နှုတ်ခွန်းဆက်စကားလေးများ

ပန်းနုနှင်းဆီ. Powered by Blogger.
ကော်ဖီတစ်ခွက်၏ ကောက်ကြောင်း



သူမရှေ့က ကော်ဖီခွက်ကို အသာမကာ တစ်ငုံသောက်လိုက်စဉ်တွင်တော့ ကော်ဖီရဲ့ ဆိမ့်မွှေးသောအရသာက လျှာဖျားတွင် စိမ့်ဝင်လို့သွားသည်။ အိုး ကော်ဖီရဲ့အရသာက ယခင်ကအတိုင်း ဘာမှ မပြောင်းလဲပါဘဲလား။ သူမ နိုင်ငံခြားရောက်နေစဉ် ကာလတစ်လျှောက်လုံး ဒီဆိုင်က ကော်ဖီကို တမ်းတမ်းမက်မက် သတိတရ ရှိလွန်းလှသည်။ ဒီဆိုင်ရဲ့ကော်ဖီအရသာက တစ်ခြား ဘယ်ဆိုင်က အရသာနဲ့မှ မတူအောင် ဟေဇယ်လ်နတ်ရဲ့ ဆိမ့်မွှေးမွှေး အနံ့နဲ့ အရသာကဆွဲဆောင်မှု ရှိလှသည့်အပြင် ဆိုင်ရဲ့အပြင်အဆင်နဲ့ ဆိုင်အပြင်ဘက်က သာယာလှပသော အင်းယားကန်ရှုခင်းက စိတ်ကို ချမ်းမြေ့စေလှသည်လေ။

ဆိုင်ထဲကို သူမရောက်နေတာ မိနစ်၂၀လောက်တော့ ရှိတော့မည်။ သို့သော် သူမရဲ့ ကော်ဖီခွက် သေးလေးထဲက ကော်ဖီကတော့ဖြင့် ထက်ဝက်ပင် မချိုးသေးပါ။ မကြိုက်လို့ မသောက်တာ မဟုတ်ဘဲ ကော်ဖီရဲ့ အရသာကို ကြိုက်လွန်းသဖြင့် ကုန်သွားမှာစိုး၍ တစ်စိမ့်စိမ့်  ဇိမ်ဆွဲပြီး သောက်ခြင်းသာ ဖြစ်လေသည်။ ထိုစဉ်မှာဘဲ သူမရှေ့တွင်ချထားသော လက်ကိုင်ဖုန်းမှာ အသံမြည်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်စဉ်တွင် သူမ မသိသော နံပါတ်တစ်ခုက ဖုန်းစခရင်ပေါ် ပေါ်နေသည်။ အံ့သြစိတ်ဖြင့် ဖုန်းကို နားထောင်လိုက်တော့

“ကျော်” ဟု သူမကို ခေါ်သည့်အသံ ထွက်လာသည်။ မှားစရာမရှိပါ။ သည်ခေါ်သံသည် တစ်လောကလုံးမှာ သူမနံမည် ဇီဇ၀ါ ကျော်ကို ကျော် ဟုခေါ်တတ်သော တစ်ယောက်တည်းသော သူ၏ အသံပင်ဖြစ်သည်။ သူမ ပြန်ရောက်တာ ၂ရက်သာရှိသေးသည်။ သူ ဘယ်လိုများ သိသွားပါလိမ့်။

“ပြောပါ.. ”  အေးစက်စက်ထူးလိုက်သော သူမအသံအဆုံးတွင် တစ်ဖက်မှ

“ကျော် အခုဘယ်မှာလဲ.. ကိုယ်လာတွေ့လို့ရမလား. ကျော်မြန်မာပြည် ပြန်ရောက်နေတယ်ဆိုတာ မနေ့က ကျော့်သူငယ်ချင်း မချိုနဲ့တွေ့တော့ သူပြောပြလို့ သိရတယ်.. ကျော်အရင်ကိုင်တဲ့ ဖုန်းနံပါတ် မပြောင်းသေးဘူးဆိုတာလဲ သူဘဲ ပြောပြသွားတာ။ ဒါကြောင့် ကိုယ်ဆက်လိုက်တာ. ကျော် ဘယ်ရောက်နေတယ် ဆိုတာသာ ပြောပါ ကိုယ်အခု ထွက်လာခဲ့မယ်.. ”

“တို့ ကော်ဖီသောက်နေတယ် ဒါပေမဲ့ မလာခဲ့နဲ့။ ယူ့ကိုတွေ့ဖို့ ဘာအကြောင်းမှ မရှိဘူး။ ယူနဲ့တို့ကြားမှာ တွေ့စရာအနေအထား၊ ဘာအကန့်မှ မရှိတော့ဘူး”

သူမ စကားသံအဆုံး တစ်ဖက်မှ အသံခေတ္တ တိတ်သွားခဲ့သည်။ ပြီးမှ “ကျော် အဲဒီကော်ဖီသောက်နေတဲ့ ဆိုင်က ကျော်နဲ့ကိုယ် အမြဲသောက်နေကျ ဆိုင်မဟုတ်လား။ ကျော် အရင်က အကြောင်းတွေကို သတိရလို့ အဲဒီမှာ ကော်ဖီသွားသောက်တာ မဟုတ်လား။ ကိုယ်လောင်းရဲတယ် ကျော်အခု ထိုင်နေတဲ့စားပွဲဟာလည်း ကိုယ်နဲ့ အမြဲတမ်း ထိုင်နေကျစားပွဲဖြစ်ရမယ်.. မညာပါနဲ့ကျော်.. ကျော့်ရင်ထဲမှာ အခုအချိန်ထိ ကိုယ်ရှိနေသေးတယ်ဆိုတာ သိပါတယ်.. ဒီဆိုင်ကို ရောက်အောင် သွားကတည်းက ကျော်ကိုယ့်ကိုသံယောဇဉ်မကုန်သေးဘူးဆိုတာ ကိုယ်သိတယ်… ”

“ရှစ်တ်” သူမစိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီး “ နေပါဦး… ဒီဆိုင်ကို တို့လာတာ အရင်က မင်းနဲ့တို့ရဲ့ အကြောင်းတွေသတိရလို့ဆိုတာ သေချာလှချည်လား။ သေချာပြန်စဉ်းစားပါဦး။ ဒီဆိုင်က ကော်ဖီကို ကြိုက်လွန်းလို့ တို့အမြဲသောက်ခဲ့တာ မင်းနဲ့ မဆုံခဲ့ခင် ဟိုးအချိန်ကတည်းကဆိုတာ မင်းမမှတ်မိတော့ဘူးလား.. သိပ်အတ္တမကြီးနဲ့။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနဲ့… မိန်းခလေးတစ်ယောက်ဟာ မင်းနဲ့သွားခဲ့ဖူးတဲ့ နေရာတွေကို ပြန်သွားတိုင်း မင်းကိုသတိရလို့ဆိုတဲ့ အယူအဆတွေ လမ်းဘေးကို လွှင့်ပစ်လိုက် ဟုတ်ပြီလား။ တို့ဆိုတဲ့ ဇီဇ၀ါကျော်က ကိုယ့်ကိုတာ့တာ လို့ နှုတ်ဆက်သွားတဲ့လူကို နောက်တစ်ကြိမ် ဘယ်တော့မှ အခွင့်အရေး ပြန်မပေးတတ်ဘူးဆိုတာ မင်းမြဲမြဲ မှတ်ထားလိုက်.. နောက်ထပ် ဖုန်းထပ်ဆက်ဖို့ မကြိုးစားနဲ့ .. မင်းအသံ တို့ ထပ်မကြားချင်ဘူး” ဖုန်းကို ချလိုက်ရင်း သူမအသံလည်း အနည်းငယ်ကျယ်သွားတာကို သတိဖြင့် ပြန်ထိန်းလိုက်ရကာ ထွက်လာသော ဒေါသကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလိုက်ရသည်။

အတော်ကို အတ္တကြီးသည့်လူပါဘဲ။ သူမ ဒီဆိုင်လေးတွင် ကော်ဖီသောက်လာသည်မှာ တကယ်လဲ သူနဲ့မတွေ့ခင် ဟိုယခင်ချိန်ကတည်းကဖြစ်ပြီး ထိုသူနှင့် ချစ်သူဘ၀ရောက်ပြီးချိန်တွင်လည်း ဒီဆိုင်လေးမှာ သူမအရင်ထိုင်နေကျ နေရာလေးမှာဘဲ ကော်ဖီသောက်မြဲ ဖြစ်ပါသည်။ ဒီဆိုင်မှာ လာထိုင်ရသော ခံစားချက်၊ ကော်ဖီရဲ့အရသာသည် ပြောင်းလဲမသွားခဲ့သော်လည်း ထိုသူနှင့်ပတ်သက်သည့် သူမရင်ထဲက ခံစားချက်တို့ကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသည်။ သူမ နိုင်ငံခြားရောက်နေချိန် ၃နှစ်တာ ကာလအတွင်း သူမကို သိပ်ချစ်လှပါသည် ဆိုသော ထိုသူသည် တစ်ခြားသော မိန်းခလေးနှင့် တွဲသွားခဲ့ပြီး နောက်ပိုင်းတွင်မှ သူမှားကြောင်း ပြောလာပြီး သူမကို ပြန်လက်ခံပေးဖို့ တောင်းပန်လာခဲ့သည်။ ထိုသို့ စိတ်ဓာတ် မခိုင်မာသော သူမျိုးကို ပြတ်သွားပြီးသော သူမစိတ်က ပြန်လက်ခံဖို့ နည်းနည်းမှ စိတ်ကူးမရှိပါ။ သူမထက် သာမည်ထင်ပြီး အခြားသူဆီ ထွက်သွားခဲ့ပြီးလျှင် သူမ၏ အတ္တစိတ်က ဘယ်လိုနည်းနှင့်မှ ပြန်လက်ခံလိုစိတ် မရှိတော့ပါ။

ခွက်ထဲမှ လက်ကျန်ကော်ဖီကို တစ်ကျိုက်တည်း ကုန်အောင် မော့သောက်လိုက်ရင်း ဆိုင်မှ ထွက်ခွာဖို့ စဉ်းစားလိုက်မိတော့သည်။ မဟုတ်လျှင် ထိုသူရောက်လာနိုင်သည် မဟုတ်လား။ နားညီးဖွယ်သော သူ့အသံတို့ကို သူမစိတ်က ခံစားလိုခြင်း အလျဉ်းမရှိတော့ပါ။ ဘယ်အချိန်လာသောက်သောက် သူမအကြိုက်ဆုံး ဒီဆိုင်ရဲ့ ကော်ဖီအရသာသည် အချိန်ကာလတိုက်စားမှုကို ခံနိုင်ရည်ရှိစွာ မပြောင်းလဲသော ဆိမ့်ဆိမ့်မွှေးမွှေးအရသာက တသမတ်တည်း ရှိလို့နေသော်လည်း တစ်ယောက်သောသူ၏ အချစ်တွေကဖြင့် အချိန်ကာလရဲ့ တိုက်စားမှုကို မခံနိုင်စွာ ပြောင်းလဲလို့ သွားခဲ့သည်။ လွယ်ကူစွာ ပြောင်းလဲတတ်သော သူတစ်ယောက်အတွက်လည်း သူမစိတ်တွင် နေရာထပ်ပေးဖို့ မရှိတော့သလို အချိန်လည်း အနည်းငယ်မျှပင် ပေးလိုစိတ် မရှိတော့ကြောင်းကိုဖြင့် ထိုသူတစ်ယောက် သိစေချင်လှပါသည်။



