယ်.
သတို့သမီးနေရာကမဟုတ်ဘဲ အမေနေရာကနေ၀င်ပီးခံစားရေးပေး တာကိုသဘောကျတယ်..
ကူးကူးဘွဲ့ယူတုန်းက မာမီက အစောကြီးထပီး သူ့ကိုယ်သူပြင်ဆင်နေတာ ပြန်မြင်ယောင်မိတယ်.. အဖေရော နှစ်ယောက်လုံး..

မေပယ်လ် said...

အင်းနော်..
ယောကျားလေးတွေတောင်
အလှကြိုက်ပါတယ်
တစ်ခြားမကြည့်နဲ့ အနော့်ကိုကြည့်:P
နာမည်တောင် လှလှလေးပေးလွန်းလို့
မိန်းခလေးလို့ အထင်ခံရတယ်

blackroze said...

ဟုတ်တာပေါ့ရှင်...မင်္ဂလာပွဲတခုမှာသတို့သား..သတို့သမီးဘဲ
အရေးပါတာမှမဟုတ်တာနော်..အမေနဲ့အဖေကလည်းအရေးပါတာဘဲ
နော်..သူတို့လည်းလှနေမှအဆင်ပြေမှာလေ....
ဘယ်လောက်ဘဲလှပတန်ဘိုးရှိတဲ့
ဝတ်စုံတွေဝတ်ထားပါစေ..
လက်တွဲရမဲ့သူဟာ..ကိုမြတ်နိုးတဲ့သူမဟုတ်ရင်..
ခံစားချက်ရှိပါ့မလားမသိဘူးပန်းနုရေ..

ဟန်နာ said...

မင်္ဂလာဆောင်တစ်ခုမှာ လှလှလေးပြင်ချင်တာ သတို့ သမီးတင်မဟုတ်ပဲ..သတို့ သမီးအမေရော...ဆွေမျိုးတွေရော..အရံတွေရော..လာလည်တဲ့ ဧည့်ပရိတ်သတ်တွေက အစ အလှဆုံး အတင့်တယ်ဆုံးဖြစ်အောင်တော့
ဝတ်စားပြင်ဆင် ချင်ကြမှာပဲနော် :)

မြစ်ကျိုးအင်း said...

မကြာခင် သမီး ပါသွားတော့မယ် ဆိုတာ မေ့နေပုံပဲး)

အင်ကြင်းသန့် said...

ဘာပဲပြောပြော ကိုယ့်သမီးလေးရဲ့ မင်္ဂလာပွဲမှာ မိဘတွေဟာ အကောင်းဆုံးတော့ ဖြစ်ချင်ကြမယ်ထင်တာပါပဲ....။ အလှကြိုက်တတ်တဲ့သူဆိုရင်တော့ ပိုစိုးမှာပေါ့....း))

သူကြီးမင်း (တုံးဖလား) said...

သမီးတောင် မင်္ဂလာဆောင်သွားပြီးလား။း))))

ဟုတ်ပါတယ်။ အလှအပကို မိန်းခလေးတိုင်း ကြိုက်တတ်ကြတာ မဆန်းပါဘူး။ အင်္ဂလန်က ဘုရင်မကြီးတောင် အလှပြင်တုန်း။း)))


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Post a Comment

ကော်မန့်လေးတွေအတွက်ကျေးဇူးပါနော်..
အမှတ်တရ သိမ်းထားချင်ပါတယ်..