ပန်းနုနှင်းဆီ
11.10.2010
 1:35AM

မင်္ဂလာဆောင်ပွဲ နွဲရာဝယ်



မျက်နှာပေါ်တွင် ခြယ်ထားသော ကြွေရောင်မိတ်ကပ်သားက ဖြူဖွေးသော သူမ၏အသားအရေပေါ်တွင် ကြွရွလို့ နေသည်။ အလှပြင်ပေးနေသော ကောင်မလေးကလည်း သူမ၏မျက်နှာပေါ်တွင် လိုအပ်ချက်ဆိုတာ မရှိအောင် အသေးစိတ် ခြယ်မှုန်းပေးနေသည် မဟုတ်လား။ ပါးပြင်ကို အရောင်ထည့်ထားပုံ၊ မျက်ခွံပေါ် ကာလာတင်ထားပုံ၊ မျက်ခုးမွှေးတွေကို ညီညာလှပစွာ ဇင်ယော်တောင် ပျံနေသလိုဖြစ်အောင် ပြုပြင်ထားပုံ၊ နှုတ်ခမ်းနီကို အပိုအလိုမရှိ သေသပ်လှပစွာ ခြယ်ပေးထားပုံ တို့ကလည်း ကျေနပ်စရာအတိ။ ဆံပင်ကောင်းသောကြောင့် ဆံထုံးထုံးရာတွင်ပင် ဆံးတုမလိုဘဲ သူမ၏မူလဆံပင်လေးကို လှပသေသပ်စွာ ဖွဲ့နှောင်ပြီး ဆံထုံးလှလှလေးတစ်ခု ဖြစ်အောင် ဖန်တီးပေးထားသည်။ ဆံထုံးပေါ်တွင်တော့ သူမ၀တ်ဆင်မည့် ၀တ်စုံနှင့် လိုက်ဖက်စွာ အဖြူရောင် သစ်ခွပွင့်ကြီးကြီး ၂ပွင့်က တင့်တယ်စွာ နေရာယူထားခဲ့ပြီ.။ ကျက်သရေရှိခြင်း၊ လှပချောမွေ့ခြင်း၊ တင့်တယ်ခြင်းတို့ဖြင့် ပြည့်စုံနေသော သူမမျက်နှာကို အဖန်ဖန်ကြည့်မိတော့ စိတ်တိုင်းကျစွာဖြင့် နှုတ်ခမ်းလေးကို ခပ်ကော့ကော့လေး ပြုံးလိုက်မိသည်။

မင်္ဂလာပွဲအတွက် နံမည်ကြီး ပိုးထည်တိုက်တစ်ခုမှ ကြိုတင်မှာကြားထားသော အဖြူရောင် လွန်း၂၀၀ ချိတ်လုံချည်ကိုလည်း သေသပ်ကျနစွာ ၀တ်ဆင်ပြီးနေပြီ။ အဖြူရောင် ပိုးသားအင်္ကျီကလည်း နံမည်ကြီး ဒီဇိုင်နာတစ်ဦးရဲ့ လက်ရာပီပီ ခန္ဓာကိုယ်ပေါ်တွင် ပကတိ ချပ်ရပ်လှပစွာ နေရာယူထားလို့နေခဲ့ပြီ။ လည်ပင်းပေါ်တွင် ဆင်မြန်းထားသော စိန်လည်ဆွဲကလည်း မီးရောင်အောက်မှာ တစ်ဖျတ်ဖျတ်လက်လို့ သူမမျက်နှာကိုတောင် နဂိုထက် ပိုပြီး ဖြူဝင်းသွားစေနိုင်ခဲ့သည်။ ရင်ဘတ်ပေါ်မှာတော့ စိန်အလုံးသေးများဖြင့် ခတ်ထားသော ပန်းပွင့်ပုံရင်ထိုးလေးကလည်း ရောင်စုံလဲ့နေအောင် တောက်ပလို့ နေသည်။ လက်ကောက်၊ လက်စွပ်၊ နားကပ် အားလုံးသည်လည်း စိန်များဖြင့်သာ တန်ဆာဆင်ထားသော လက်ဝတ်ရတနာများချည်းသာ။ ဒါတွေကိုလည်း ဒီမင်္ဂလာပွဲတွင် ၀တ်ဆင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုကို့ကို ပူဆာပြီး နံမည်ကြီး စိန်ဆိုင်တွင် ကြိုတင် ၀ယ်ယူထားသော ပစ္စည်းများသာ။


ဘေးနားက ခုံပေါ်တွင်တင်ထားသော ခြုံပုဝါကလည်း ဇာပုဝါအဖြူဆွတ်ဆွတ်၊ ပန်းပွင့်များ ယှက်ဖောက်ထားပြီး စီးကွင့်ရောင်စုံလေးများ ဖောက်ထားကာ ခြုံလိုက်လျှင် အိဝဲသွားစေနိုင်မည့် အသားညက်ညက် ပုဝါလေးဖြစ်သည်။ ကြမ်းပြင်ကော်ဇောပေါ်တွင် စီးဖို့အဆင်သင့်ချထားသော ဖိနပ်မှာ အများတကာလို ခေတ်ဆန်ဆန်ဖိနပ်များမဟုတ်ဘဲ စပါယ်ရှယ်အော်ဒါမှာထားခဲ့သော ကတ္တီပါအဖြူရောင် ပုံတော်ဖိနပ်တစ်ရံက သူမ၏အလှကျက်သရေကို ထပ်ဆောင်းပေးမည့် အရာတစ်ခုသာ ဖြစ်လေသည်။ ၀တ်စုံနှင့် လိုက်ဖက်စွာ ဆေးခြယ်ထားသော ငွေရောင် ခြေသည်း၊ လက်သည်းကလည်း မနေ့ကတည်းက ကြိုတင်ဆိုးထားခဲ့ပြီးသား။ သူမကိုင်မည့် အိတ်သည်ပင်လျှင် ရက်ပေါင်းများစွာ ကြိုတင် ၀ယ်ယူထားသော ငွေမှင်ရောင် ဖျတ်ဖျက်လက်နေသော တန်ဖိုးကြီးအိတ်အကောင်းစား ဖြစ်သည်လေ။

ခေါင်းဖျားခြေဆုံး သူမကိုယ်သူမ အဖန်ဖန် စစ်ဆေးပြီးပြီ။ ဘယ်နေရာမှာမှ လိုအပ်သည်မရှိတော့။ လှပပြည့်စုံနေပေပြီ။ မင်္ဂလာအချိန်လည်း နီးနေပြီမို့ ကတ္တီပါဖိနပ်လေးကို စီးပြီး အခန်းပြင်ထွက်ရန်သာ ကျန်တော့သည်။ လူတွေများလှစွာသော ပရိတ်သတ်ဗိုလ်ပုံအလယ်တွင် လျှောက်လှမ်းရမည့်ကိစ္စမှာ ရင်တုန်စရာ ကောင်းလှသည်။ ခုလိုအချိန်တွင် ကိုကိုကရော ဘယ်လိုများ နေမှာပါလိမ့်။ သူမ လိုဘဲ ရင်ခုန်စိတ်လှုပ်ရှားနေမလား။ တည်တည်ငြိမ်ငြိမ်သာ ရှိနေမလား။ သိချင်စမ်းလှတော့သည်။ ထိုစဉ် အခန်တံခါးခေါက်သံ တစ်ချက်ပေါ်လာပြီး

“ မေမေ.. ခုထိ မပြီးသေးဘူးလား.. ဟိုမှာ လူစုံနေပြီ။ အခါတော်ပေးတော့မယ်.. မေမေ တစ်ယောက်တည်း ကျန်တော့တယ်.. သတို့သမီးဖြစ်တဲ့ မမကတောင် စောစောကတည်းက အဆင်သင့်ဖြစ်နေပြီ။ မေမေက မပြီးနိုင်သေးဘူး။ ဖေဖေတောင်ပြောနေတယ်.. ဧည့်သည်တွေကို သတို့သမီးမိဘတွေက စောစောဧည့်ခံရမှာ မေမေက ခုထိ မျက်နှာ မပြရသေးလို့တဲ့ ဆူနေတယ်.. ”

သမီးအငယ်မလေး၏ စကားသံအဆုံး “မေမေပြီးပါပြီသမီးရဲ့ ဖိနပ်စီးပြီး ခုဘဲ ထွက်လာတော့မလို့ပါဘဲ.. ကြည့်ပါဦး မေမေ့ကို ဘာလိုနေသေးလဲလို့”

သူမက ပြန်မေးလိုက်တော့ “အမလေးမေမေရယ် ကိုယ့်အမေမို့ပြောတာမဟုတ်ဘူး.. မေမေက လှပြီးသား၊ ကျက်သရေရှိပြီးသားပါ။ ခုလိုပြင်လိုက်တော့ ပိုလှသွားပြီ။ ဘာမှ မလိုတော့ဘူး အားလုံးအိုကေတယ်.. လာမေမေ သွားစို့.. ဟိုမှာ စောင့်နေကြပြီ”

သမီးလေးရဲ့ စကားအဆုံးတွင်တော့ ဖိနပ်ကိုကောက်စီးလိုက်ပြီး  ပုဝါလေးက လှပကြွရွစွာ ခြုံလိုက်ပြီး မှန်ထဲကို တစ်ချက် ပြန်ကြည့်လိုက်တာ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးတစ်ယောက်တည်း လှချင်တယ်လို့ ဘယ်သူက ပြောသလဲနော်.. သတို့သမီးအမေလည်း လှချင်သေးတာဘဲမဟုတ်လား.. ကမ္ဘာပေါ်မှာ အလှမကြိုက်တဲ့ မိန်းမဆိုတာ ရှာမှရှား မဟုတ်လား။ ကျွန်မလဲ ကျွန်မရဲ့ သမီးအကြီး မင်္ဂလာဆောင်မှာ အသက်၅၀ကျော် အမျိုးသမီးပေမဲ့ လှချင်သေးတာပေါ့ရှင်။ မင်္ဂလာအခါတော်ပေးသီချင်းသံလေးနဲ့ သတို့သမီး သတို့သားနောက်ကနေ လူများစွာတို့ရဲ့ အကြည့်တွေကြားကို ဖြတ်လျှောက်ရဖို့အတွက် သတို့သမီးအမေလည်း ရင်ခုန် စိတ်လှုပ်ရှားရတာပါဘဲလေ။



ပန်းနုနှင်းဆီ


(မအားမလပ်လို့ စာရေးကျဲတာ၊ အိမ်လည်ပျက်ကွက်တာများကို ခွင့်လွှတ်ကြပါလို့)

ဆန္ဒများနဲ့ ကိုယ်


မနက်ခင်းလေးမှာ လန်းဆန်းကြည်လင်စွာနိုးထလာတဲ့ ကိုယ့်မျက်နှာကို လေပြေနုနုအေးအေးလေးက ပွေ့ဖက်ကျီစယ်နေကြတယ်.. ကိုယ့်အကျင့်က မနက်အိပ်ရာနိုးတာနဲ့ အိမ်ရှေ့ ၀ရံတာ အပြင်ဘက် ထွက်ပြီး လေကို ၀အောင်ရှုရှိုက်တယ်.. ဟိုးဝေးဝေး က ရှုခင်းလေးတွေကို မျက်စိတစ်ဆုံး မြင်နိုင်သမျှ လှမ်းကြည့်တယ်.. တခါတလေမှာတော့ တိုက် ခေါင်မိုးပေါ်တက်ပြီး အရပ်၈မျက်နှာလုံးကို လိုက် ကြည့်ဖြစ်တယ်.. ဆူညံတဲ့ ကားသံတွေ၊ စက်သံ တွေ မကြားရ၊ နည်းပါးတာကြောင့် လေထုကလည်း သန့်စင် လတ်ဆတ်လို့ နေခဲ့တယ်.. ကိုယ်မသိ သေးတဲ့ နေရာက ထူးခြားချက်လေးတွေ တစ်ရက်နဲ့တစ်ရက် မတူတဲ့ အပြောင်းအလဲလေးက ကိုယ့်စိတ် ကို တစ်မျိုးလေး လန်းဆန်းစေတယ်…

ကိုယ်နေတဲ့နေရာက တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ မြို့ကလေးမို့ ကြည့်လေရာရာ တောင်တန်းပြာပြာတွေကိုသာ မြင်နေရတယ်.. တောင်တန်းတွေပေါ်မှာတော့ ဆက်သွယ်ရေးတိုင်ကြီးတွေ၊ လျှပ်စစ်ဓာတ်အား သယ်ယူပို့ဆောင်ပေးတဲ့ တာဝါတိုင်ကြီးတွေ အို! နေရာမလပ်ပါဘဲ.. ဒါကြောင့်လည်း ဘယ်နေရာဖြစ်ဖြစ် ဖုန်းက အချိန်မရွေး လိုင်းကောင်းနေခဲ့တယ်.. ဘယ်လောက်ပဲ ခေါင်တဲ့ အရပ်ဖြစ်နေပါစေ.. ဘယ်လောက်မြင့်တဲ့ တောင်တန်းတွေပေါ် ရောက်နေပါစေ.. လျှပ်စစ်ဓာတ်အား မရတဲ့ နေရာမရှိသလို ဖုန်းလိုင်းမမိတဲ့နေရာဆိုတာလည်း မရှိခဲ့ဘူး… တောင်တန်းမြင့်မြင့်မားမားတွေပေါ်က အိမ်တွေဆိုလည်း ညသန်းခေါင်မှာတောင် မီးရောင်တလက်လက်..တဖျတ်ဖျတ်ကိုလက်လို့.. မီးပျက်တယ် ဆိုတာ တစ်လနေလို့ တစ်ခါတောင် မရှိစဖူး.. ရှိခဲ့ရင်တောင် မိနစ်ပိုင်းအတွင်း ပြန်လင်းတတ်တာ. အင်တာနက်ဆိုတာ မြန်လွန်းလို့ ၀က်ဆိုဒ်တစ်ခုဖွင့်ဖို့ အချိန်စောင့်ဖို့ မလိုအပ်သလို၊ သူမ အင်တာနက်သုံးတဲ့ သက်တမ်းမှာ အင်တာနက် ကော်နက်ရှင်နှေးသွားတယ် ဆိုတာ ရှိကို မရှိခဲ့ဖူးတာပါ။


ကိုယ်နေတဲ့ မြို့မှာ လမ်းဘေးဝဲယာတိုင်း သစ်ပင် တွေကို စနစ်တကျ စိုက်ပျိုးထား တတ်ကြ ယ်.. မြက်ခင်းလေးတွေများ စိမ်းစိုနေတာပါဘဲ။ လမ်းတစ်လမ်းကို အပင်လှလှလေးတွေ မရှိတဲ့ လမ်းဆိုတာ မရှိသလောက်၊ တစ်ချို့လမ်းများဆို အပင်တွေ နှစ်ထပ်လောက်ကို စိုက်ပျိုးထား တတ်တယ်.. အပင်တွေရဲ့ အောက်မှာ အမှိုက်ပုံး လေးတွေ စနစ်တကျ ရှိနေတတ်သလို အချိန်မှန်လာ သိမ်းတတ်တဲ့ အမှိုက်ကားက ညနေတိုင်း သာယာ နာပျော်ဖွယ် တီးလုံးသံလေး ပေးတတ်တယ်.. လမ်းဘေး ပလက်ဖောင်းတွေဆိုတာများ တူရာတူရာ ကျောက်ပြားတွေ စနစ်တကျ ခင်းကျင်းထားလိုက်တာ။ အကွက်ကျကျ လှလို့။ ညဆိုရင်တော့ လမ်းဘေးက မီးတိုင် လှလှတွေမှာ ထိန်ထိန်ကို လင်းနေတော့တာ။

ကားနဲ့ ကိုယ်ခရီးသွားတော့ ထင်းရူးပင်တွေ စီရီနေတဲ့ တောင်တန်းကြီးပေါ်ကနေ ဖြတ်ဖောက်ထားတဲ့ လမ်းပေါ်ကနေ သွားခဲ့ရတယ်.. လမ်းကတော့ နက်မှောင်ပြောင်လက်နေတဲ့ ကတ္တရာလမ်းပါဘဲ.. တောင်တန်းကြီးတွေပေါ် ဖြတ်ပြီးဖောက်ထားတာမို့ ကွေ့ကွေ့ကောက်ကောက် ရှိလှသလို နက်ရှိုင်းလှတဲ့ ခြောက်ကမ်းပါးတွေရဲ့ဘေး၊ မြင့်မားလှတဲ့တောင်စောင်းတွေရဲ့ဘေးကို အသည်းတယားယားနဲ့ ကျော်ဖြတ်ခဲ့ရတယ်.. ကတ္တရာလမ်းဆိုတာ အပေါက်အပြဲရယ်လို့ တစ်ခုတစ်လေတောင် မတွေ့ခဲ့ရဘူး.. ညီညာ နေလိုက်တာ… လမ်းဘေး၂ဖက်လုံးမှာ တူးမြောင်းကလေးတူးထားတော့ မိုးရွာချိန်ဆိုရင်လဲ ကတ္တရာလမ်းပေါ် ရေ၀ပ်မနေဘဲ အလွယ်တကူစီးဆင်းသွားခဲ့တယ်.. လမ်းတစ်လျှောက်လုံးမှာ ဘေးနှစ်ဖက် ကတ္တရာသား အဆုံးတွေကို ကွန်ကရစ်တွေနဲ့ အနားသတ်ထားပြန်တော့ ရေတိုက်စားပြီး ကတ္တရာဘေးသားတွေ ပဲ့ပါမသွားအောင် စနစ်တကျ ဖောက်လုပ်ထားတာကို သဘောပေါက်မိတယ်..


ရှုခင်းတွေဆိုတာလည်း လှလိုက်တာ.. ရပ်သပ်ရှုမောပါပဲ… တောင်ခိုးတွေ တဝေေ၀၊ မြူခြေ ဆိုင်းဆိုင်းနဲ့ပေါ့…. တောင်ခြေနဲ့ တောင်တန်းတစ်လျှောက်မှာတော့ စိမ်းစိုဝေဖြာနေတဲ့ စိုက်ခင်းတွေ၊ တောတောင်တွေလည်း စိမ်းစိုလို့ပါဘဲ… တောင်တန်းတွေဆိုတာ အထပ်ထပ် ၊ တစ်ခုပေါ်တစ်ခုဆင့်နေတယ် မှတ်ရတယ်.. တိမ်တွေက တောင်ခါးပန်းမှာ ဝေ့ကာဝဲကာ.. လှလိုက်တာ.. ကြည့်လေရာရာ စိမ်းလန်းနေတော့ ခရီးသွားရင်း ကားပေါ်မှာ အိပ်ငိုက်တတ်တဲ့ အကျင့်လေးတောင် ပျောက်သွားခဲ့ရတယ်… တောထဲတောင်ထဲက သစ်ပင်ကြီး မြင့်မြင့်မားမား ထွားထွားကြိုင်းကြိုင်းတွေကို ကြည့်ပြီး အံ့သြမိတယ်.. ဒီသစ်ပင်တွေကို ဘယ်သူကမှ မခုတ်ကြဘူး.. သစ်ပင်ခုတ်ရင်လဲ ရမယ့်အပြစ်ဒဏ်က သိပ်ပြင်းထန်တယ် ဒီတော့ တော်ရုံနဲ့ ဘယ်သူကမှ သစ်ပင်မခုတ်ကြတော့ဘူး…

တောတောင်တစ်ခွင်လုံး စိမ်းစိုနေတဲ့ သစ်ပင်ကြီး တွေနဲ့ အေးမြလို့၊ လတ်ဆတ်သန့်ရှင်း တဲ့ လေ တွေက သစ်ရွက်စိမ်းရနံ့၊ တောတောင် အငွေ့ အသက်တွေနဲ့ မွှေးပျံ့သင်းထုံလို့ပါပဲ… စိတ်ကို လန်းဆန်းစေသလို လူကိုလည်း တက်ကြွ ရွှင်လန်း စေနိုင်တဲ့ သဘာဝ အလှတွေကို ခံစားမိရင်း ပျော်ရွှင်ကြည်နူးနေမိတယ်.. ကားစီးရင် အိပ်ငိုက်တတ်တဲ့ အကျင့်က ဘယ်ရောက်သွား ခဲ့မှန်းမသိဘူး… ဒီလောက်လှပတဲ့ ရှုခင်းတွေကို အိပ်စက်ခြင်းနဲ့ ဥပက္ခာပြုရမှာ နှမြောမိတယ်… ဒါကြောင့် ဒီခရီးတစ်လျှောက်လုံးတော့ ကိုယ်မျက်စိလေး တစ်ချက်တောင် မမှေးခဲ့မိဘဲ.. လန်းဆန်းတက်ကြွပြီး ကားပြတင်းကို တစ်ချိန်လုံးဖွင့်ပြီး ခေါင်းလေး လည်နေအောင်ကို ဟိုလှည့်ဒီလှည့်နဲ့ ပါလာတဲ့ ဖုန်းကလေးကိုထုတ်လို့ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေမိခဲ့တယ်…

ကိုယ်ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကို ဂျီတော့ကနေ နိုင်ငံရပ်ခြားက သူငယ်ချင်းတစ်ချို့ကို ပြမိတော့ ဟယ်လှလိုက်တာ.. အေးချမ်းလိုက်တာ.. ဒါ နင်တို့ မြန်မာပြည်ရဲ့ ဘယ်နေရာလဲ.. ရခိုင်ရိုးမလား၊ ရှမ်းတောင်တန်းတွေလား၊ ကချင်တောင်တန်းတွေလား၊ လမ်းတွေကလဲ ကောင်းလိုက်တာ ညီညာပြန့်ပြူးနေတာဘဲနော် ဆိုပြီး သူတို့တွေက ပြန်မေးကြတယ်.. ကိုယ် စိတ်ထဲထိထိခိုက်ခိုက် ခံစားလိုက်ရတယ်.. ဘာလို့လဲ ဆိုတော့ ဒီတောတောင်တွေနဲ့ စိမ်းစိုနေတဲ့ .. သစ်ပင်မြင့်မြင့်မားမားတွေ ၀ံ့ဝံ့ကြွားကြွားရှိနေတဲ့ တောအုပ်ကြီးတွေ ၊ တောင်တန်းကြီးတွေဟာ ကိုယ်တို့ မြန်မာပြည်က တောင်တန်းတွေပါ၊ သစ်ပင်တွေ မခုတ်ဘဲ စနစ်တကျရှိလို့ ၊ ခုတ်ပြီးရင်လည်း ပြန်လည်စိုက်ပျိုးခြင်းတွေ လုပ်ကြလို့ စိမ်းလန်း စိုပြေနေတာပါလို့ ဂုဏ်ယူဝံ့ကြွားစွာ ကိုယ်ပြောချင်လိုက်တာ… ညီညာပြန့်ပြူးစွာ အပေါက်အပြဲ ကင်းစင်နက်မှောင်နေတဲ့ ကတ္တရာ လမ်းတွေကိုလည်း ကိုယ်တို့ မြန်မာပြည်ရဲ့ လမ်းမကြီးတွေ ဖြစ်စေချင်မိတယ်..

ကိုယ်တို့မြန်မာပြည်ရဲ့ မိုဘိုင်းဖုန်း စနစ်ဟာ ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်တောင်တန်းတွေပေါ် ရောက်ရောက် ဆက်သွယ်မှုဧရိယာပြင်ပကို ဘယ်တော့မှ မရောက်တတ်တဲ့ စနစ်တွေပါလို့ ပြောချင်လိုက်တာ… နေ့ရော ညပါ လင်းလက်နေတဲ့ မြို့ပေါ်နဲ့ တောင်တန်းတွေ၊ တောနက်တွေက အိမ်တွေလို ကိုယ်တို့ သားချင်းတွေရဲ့ အိမ်တွေကိုလည်း ၂၄နာရီလုံး မီးလာနေတာတွေ ဖြစ်ချင်မိတယ်... အမြန်နှုန်းကောင်းလှတဲ့ အင်တာနက် ကွန်ယက်တွေဟာလည်း ကိုယ်ချစ်တဲ့ မြန်မာပြည်ကလူတွေ သုံးနေတဲ့ အင်တာနက် အမြန်နှုန်း ဖြစ်စေချင်မိတယ်.. တစ်မြို့လုံး စိမ်းစိုနေတဲ့ သစ်ပင်တွေ ဝေဆာပြီး အေးချမ်းနေတဲ့ မြို့ကလေးလို … ညဆိုရင် လမ်းတိုင်းမှာ မီးရောင်တွေ လင်းဖြာ ရွှန်းဝေနေတာမျိုး ကိုယ်တို့ရဲ့ မြန်မာပြည်က မြို့တိုင်းကို ဖြစ်စေချင်မိတယ်… ကိုယ်ဒါတွေကို ဂုဏ်ယူဝံ့ကြွားစွာ ပြောခွင့်ရဖို့ အချိန် ဘယ်လောက် စောင့်ရမလဲ။ ဘယ်အချိန်မှာများ ပြောခွင့်ရမလဲ။ ကိုယ်မျှော်လင့်ချင်လိုက်တာ။ အမြန်ဆုံး ပြောခွင့်ရချင်လိုက်တာ။ ဒီလိုဖြစ်စေချင်မိတဲ့ ဆန္ဒတွေကို သိပ်များလွန်းတယ်လို့ ဆိုကြလေမလား.. ဘယ်လိုဘဲဖြစ်ဖြစ် တစ်နေ့နေ့တော့ ပြောခွင့်ရချင်မိပါတယ်လေ။


ပိုင်ရှင်ရှိတဲ့ ပန်းကလေး

သူမ ဒီမြို့ကလေးကို ရောက်နေတာ တစ်ပတ်တိတိ ရှိခဲ့ပြီ။ မြို့ကလေးက တိတ်ဆိတ်အေးချမ်းသော တောင်ပေါ်မြို့ ကလေး၊ မြို့တစ်မြို့လုံးကနေ ဘယ်နေရာကိုကြည့်ကြည့် တောင်စဉ်တောင်တန်း တွေကိုသာ မြင်ရသည်။ တောင်တန်းတွေ ၀ိုင်းပတ် ကာရံထားသော ချစ်စရာမြို့ကလေး ဖြစ်သည်။ ပြာမှိုင်းနေသော တောင်တန်းတွေကို ကြည့်ရသည်မှာ လွမ်းစရာကောင်းလွန်းလှသည်။ ခေါင်းစဉ်တပ်မရသော လွမ်းဆွတ်ခြင်း တစ်မျိုးက ဒီမြို့ကလေးကို ရောက်စကတည်းက သူမ ခံစားနေမိသည်။ တောင်တက် တောင်ဆင်းတွေ ပေါလှသော လမ်းတွေတစ် လျှောက် မနက်ခင်းတိုင်း သူမ လမ်းလျှောက် ထွက်လေ့ရှိသည်မှာ စရောက်ပြီး နောက်နေ့ မနက်ကတည်းက ဖြစ်သည်။
ဒီမြို့ကလေးက အေးချမ်းသော ရာသီဥတု ရှိသည့်မြို့ ဖြစ်၍လားမသိ ပန်းလည်း အင်မတန်မှ ပေါသည်။ လမ်းတစ်လျှောက်လုံး သူမ သိသောပန်းကလေးများ၊ သူမ မသိသော ပန်းများစသည်တို့ကို အရောင် အသွေးစုံ၊ မွှေးရနံ့စုံလင်စွာ တွေ့ရတတ်သည်။

မနက်ခင်း အေးစိမ့်စိမ့် လင်းဖြာနေသော နေခြည်နုနုလေးအောက်မှာ လမ်းလျှောက်ရင်း ပန်းရောင်စုံတိုရဲ့ ရနံ့ကို ခံစားရသည်မှာ ကဗျာလေးတစ်ပုဒ်လို လှပစွာစွဲမက်ဖို့ ကောင်းသည်။သူမက တောတောင်တွေကို ချစ်သလို ပန်းတွေကိုလည်းချစ်သည်။ ပြီးတော့ ရနံ့တွေကို စွဲစွဲမက်မက် ချစ်ခင်စွဲလန်းသည်။ သူမတွင် ရနံ့နှင့်ပတ်သက်၍ အာရုံခံစားမှု အားကောင်းသည် ဆိုရမည်။ အခြားသူများ မရနိုင်သော ခပ်ဖျော့ဖျော့ သင်းရနံ့မျိုးကိုပင် သူမနှာခေါင်းက ခံစားလို့ရသည်။ မွှေးရနံ့တစ်ခုကိုရလျှင် မည်သည့်ပန်းရနံ့၊ ဆိုတာကို ခွဲခြားနိုင်သလို ရေမွှေးဆိုလျှင်လည်း အနံ့ရသည်နှင့် မည်သည့်ရေမွှေးအမျိုးအစားဟု သူမ အလွယ်တကူ ခွဲခြားနိုင်စွမ်းသည်။

ဒီနေ့မနက်လည်း လမ်းကလေးလျှောက်ရင်း မွှေးပျံ့နေသော ပန်းရနံ့တို့ကို ရှုရှိုက်ကာ စိတ်လက်အေးချမ်း ကြည်နူးမှုကို ခံစားနေမိသည်။ သိပ်ကိုချမ်းမြေ့ဖို့ကောင်းတဲ့ မနက်ခင်းလေးပါဘဲ။ ရန်ကုန်လို မြို့ကြီးမှာ မရနိုင်တဲ့ စိတ်အေးချမ်းမှု၊ သာယာကြည်နူးမှုတွေက ဒီမြို့ကလေးကို တစ်သက်မမေ့နိုင်အောင် သူမကို ဆွဲဆောင်လို့ နေသည်။ အလုပ်တွေပစ်ထားခဲ့ပြီး စိတ်ပြေလက်ပျောက် ဒီမြို့ကလေးဆီ ခရီးထွက်လာမိတာ သူမ သိပ်မှန်သည်ဟုသာ ထင်နေမိသည်။ တစ်နေ့တစ်နေ့ မွန်းကြပ်လွန်းသော ရန်ကုန်မြို့ရဲ့ လူနေမှုစနစ်ထဲ စီးမြောနေရတာ စိတ်ရော လူပါ ပင်ပန်းလွန်းလှသည်။

ဒီနေရာမှာတော့ ဆိတ်ငြိမ်အေးချမ်းခြင်း၊ လှပသာယာခြင်း စသည်တို့က သူမအာရုံကို လတ်ဆတ်ကြည်လင် နေစေတော့သည်။ ပြန်ဖို့တောင် သူမ မစဉ်းစားချင်သေးပါ။ သူမဒီမြို့ကလေးကို ချစ်သည်။ အတွေးတွေ ဖြင့် လျှောက်လာရင်း ဒီနေ့တော့ သူမ တစ်ခါမှ မရောက်ဖူးသေးသော မြို့ပတ်လမ်းဘက် လျှောက်မည်ဟု စိတ်ကူးလိုက်မိကာ လျှောက်လက်စ လမ်းကလေးဆီမှသွေဖည်ကာ မြို့ပတ်လမ်းကလေးဆီ ဦးတည်မိတော့ သည်။

စိမ်းလဲ့ကြည်လင်နေသော ရေကန်ဘေးတစ်လျှောက်ကို ကျော်ဖြတ်အပြီးတွင် စိုက်ပျိုးရေးခြံကလေးများကို တွေ့ရသည်။ ခြံကလေးများမှာ သီးပင်စားပင်များနှင့် အမျိုးစုံလင်လှသော ပန်းရောင်စုံတို့ကို စိုက်ပျိုးထားကြသည်။ ကျယ်ဝန်းသော ခြံကြီးတွင် စိုက်ပျိုးထားသော ပန်းရောင်စုံတို့မှာ ဆေးရောင်စုံလင်လှသော ကော်ဇောတစ်ချပ် ဖြန့်ခင်းထားသည့်နှယ် တစ်ကန့်စီ တစ်ကွက်စီ သူ့အရောင်နှင့် သူ လှပလွန်း လှသည်။

ထို ပန်းခြံများ ၄ခြံ ၅ခြံလောက်ကို ကျော်လွန်လာပြီးသော် စိုက်ခင်းတစ်ခုရဲ့ ခြံ့ရှေ့အရောက်မှာ ပန်းအရောင်ဆန်းဆန်းလေးကို မြင်လိုက်မိ၍ သူမအလွန် စိတ်ဝင်စားသွားမိသည်။ ပန်းပင်လေးက လီလီပန်းပင်နှင့် ဆင်ဆင်တူသည်။ ပန်းတွေ တော်တော်များများကို သူမ သိသော်လည်း ဒီပန်းကိုတော့ သူမ မသိပါ.. အပွင့်လည်း လီလီပန်းနှင့် တူသည်။ အရောင်ကချစ်ဖို့ကောင်းသော ရှားပါးသည့် အစိမ်းဖျော့ရောင်ကလေး.. ပန်းပင်များက ခြံရှေ့  တစ်လျှောက်လုံးမှာ အစုလိုက် ပေါက်နေကြသည်။

ဒီခြံကလူတွေ စိုက်ထားသည်လား သို့မဟုတ် အလေ့ကျပေါက်သည်လား သူမ မသေချာ။ စိုက်မည်ဆိုလျှင် ခြံထဲတွင်သာ စိုက်လိမ့်မည်။ လူသူမရှိသော ခြံအပြင်တွင်တော့ စိုက်လိမ့်မည်မထင်.. ပန်းကလေးတွေကလည်း စနစ်တကျ ညီညီညာညာမျိုး မဟုတ်ဘဲ ပြန့်ကျဲစွာ သူ့အစုလိုက် ပေါက်နေခြင်းမျိုး ဖြစ်သည်။ ဒီလိုဆိုရင် သဘာဝအတိုင်း ပေါက်နေသော အလေ့ကျ ပန်းပင်ကလေးများ ဖြစ်နိုင်သည်။

ခြံထဲသို့လှမ်းကြည့်လိုက်သော်လည်း စိုက်ခင်း အကျယ်ကြီးနှင့် တော်တော်ဝေးဝေးတွင် တိုက်ပု လေးတစ်လုံးကို တွေ့ရသည်။ ခြံအနီးနားတွင်လည်း အိမ်ခြေများ ရှိမနေပါ။ ပန်းပွင့်လေးရဲ့ အနားနား တိုးကပ်ကြည့်မိတော့မှ ထပ်ပြီးထူးဆန်းတာကို သူမ တွေ့ရတော့သည်။ အနံ့.ဒီပန်းရဲ့ အနံ့ ..သိပ်ကို ထူးဆန်းသည်။ သူမ သိသော ဘယ်ပန်းတို့ရဲ့ ရနံ့နှင့်မှ မတူ။ သူ့မွှေးရနံ့က စူးစူးရှရှနှင့်။ သို့သော် နှစ်သက်ဖွယ် ကောင်းသော ရနံ့မျိုး။ ပြင်းတော့ အလွန် ပြင်းထန်သည့်မွှေးရနံ့။

အိုး..ဒီပန်းရနံ့မျိုးဟာ ရေမွှေးဖော်စပ်တဲ့နေရာမှာသာ သုံးမယ်ဆိုရင် သိပ်ကောင်းလိမ့်မည် ပန်းရနံ့ကို မျက်လုံးလေး မှိတ်၍ သူမနှလုံးအိမ်ထဲထိရောက်အောင် ရှုရှိုက်မိရင်းမှ စဉ်းစားလိုက်မိသည့်အတွေးကို သူမ ဘာသာ ပြန်ရယ်ချင်မိသေးသည်။ သူမရေမွှေးကြိုက်တာနှင့်ဘဲ သိပ်မွှေးသော ယခုပန်းနံ့ကို ရေမွှေး ဖော်ဖို့ စိတ်ကူးနေပြန်သည်။

သူမ ပန်းပွင့်လေးဆီမှာ ဘယ်လောက်ထိ အာရုံစူးစိုက်နေမိသည်မသိ အနားနားကပ်ပြီး ပေါ်လာသော ဆိုင်ကယ် ဟွန်းသံကြောင့် ဆတ်ခနဲ ဖြစ်ကာ လန့်သွားမိရသည်။ နီညိုရောင် ဆိုင်ကယ်တစ်စီးက သူမအနီးနားမှာ ရပ်လိုက်တာတွေ့လိုက်ရပြီး ဆိုင်ကယ်ပေါ်မှာ သူမနဲ့ရွယ်တူ မိန်းခလေး တစ်ယောက် ။ မျက်နှာထားက ခပ်တင်းတင်း။

“ဟေ့ ဘာလုပ်နေတာလဲ. ပန်းခူးနေတာလား”

ဟု သူမကို လှမ်းမေးသည်..........

"မင်းက ဘယ်သူလဲ .. ဘာလို့မေးတာလဲ"

သူမပြန်အမေးတွင်....

“တို့က ဒီခြံပိုင်ရှင်ရဲ့ သမီးဘဲ၊ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းလာတာ ကြာပြီ။ ဒီလမ်းထိပ်ရောက်ကတည်းက မင်းကို ဒီရှေ့မှာ ထိုင်နေတာတွေ့လို့ မေးနေတာ.. ပန်းတွေကို ခူးမလို့ လုပ်နေတာမဟုတ်လား.. ဒီလို စည်းမရှိ ကမ်းမရှိ မခူးပါနဲ့.. သူ့ဟာသူ လှနေတာကို ဖျက်ဆီးချင်တဲ့ စိတ်ဓာတ်က ချီးကျူးစရာတော့ မဟုတ်ဘူးနော်..

"ဟ ဘလိုင်းကြီးပါလား.. တို့ကဒီပန်းတွေကို ခူးနေတာ မင်းတွေ့လို့လား.. အရောင်ကလေးက လှပြီး၊ အနံ့ကလေးကလည်းမွှေးလွန်းလို့ စိတ်ဝင်စားပြီး အနီးကပ်ကြည့်နေတာဘဲ ရှိတယ်.. မင်းပန်းကို တစ်ပွင့်မှ တို့မခူးရသေးပါဘူး"

ထို ကောင်မလေးကို ပြန်ပြောလိုက်ရင်းက ပန်းကလေးကြောင့် ရလိုက်သော ကြည်နူး ရွှင်လန်းနေသော စိတ်များ တမဟုတ်ချင်း ပျောက်ဆုံးသွားကာ ဒေါသစိတ်ကလေး ခိုဝင်လာသည်။ ဒီတော့မှ ထိုကောင်မလေး က သူမလက်ထဲကို သေချာကြည့်ပြီး ပန်းတစ်ပွင့်တစ်လေမှရှိမနေသော သူမလက်ဗလာ ကို တွေ့သွား တော့မှာ မျက်နှာတွင် အားနာရိပ်တို့ ဖြတ်ပြေးသွားသည်။

“အိုး ဆောရီးပါ.. စိတ်မရှိပါနဲ့.. တို့က ရုတ်တရက်ဆိုတော့ မင်းဒီမှာထိုင်ပြီး ပန်းတွေခူးနေတယ်လို့ ထင်လိုက်မိလို့ပါ.. ပြီးတော့ဒီပန်းတွေက ဒီမြို့မှာ ရှားတယ်လို့ ပြောလို့ရတယ်..ဒီတော့ လူတွေက အလစ်မှာ လာလာခူးတတ်ကြလို့လေ…”

သူမစကားက ထူးဆန်းပေစွ.. ရှားပါးသည်ပြောပြီး ပန်းတွေကို ခြံအပြင်ဘက်တွင် လာစိုက်ထားသည်မှာ အနည်းငယ်အံ့သြစရာ ကောင်းနေသည်။

“ဘာလဲ ရှားတဲ့ပန်းတွေကို ခြံအပြင်မှာ လာစိုက်ထားလို့ မင်းအံ့သြသွားတယ် ထင်တယ်.. တကယ်က ဒီလိုပါ..ဒီပန်းက ညနက်လာလေ အနံ့ပြင်းလာလေဘဲ.. ခုတောင် မင်းတွေ့တဲ့ အတိုင်း သူ့အနံ့ကသိပ်ကို စူးရှတာ.. ညဘက်ဆို သူ့အနံ့က မကြိုက်တဲ့သူဆို မခံမရပ်နိုင်အောင်ကို ပြင်းတာ..ဒီခြံထဲမှာနေတဲ့ တို့ ဦးလေးတစ်ယောက်က ပန်းနံ့စူးစူးတွေဆို မခံနိုင်ဘူး၊ သူ့မှာ ပန်းနာရင်ကြပ် ရှိတယ်လေ.. ဒါကြောင့် ဒီပန်းကို ဒီခြံအပြင်ဘက်မှာ လာစိုက်ထားတာ..ဒါနဲ့ စကားမစပ် မင်းကြည့်ရတာ ဒီမြို့ကနဲ့ မတူဘူး ဧည့်သည်ထင်တယ်.. ”

“အင်း ဟုတ်တယ် တို့က ဒီမြို့ကိုအလည်လာတာ.. ဒီဘက်လမ်းကို တစ်ခါမှ မရောက်ဖူးသေးလို့ လမ်းလျှောက်လာရင်း ဒီပန်းကလေးတွေတွေ့တော့ မနေနိုင်ဘဲ သေချာလာကြည့်နေမိတာ.. တို့က မွှေးတဲ့အနံ့ဆို အကုန်ကြိုက်တယ်.. ပန်းဆိုရင်လဲ သိပ်သဘောကျတယ်.. အထူးသဖြင့် ကိုယ်မသိသေးတဲ့ ပန်းတွေကို သိပ်စိတ်ဝင်စားတယ်”

သူမ ပြန်ဖြေစကားအဆုံးတွင် ထိုကောင်မလေးက ပြုံးလိုက်ရင်း

"တို့နဲ့ တူတာပေါ့.. တို့ကလဲ ပန်းတွေကိုသိပ်ချစ်တာ ဒီပန်းလေးတွေကိုလဲ အရမ်းနှမြောတာ.. ဒါကြောင့် ခုနက မင်း ပန်းခူးနေတယ်ထင်လို့ ရုတ်တရက်ဆို ထူပူသွားပြီး ပြောမိတာ..ပြီးတော့ တို့က ပန်းဆိုရင်အပင်မှာ လှနေတာမျိုးကို ပိုပြီးသဘောကျတယ်လေ.."

သူမ ဘာမှ ပြန်မပြောတော့ပါ.. နှုတ်ခမ်းလေး တွန့်ကာပြုံးလိုက်ရင်း ခေါင်းလေးသာ ညိတ်ပြလိုက်သည်။ သူမပန်း သူမသဘောပေါ့.. နှမြောသည်ဖြစ်စေ..ရက်ရောသည်ဖြစ်စေ သူမနှင့်မဆိုင်ပါ၊ လူတိုင်းမှာ ကိုယ်ပိုင်ဆိုင်သောပစ္စည်းအတွက် လွတ်လပ်စွာ သဘောထားခွင့်ရှိပါသည်။ အငြင်းပွားစရာ မရှိပါ။ သို့သော် သူမကို ပန်းခူးတာမတွေ့သေးဘဲနှင့် အရမ်းကာရော စွပ်စွဲပြောဆိုထားခြင်းအတွက်တော့ ခုချိန်ထိ ကျေလည်မှု မရှိသေးပါ၊ လူဆိုသည်မှာ ကိုယ်သေချာ မသိသေးသောကိစ္စကို အလွယ်တကူ မစွပ်စွဲသင့်၊ စကားမကျွံသင့်ဘူး မဟုတ်လား။

"အော် မင်းက ဒီပန်းလေးတွေကို သေချာ ကြည့်နေတာ တော်တော် သဘောကျ လို့လား၊ မင်းလိုချင်တယ်ဆိုရင် ခူးသွားပါလေ။ တို့ မင်းကို လက်ဆောင်ပေးလိုက်ပါ့မယ်၊ မင်းကြည့်ရတာ ပန်းတွေကို တော်တော်ချစ်တတ်မဲ့ပုံ ရတယ်၊ မင်းမျက်နှာပေါ်မှာ ပန်းတွေကို အမြတ်တနိုး ရှိတတ်တဲ့ အရိပ်အယောင် ပေါ်နေတယ်။ "

ထိုကောင်မလေးကခုတော့လည်း ရက်ရက်ရောရောပါဘဲ .. သူမကို ခူးသွားဖို့ ပြောနေပြန်လေပြီ..သို့သော် သူမအနေနှင့်တော့ ထိုပန်းကလေးများကို ခူးယူဖို့ စိတ်ကူးမရှိတော့ပါ..

အစောတုန်းကတော့ ပိုင်ရှင်မရှိသော အလေ့ကျ ပန်းပင်ကလေးများလားဟု သူမထင်ခဲ့မိသည်။ ထိုစဉ်ကလိုဆိုလျှင်တော့ ခူးမိကောင်း ခူးမိပါလိမ့်မည်၊ ခုလို ပိုင်ရှင်က တယုတယ တန်ဖိုးထားကာ၊ စိုက်ပျိုးထားပါသည်ဆိုသော ပန်းကလေးများကိုတော့ဖြင့် ခူးဖို့စိတ်ကူးမရှိပါ။ ဘယ်သောခါမှလည်း ခူးယူမည်မဟုတ်ပါ။ သူမထံတွင် စွဲစွဲမြဲမြဲယုံကြည်လက်ခံထားသော အသိတရားတစ်ခုက ပိုင်ရှင်ရှိသည့် ပစ္စည်းမှန်လျှင် ပန်းကလေးတစ်ပွင့်ပင်လျှင် ဘယ်သောခါမှ မယူပါ ဟူ၍ပင်။

သူမထိုပန်းကလေးရဲ့ ရနံ့ကို သိပ်ကို နှစ်သက်သဘောကျပါသည်။ သို့သော် ခူးယူဖို့အတွက် အကြီးမားဆုံး အဟန့်အတားက ပိုင်ရှင်ရှိသည် ဆိုတာဘဲ ဖြစ်ပါသည်။ ပိုင်ရှင်ရှိသော ပစ္စည်းမှန်သမျှ သူမအနေနှင့် ဘယ်လောက်ပင် သဘောကျ နှစ်သက်သည်ဖြစ်စေ၊ ဝေးဝေးက ရှောင်မည့်သူ ဖြစ်ပါသည်။ ခုလည်း သူမစိတ်ဝင်စားသော ဒီပန်းကလေးရဲ့ ရနံ့လေးကို နောက်ဆုံးအနေနှင့် နှလုံးထဲစွဲငြိနေအောင် ရှုရှိုက်လိုက်မိရင်း.....

“တို့သွားတော့မယ်။ မင်းပန်းကိုလဲမခူးတော့ပါဘူး.. ခုလို ခူးခွင့်ပေးတာ ကျေးဇူးတင်ပါတယ်. ဒါပေမဲ့ တို့မခူးပါဘူး။ သွားတော့မယ်"

ဟု ကောင်မလေးကို လှမ်းပြောလိုက်ရင်း ထိုပန်းကလေးတွေရှေ့မှ ချာကနဲ လှည့်ထွက်ခဲ့တော့သည်။

ရှူရှိက်ခဲ့မိသော ရနံ့လေးအတွက်တော့ဖြင့် အပြစ်မရှိလောက်ဘူး ထင်ပါသည်။ ရနံ့လေးက ချစ်စရာကောင်းလောက်အောင် ဆွဲဆောင်လွန်းသည်ကိုး။ ကောင်မလေးကတော့ နားမလည်နိုင်ခြင်းများစွာဖြင့် သူမကို ငေးကြည့်ပြီး ကျန်ခဲ့လောက်ပါသည်။ စောစောက စွပ်စွဲမိသောစကားကြောင့် သူမစိတ်ဆိုးပြီး ပန်းမခူးတော့ဘူးဟု ထင်ကောင်းထင်ပေလိမ့်မည်။ တကယ်တမ်းတော့ စိတ်ဆိုးပြီး မခူးတာထက် ပိုင်ရှင်ရှိသော ပန်းမို့လို့ သူမ မခူးတာဖြစ်ကြောင်း ထိုကောင်မလေး နားလည်နိုင်မည် မထင်ပါ။ 

သို့သော် သူမကတော့ နောက်ကို တစ်ချက်လေးမှ ပြန်လှည့်မကြည့်တော့ဘဲ စိတ်တွင်းမှလည်း နောက်နေ့တွေမှာ ဒီလမ်းဘက်ကို ခြေဦးလှည့်တော့မည် မဟုတ်ကြောင်းတော့ဖြင့် သူမကိုယ်သူမ သေချာလှပါသည်လေ။




ပန်းနုနှင်းဆီ

လမ်းဟောင်းလေးရဲ့ ဆန္ဒ

ချစ်သူရေ


အသက်မပါတဲ့ အပြုံးတုနဲ့


ယုယချင်ယောင်ဆောင်မနေပါနဲ့တော့




မင်းရင်ထဲက ဗလာ


ကြင်နာခြင်းဆိုတာ လုံးလုံးမပါတဲ့


ဟန်ဆောင်မာယာတွေက


ခါးသက်သက်ဆေးတစ်ခွက်လို


လေးနက်တဲ့ငါ့အချစ်တွေကို


ပေါ့ပျက်ပျက်ဖြစ်စေခဲ့ပြီ…




သတိရရဲ့လားဆိုတဲ့


စကားတစ်ခွန်းရဲ့နောက်မှာ


မင်းကိုယ်တိုင်ငါ့ကိုမေ့ထားခဲ့တာ


ကြာတောင်ကြာခဲ့ပြီမဟုတ်လား...




ဘယ်လမ်းကိုနင်းလျှောက်မယ်လို့


မင်းကိုယ်တိုင်သေချာရွေးချယ်ခဲ့ပြီးမှ


ငါဆိုတဲ့ လမ်းဟောင်းလေးကို


ပြန်ပြောင်းပြီးငေးမကြည့်ပါနဲ့တော့....




ပန်းရောင်စုံခင်းထားတဲ့


မင်းနင်းမဲ့ဒီလမ်းမထက်မှာ


ငါ့မျက်ရည်စက်တွေနဲ့


မင်းကို စိတ်မပျက်စေချင်ခဲ့သူပါ…




ဖြောင့်တန်းစွာလျှောက်ပါတော့


တိတ်ဆိတ်စွာနှုတ်ဆက်


ငါလက်မပြတော့ပေမဲ့


ထားဝရခွဲခွာခြင်းအတွက်


ဝမ်းနည်းခြင်းတွေ


ငါ့ရင်မှာ ဆူဝေနေလေရဲ့..




ကြေကွဲခြင်းတွေ ရင်မှာပိုက်ပြီး


ဒီလမ်းဟောင်းလေးထက်မှာ


ငါနေရစ်ခဲ့ပါပြီ..


ကြည်လင်စွာပြုံးပျော်နိုင်ပါစေ ချစ်သူရေ…..


ပန်းနုနှင်းဆီ

ဥပက္ခာဝန်းကျင်

ကိုယ် တို့တွေရဲ့ နေ့စဉ် လူမှုဘ၀ အခြေအနေမှာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင် အခြေအနေ အမျိုးအမျိုးနဲ့ ကြုံဆုံခဲ့ ကြရမှာပါနော်.. ကိုယ်တိုင်လည်း ဒီအသက် အရွယ်အထိ ပတ်ဝန်းကျင် လုပ်ငန်းခွင်အခြေအနေ အမျိုး အမျိုးကို ကြုံတွေ့ခဲ့ဖူးပါတယ်. နှစ်လိုဖွယ် ပတ်ဝန်းကျင်၊ ပျော်ရွှင်ဖွယ် လုပ်ငန်းခွင်တို့ကို ကြုံတွေ့ ဖြတ်သန်းခဲ့ရသလို၊ စိတ်ပျက်ဖွယ် ပတ်ဝန်းကျင်၊ မွေ့လျော်ဖို့မကောင်းတဲ့ လုပ်ငန်းခွင် ကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။

ငယ်စဉ်က ကျောင်းနေခဲ့ရတဲ့ မြို့ကလေးကတော့ မကြီးမငယ် မြို့ကလေးပါ… ကျောင်းနေတဲ့အရွယ်မို့ လုပ်ငန်းခွင်အကြောင်း ပြောစရာမရှိသေးချိန်မို့ မြို့ကလေးအကြောင်းသာ ပြောပြချင်ပါတယ်.. မြို့ကလေးဟာ စီးပွားရေးမြို့ ဖြစ်သည့်အားလျှော်စွာပဲ စည်ကားပါတယ်.. မီးရထားလမ်းပေါ်မှာ ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တယ်လို့ ဆိုရမှာပါပဲ… အဲဒီမြို့ကလေးဟာ နွေးနွေးထွေးထွေးရှိပါတယ်.. တစ်ဦးနဲ့တစ်ဦး ကူညီ ရိုင်းပင်းစိတ်ကလေးတွေလဲ ရှိပြီး မြို့သူမြို့သားတွေဟာ ညီညီညွတ်ညွတ်ရှိပါတယ်..  ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေကိုလည်း တစ်မြို့လုံး အတိုင်းအတာနဲ့ လုပ်တတ်တာမို့ နေပျော်ဖွယ်ကောင်းတဲ့ မြို့ကလေးလို့ သတ်မှတ်ပါတယ်..

နောက်ထပ် အထက်တန်းကျောင်းတက်ခဲ့ရတဲ့ မြို့ကလေးကတော့ ပြည်နယ်တစ်ခုရဲ့ မြို့ကြီးဖြစ်တာကြောင့် ပတ်ဝန်းကျင် အနေအထား ကျယ်ပြန့်သွားပြီဖြစ်တာကြောင့် သေးစိတ် မသိနိုင်တော့ပါဘူး.. မြို့ အနေအထားကတော့ သာသာယာယာ ရှိလွန်းလှပါတယ်.. သစ်သီးဝလံ ပေါများပြီး ရာသီဥတုလဲ သင့်တင့်မျှတတာကြောင့် နေချင်စရာကောင်းလွန်းလှပါတယ်.. တောတောင်သဘာဝအလှရဲ့ ရှုခင်းတွေကို အပြည့်အ၀ခံစားနိုင်တဲ့ မြို့လည်းဖြစ်ပါတယ်.. မြို့ရဲ့ လမ်းတိုင်းမှာ သစ်ပင်ကြီးတွေ စီစီရီရီရှိတာကြောင့် နွေအချိန်ဆိုရင်တောင် အေးအေးမြမြ ရှိတတ်တဲ့ မြို့လဲဖြစ်ပါတယ်.. ဒါကြောင့် ဒီမြို့ဟာလည်း ကျွန်မအတွက်တော့ နေပျော်ချင်စရာ မြို့တစ်မြို့ဖြစ်ပါတယ်..

တက္ကသိုလ်တက်ချိန်မှာတော့ အပူပိုင်းဒေသရဲ့ မြို့ကြီးတစ်မြို့မှာ တက်ရောက်ခဲ့ပါတယ်.. ပူလွန်းတာကြောင့် အပြင်ကို သိပ်မထွက်ဖြစ်ဘဲ ကျောင်းနဲ့ အဆောင်သာ အချိန်ကုန်ခဲ့ရပါတယ်.. ကျောင်းတက်စဉ် ကာလကတော့ သူငယ်ချင်းတွေ များများစားစား မရှိခဲ့ပေမယ့် ရှိခဲ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့လည်း တစ်ခါမှ ပြန်မဆုံဖြစ်တော့ပါဘူး. မဆုံဖြစ်တော့ပေမယ့် သတိတရတော့ ရှိနေတတ်ခဲ့ပါတယ်. ဒီမြို့အကြောင်း ပြောရရင်တော့ မြန်မာဆန်မှုတွေ တော်တော်များများ ရှိနေသေးတဲ့ မြို့ပါပဲ… သမိုင်းဝင် အထင်ကရ နေရာတွေ ရှိနေတဲ့ မြို့မို့ တန်ဖိုးထားစရာ မြို့တစ်မြို့ပါပဲ..

လုပ်ငန်းခွင် ၀င်ရောက်တဲ့ မြို့ကတော့ ရွှေမြို့တော် ရန်ကုန်ပါ.. ရန်ကုန်မြို့ကတော့ ထုံးစံအတိုင်း မွန်းကြပ်မှုတွေ အဆင်မပြေမှုတွေ ခြေထိုးမှုတွေ ကြုံရတဲ့ မြို့ဖြစ်ပါတယ်.. ဒါက လုပ်ငန်းခွင်ကို ၀င်ရောက်ပြီဖြစ်လို့ ကြုံတွေ့ရတတ်တဲ့ ပါတ်ဝန်းကျင်သာ ဖြစ်ပါတယ်.. ပထမဆုံး လုပ်ငန်းခွင်မှာ ကြုံတွေရတဲ့ အခက်အခဲကတော့ သွေးပျက်လောက်အောင် စိတ်ညစ်ညူးစရာ ကောင်းခဲ့ပါတယ်.. သ၀န်တိုတတ်လွန်းသော သူဌေးရဲ့ ဇနီးကြောင့် စိတ်ဆင်းရဲခြင်းကြီးစွာ ကြုံတွေ့ခဲ့ရတဲ့ ရန်ကုန်မြို့ရဲ့ ပထမဆုံး လုပ်ငန်းခွင်ဖြစ်ခဲ့ပါတယ်.. ကိုယ်အလုပ်ထွက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြံဆောင်နေတဲ့ သူဌေးကတော်ကြောင့် ၂လထက်အပြင် ပိုမလုပ်နိုင်တော့ဘဲ အချိန်အတိုဆုံး အလုပ်လုပ်ခဲ့တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်.. အလုပ်မှာ အတူလုပ်ခွင့်ရသူ အစ်မတစ်ယောက်ဟာလည်း မနွေးထွေးသော၊ မာယာများသော၊ သူဌေးကတော်ကို အပီအပြင်ပေါင်းကာ အခြားသူအကြောင်း သွေးထိုးတတ်သော သူတစ်ယောက် ဖြစ်နေခဲ့တာကြောင့်လည်း လုပ်ငန်းခွင်မှာ ပိုပြီး နေမပျော်ဖြစ်ခဲ့ရပါတယ်.. ဘွဲ့ကလေးတစ်ခုသာ ပိုက်ပြီး ရန်ကုန်ရောက်လာသူ တစ်ယောက်ရဲ့ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတဲ့ ကာလလည်း ဖြစ်ပါတယ်..


ရန်ကုန်လိုမြို့ကြီးမှာ သာမာန်ဘွဲ့လေးတစ်ခုနဲ့ ၀င်တိုးဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဒါကြောင့် ကွန်ပျူတာ ဒီပလိုမာ သင်တန်းတစ်ခုကို  အခက်အခဲကြားက တတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်.. ဒီသင်တန်းတက်ဖို့ တော်တော်ကို ရုန်းကန်ခဲ့ရပါတယ်.. ရုန်းကန်တယ် ဆိုတဲ့နေရာမှာ အလုပ်တစ်ဘက်နဲ့မို့ တော်တော်ကို ခက်ခဲခဲ့တာပါ.. ဒီလုပ်ငန်းခွင်မှာ ၂လလောက်နေဖြစ်ပြီး နောက်ထပ် ဘယ်လိုမှ ဆက်နေလို့ မဖြစ်တော့တာကြောင့် သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ အခြားနေရာမှာ အလုပ်တစ်ခု ရပါတယ်.. သို့သော် အဲဒီအလုပ်ဟာ ကိုယ်မလုပ်ချင်တဲ့ အလုပ်၊ တစ်နေကုန်ပြင်ကိုသာ ထွက်နေရတဲ့ အလုပ်မို့ ၆လလောက်သာ လုပ်ဖြစ်ခဲ့ပါတယ်.. ပြီးတော့ အလုပ်ရှင်က ကိုယ်သင်တန်းတွေ တက်တာကို သဘောမကျပါဘူး.. သူကိုယ်တိုင်ကျ ဘွဲ့တွေများစွာ ယူထားပေမယ့် သူ့အလုပ်သမားတွေ သင်တန်းတက်တာကိုတော့ မကြည်ဖြူတဲ့ သူတစ်ယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ ကိုယ်ကတော့ အလုပ်ရှင် ဘယ်လိုပင် ငြူစူပေမယ့် ကိုယ့်သင်တန်းကို ပြီးဆုံးအောင် တက်ဖြစ်ခဲ့ပါတယ်.. တစ်ညကို ၄ နာရီသာ အိပ်ချိန်သတ်မှတ်ပြီး စာကျက်ချိန် ရအောင်ထားခဲ့ရပါတယ်.. ဒီလိုနဲ့ အလုပ်တစ်ဘက် လုပ်ရင်းက ဒီပလိုမာ သင်တန်း၂ခုကို တစ်ပြိုင်တည်းတက်ပြီး စာမေးပွဲကို ရအောင်ဖြေခဲ့ပါတယ်..


နောက်ထပ် ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်တစ်ခုက ရန်ကုန်မြို့ရဲ့ နာမည်ကြီး ရုပ်ရှင်ရုံများပိုင်ရှင်ရဲ့ ရုပ်ရှင်ရုံတွေမှာ လက်ထောက်မန်နေဂျာ တာဝန်နဲ့ ၀င်ရောက်ခဲ့ရတဲ့ လုပ်ငန်းခွင်ပါ.. စည်းကမ်း တင်းကြပ်လွန်းလှတာကို သဘောကျပေမဲ့ အရောင်းဝန်ထမ်း၊ စက်ကိုင် အင်ဂျင်နီယာများ၊ စတဲ့ ၀န်ထမ်းများကို ဘယ်လိုသက်တန်းမျိုးကိုမှ တက်ခွင့်မပေးတဲ့ လုပ်ငန်းခွင်ပါ.. သိပ်ကို ဆိုးရွားလွန်းလှပါတယ်.. ၀န်ထမ်းတွေရဲ့ ရှေ့ရေးကို ပိတ်ပင် ချုပ်ခြယ်ထားတဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ အလုပ်ရှင်လို့ ပြောရမှာ ဖြစ်ပါတယ်.. သင်တန်းတက်တာ သိရင် ချက်ခြင်းအလုပ်ထုတ်ပစ်တဲ့ နေရာတစ်ခုပါ.. အလုပ်ချိန်က မနက် ၈း၄၅မှ ည၁၀နာရီထိ ဖြစ်ပါတယ်.. အလုပ်ချိန်များလွန်းတဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်.. သို့သော် ကိုယ်ကတော့ တက်လက်စ ဒီပလိုမာတန်းကို ရအောင်ခိုးပြီး တက်ခဲ့ပါတယ်.. အဲဒီကနေ သင်တန်း level တစ်ခုရဲ့ စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်. သင်တန်းတက်နေရင်း တင်းကြပ်လွန်းတဲ့ အလုပ်ချိန်ကို တက္ကစီအားကိုးပြီး အချိန်မှီရောက်အောင် တက်ခဲ့ပါတယ်… ကိုယ်ဒီလိုတက်ခဲ့တာကို လူကြီးပိုင်းဘယ်သူကမှ မသိလိုက်ကြပေမယ့် အဲဒီအလုပ်ကနေ ထွက်ချိန်မှာ ကိုယ့်အထက်လူကြီးကို အဲဒီအကြောင်း ပြောဖြစ်အောင် ပြောပြဖြစ်ခဲ့ပါတယ်.. လောကမှာ ဘယ်အရာကိုမှ ကန့်သတ်ချုပ်ခြယ်လို့မရသလို လူတစ်ယောက်ရဲ့ တိုးတက် အောင်မြင်ရေး လမ်းကြောင်းကို ချုပ်ချယ်တဲ့ အဲဒီ လုပ်ငန်းခွင်ဟာ နှစ်လိုဖွယ်မရှိတဲ့ နေရာဖြစ်ကြောင်း သူတို့သိအောင် ကိုယ် ပြောဖြစ်ခဲ့ပါတယ်.. အဲဒီမှာလည်း ၆လလောက်သာ လုပ်ပြီး ထွက်ဖြစ်ခဲ့ပါတယ်…

နောက်ကြုံရတဲ့ လုပ်ငန်းခွင်ကတော့ နိုင်ငံခြားသားပိုင် Company တစ်ခုဖြစ်ပါတယ်.. နိုင်ငံခြားသား တော်တော်များများ အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်ဖြစ်ပါတယ်.. ဒီမှာလည်း စိတ်ဆင်းရဲစရာပြည့်နေတဲ့ မပျော်ရွှင်စရာ လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့ပါတယ်. နိုင်ငံခြားသားလက်အောက်မှာ ကိုယ့်ကိုယ်ကို မလုံခြုံခြင်းဆိုတာကို ခံစားရပါတယ်.. သူဌေးဖြစ်သူကလည်း ၀န်ထမ်း အမျိုးသမီးလေးတွေကို သူတို့နိုင်ငံခြားသား ၀န်ထမ်းတွေနဲ့ နီးစပ်အောင် လုပ်ပေးတတ်တဲ့ မနှစ်မြို့ဖွယ် လူစားမျိုးဖြစ်ပါတယ်.. ထိကပါးရိကပါး ပြောတတ်တဲ့ နိုင်ငံခြားသားတစ်ချို့နဲ့ ညနေရုံးဆင်းချိန်တိုင်း စားသောက်ဆိုင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြုလုပ်တဲ့ ဒင်နာပွဲကို အမြဲတက်ရတဲ့ ဒုက္ခကို ဘယ်လိုမှ သည်းခံနိုင်ဖို့ မရှိတော့လို့ သိပ်ကောင်းမွန်တဲ့ လစာရခဲ့ပေမယ့် အလုပ်ထွက်ဖြစ်ခဲ့ပါတယ်.. ဒီလို လုပ်ငန်းခွင်မျိုးကတော့ သည်းမခံနိုင်ဖို့ကောင်းတဲ့ စိတ်ပျက်ဖွယ် လုပ်ငန်းခွင်ဖြစ်ပါတယ်..

အဲဒီကာလမှာ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူနေဖြစ်ပါတယ်.. သူပိုင်တဲ့ တိုက်ခန်းမှာပါ.. ပိုက်ဆံပေးစရာမလိုဘဲ အလကားနေရတာ ဖြစ်ပါတယ်.. ဒါပေမဲ့ ပိုက်ဆံမပေးရတဲ့ အတွက် သူငယ်ချင်းဖြစ်သူရဲ့ ထမင်းဗူးကို တာဝန်ယူပြီး စီစဉ်ပေးရပါတယ်.. ပြီးတော့ သူ့အမျိုးအဆွေတွေရဲ့ ကိစ္စတွေပါ လုပ်ပေးရခြင်းပါပဲ.. သူ့ကျေးဇူးရှိတယ်ဆိုတာ ကိုယ်နားလည်ပါတယ်.. ဒီလောက်ကို ကိုယ်လုပ်နိုင်ပေမယ့် စကားပြောရင် အထက်စီး ဆန်လွန်းတာကိုတော့ သည်းခံရတာ အလွန်ခက်ခဲပါတယ်. နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တဲ့အချက်က ကိုယ်ရေးကိုယ်တာတွေကို စပ်စုခြင်းပါပဲ.. ကိုယ့်ဒိုင်ယာရီကအစ ခိုးဖတ်တတ်တဲ့ ဒီလို သူငယ်ချင်းမျိုးနဲ့ အတူ နေနေရတာ သိပ်စိတ်ပျက်လာမိပါတယ်.. ဒါကြောင့် ကိုယ်တစ်ယောက်တည်း သီးသန့်နေဖို့ စီစဉ်ပြီး သူငယ်ချင်းဆီကနေ ရုန်းထွက်ဖြစ်ခဲ့ပါတယ်.. ပိုက်ဆံကုန်ပေမယ့် စိတ်ချမ်းသာခဲ့ပါတယ်..


နောက်ဆုံးကြုံရတဲ့ လုပ်ငန်းခွင်ကတော့ သိပ်ကိုကောင်းမွန်ပါတယ်.. ၀န်ထမ်းအချင်းချင်းကြား ကြုံရတဲ့ အသေးအမွှား ပြဿနာလေးတွေ၊ လုပ်ငန်းခွင်ရဲ့ အခက်အခဲလေးတွေ ရှိတတ်တာကလွဲလို့ နေပျော်ချင်စရာ လုပ်ငန်းခွင်ကလေးပါ.. နိုင်ငံခြားနဲ့လည်း ဆက်အသွယ် အများကြီး လုပ်ခွင့်ရတဲ့ အတွက် ၀န်ထမ်းတွေ အတွက်လည်း တိုးတက်စေနိုင်တဲ့ နေရာပါ.. ဌာနဆိုင်ရာတွေနဲ့လည်း ၀င်ထွက်သွားလာခွင့်ရတဲ့အတွက် အတွေ့အကြုံကောင်းများစွာ ရရှိခဲ့တဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်ခဲ့ပါတယ်.. ၀န်ထမ်းတွေအတွက် လိုအပ်တဲ့ သင်တန်းတွေကိုလည်း Company မှာတင် ဆရာတွေခေါ်ပြီး သင်တန်းပေးတဲ့ အတုယူစရာ လုပ်ငန်းခွင်ဖြစ်ပါတယ်.. ဒီလုပ်ငန်းခွင်ကနေ ကိုယ်နောက်ထပ် ဒီပလိုမာ ၂ခု ထပ်ယူဖြစ်ခဲ့ပါတယ်.. လုပ်ငန်းခွင်ကိုလည်း မထိခိုက်စေဘဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်.. ဒီအတွက် ပင်ပန်းခဲ့ရတာတွေ စတေးခဲ့ရတာတွေကတော့ အများကြီးပါပဲ.. ဒါပေမဲ့ ရလာတဲ့ ရလာဒ်အတွက်တော့ ပင်ပန်းပေမယ့် ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်..
 
ကိုယ့်ရဲ့ စိတ်သဘောကတော့ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ချင်ပြီး လူမှုရေးရှုပ်ထွေးတာမျိုးကို မကြိုက်ပါဘူး.. အဲလိုနေရာမျိုးမှာလည်း မလုပ်ချင်ပါဘူး..  ကိုယ်က ကောင်းရက်နဲ့ နေလို့မပျော်တဲ့ လုပ်ငန်းခွင်မျိုးဆိုရင် လစာဘယ်လောက် ကောင်းကောင်း ရုန်းထွက်ဖို့ ကြိုးစားမှာပါပဲ.. ရုန်းမထွက်နိုင်ခင် တစ်နေ့အထိတော့ သည်းခံပြီးလုပ်မှာဖြစ်ပေမယ့် လုံးဝသည်းမခံနိုင်တဲ့တစ်နေ့ သို့မဟုတ် လုံးဝကို မသင့်တော်တဲ့ လုပ်ငန်းခွင်သာ ဖြစ်နေခဲ့ရင်တော့ အမြန်ဆုံး ရုန်းထွက်ဖြစ်အောင် ကြိုးစားတတ်ပါတယ်.. ဒီလိုပါပဲ ဘယ်လူမှုဝန်းကျင်ပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို မပျော်ရွှင်စေတဲ့နေရာ၊ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့နေရာ၊ ကိုယ်မလုပ်ချင်တာ လုပ်နေရတဲ့ နေရာ၊ ကိုယ့်တက်လမ်းတွေကို ပိတ်ပင်ထားတဲ့ နေရာသာ ဖြစ်နေခဲ့ရင် ရုန်းထွက်မှာပါပဲ.. ကိုယ့်စိတ်ကို နာကျင်စေတဲ့နေရာဒေသ ပတ်ဝန်းကျင်၊ စိတ်ရှုပ်ထွေး မွန်းကြပ်စေတဲ့ လုပ်ငန်းခွင်၊ စိတ်ညစ်နွမ်းစေတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးမျိုးကို လုံးဝမကြုံတွေ့ချင်ပါဘူး… ကိုယ့်စိတ်ကို အနာတရ ဖြစ်စေမယ့် လူမှုဝန်းကျင်ဆိုရင်လည်း ဒီဝန်းကျင်ကနေ စွန့်ခွာဖို့ ကြိုးစားမှာပါ..

လူတိုင်းကို ရင်းရင်းနှီးနှီး ဆက်ဆံခဲလှပေမယ့် ကိုယ်ခင်မင်တဲ့ သူတွေအပေါ်မှာတော့ အကောင်းဆုံးဖြစ်အောင် တန်ဖိုးထား ဆက်ဆံချင်ပါတယ်.. ကိုယ့်အပေါ် တစ်ကျပ်ဖိုး ကောင်းရင်တောင် တစ်ရာဖိုးလောက် ပြန်ကောင်းပေးချင်ခဲ့သူပါ.. ထိုသူများကိုလည်း ကိုယ်ကသာ အကူအညီပေးချင်ပါတယ်.. ဘယ်အကူအညီ မျိုးကိုဘဲဖြစ်ဖြစ် မငြင်းပယ်ချင်လောက်အောင် လိုအပ်သမျှ လုပ်ပေးချင်မိပါတယ်.. ဒါကို ကိုယ်နဲ့ ရင်းရင်းနှီးနှီး ခင်မင်ခဲ့သူတိုင်းက သိကြပါတယ်..  သို့သော်လည်း လုပ်ငန်းခွင်ပဲဖြစ်ဖြစ် လူမှုဝန်းကျင်မှာပဲဖြစ်ဖြစ် သည်းခံခြင်း ဆိုတဲ့နေရာမှာတော့ အတိုင်းအတာ ရှိပါတယ်.. အတိုင်းအတာထက် ကျော်လွန်ခဲ့ပြီ ဆိုရင်တော့ စိတ်ပျက်စွာနဲ့ ဥပက္ခာပြုလိုက်ဖို့သာ ကိုယ်ဆုံးဖြတ်မှာပါ.. ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝ တစ်သီးတစ်သန့် နေတတ်တဲ့စိတ်က သူများကိုလည်း စော်ကားဖို့ ၀န်လေးသလို ကိုယ့်ကို စော်ကားရင်လည်း ခံနိုင်ရည် နည်းပါးပါတယ်.. အဲလို စော်ကားခံရရင်လည်း တနုံ့နုံ့နဲ့ မေ့ပျောက်နိုင်ဖို့ ခဲယဉ်းပါတယ်… စိတ်မနာနိုင်တဲ့ အချိန်အထိ သည်းခံနိုင်ပေမဲ့ စိတ်ထဲမှာ နာသွားခဲ့ပြီ ဆိုရင်တော့ အဲဒီ ၀န်းကျင်ကနေ ကိုယ်ရုန်းထွက်မှာပါ.. ပျော်ရွှင်ချမ်းမြေ့ဖွယ် ဆက်ဆံရေးမျိုး၊ လူမှုဝန်းကျင်မျိုးလေးကို တန်ဖိုးထားပြီး လိုချင်မိပေမဲ့လို့ ကိုယ်မျှော်လင့်တဲ့ နားလည်နွေးထွေးသော ဆက်ဆံရေးမျိုး၊ လူမှုဝန်းကျင်မျိုး မဖြစ်လာခဲ့ဘဲ စိတ်မချမ်းမြေ့ဖွယ် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကို ရောက်နေပြီ ဆိုရင်တော့လည်း အဲဒီနေရာလေးကနေ ဥပက္ခာတရား ဆိုတာကို လက်ကိုင်ထားလို့ ကိုယ် ကျောခိုင်းနိုင်အောင် ကြိုးစားတော့မှာပါ.. ……

 ပန်းနုနှင်းဆီ

ချစ်မိတဲ့ ပန်းကလေးများ

ကိုယ့်ရဲ့ဘ၀မှာ ပန်းကလေးတွေကို အရမ်းချစ်ခဲ့
ဖူးတယ်..ချစ်ခဲ့ဖူးတယ်ဆိုလို့အခုမချစ်တော့ဘူး
လားမေးစရာနော်.. အခုလဲချစ်ပါတယ်..နောင်ကို
လည်း ချစ်နေဦးမှာသေချာပါတယ်..ပန်းဆိုရင်ငယ်
ငယ်ကလေးတည်းက ဘယ်ပန်းမဆို ချစ်ခင်နှစ်
သက်မြတ်နိုးမိတယ်.. ရနံ့တွေကြောင့်နှစ်သက်မိ
သလို အဆင်းကြောင့်လည်း နှစ်သက်မိတတ်ပါ
တယ်.ကိုယ် ချစ်ခင်နှစ်သက်မိတဲ့ ပန်းကလေး
တွေအကြောင်းသတိတရနဲ့စာရေးချင်လာမိတာ
ကြောင့် ရေးဖြစ်ပြန်ပါပြီ။


မှတ်မှတ်ရရ ပန်းတွေကို စပြီး တန်ဖိုးထားတတ်လာတာ ၆တန်း ၇တန်းအရွယ်လောက်က စပါတယ်... ကျောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ မိုးရာသီရောက်တိုင်း မွှေးပျံ့ကြိုင်လှိုင်စွာ ပွင့်ဝေတတ်တဲ့ ပန်းခရေလေးတွေပေါ့ … ကျောင်းပတ် ပတ်လည် တစ်လျှောက်လုံး ခရေပင်တွေ တန်းစီနေတယ်လေ.. အိုး… တန်းစီနေတဲ့ ခရေပင်အောက်က ပွင့်ကြွေတွေကို ကောက်ချင်လွန်းလို့ ဝေးမှန်းသိပေမဲ့ ကျောင်းကို တစ်ပတ်ပတ်မိအောင် လမ်းလျှောက်ပြီး ခရေပင်အောက် တိုင်းမှာ ကြွေနေတဲ့ ပန်းကလေးတွေကို ၀င်ဝင်ပြီးကောက်မိလို့ ကျောင်းခနခန နောက်ကျရတာ မှတ်မိနေပါသေးတယ်.. လက်ခုပ်လေးထဲမှာ အပြည့်ရှိနေတဲ့ ခရေပွင့်လေးတွေရဲ့ ရနံ့က မွှေးကြိုင်သင်းထုံလို့ စွဲမက်စရာ ကောင်းလွန်းလှတယ် မဟုတ်ပါလားနော်.. အော်.. ကြွေပေမဲ့ ရနံ့မပျယ်ဘဲ လောကကို အလှဆင်နိုင်စွမ်းသေးတဲ့ ချီးကျူးစရာ ပန်းကလေး ပါဘဲလေ… သူ့လိုမျိုးလေး လောကကြီးကို တတ်စွမ်းသလောက်လေးတော့ အလှဆင်ခွင့် ရချင်ပါသေးတယ်.. ဖြစ်နိုင်ခဲ့ရင်ပေါ့..


ကိုယ် နှစ်သစ်တဲ့ ပန်းနောက်တစ်မျိုးက ခင်မင်ရသော သူငယ်ချင်းလေး တစ်ယောက်ရဲ့ အိမ်နောက်က ပန်းခြံထဲမှာ တခုတ်တရ စိုက်ပျိုးထားတဲ့ ခွာဝါပန်း ၀ါဝါလေးတွေပါ.. သူတို့ခြံထဲမှာ အားလပ်ချိန်တွေဆို သူငယ်ချင်းတွေစုပြီး စာသွားသွားကျက်လေ့ ရှိပါတယ်.. ပန်းပင်လေးတွေရဲ့ အရိပ်အောက်မှာထိုင်ပြီး သင်းပျံ့ပျံ့ပန်းရနံ့လေးတွေကို ရှုရှိုက်ရင်း သူငယ်ချင်းတွေစုပြီး စာကျက်ခဲ့ရတာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်ရစရာ အချိန်ကလေးတွေ ဖြစ်ခဲ့ဖူးပါတယ်.. ခုတော့ စာအတူကျက်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်နေရာစီ ဝေးကွာကြပြီး ပြန်မဆုံဖြစ်ကြတော့ပါဘူး.. ဒါပေမဲ့ စိတ်ထဲကတော့ မှတ်မှတ်ရရ အမြဲတမ်း ရှိနေဖြစ်ခဲ့ပါတယ်.. ခွာဝါပန်းကလေးတွေဟာ ပေါပေါများများ တွေ့ရလေ့ မရှိတတ်တဲ့ ပန်းကလေးတွေပါ.. လွန်ခဲ့တဲ့ နှစ်များဆီက မမျှော်လင့်ဘဲ ရန်ကုန်မြို့ရဲ့ လမ်းတစ်နေရာမှာ အဲဒီ ခွာဝါပန်း ၀ါဝါကလေးတွေ ပြန်တွေ့လိုက်ရတော့ ငယ်ဘ၀ကို တမ်းတမ်းတတ ပြန်သတိရသွားမိခဲ့တယ်.. သူလေးက ရနံ့မရှိပေမဲ့ ၀ါလွင်လွင်အရောင်လေးနဲ့ သိပ်ကို ချစ်စရာကောင်းပါတယ်။


နောက်ထပ် နှစ်သက်မိတဲ့ ပန်းတစ်မျိုးက သူငယ်ချင်းရဲ့ အိမ်ရှေ့မှာ စိုက်ထားတဲ့ ခပ်မြင့်မြင့်ပင်စည်နဲ့ အလွန်မွှေးကြိုင်စွာ ပွင့်ဝေတတ်တဲ့ ပုန်းညက်ပန်းပါ.. သူကလဲ မိုးရာသီမှာသာ ပွင့်တဲ့ ပန်းမျိုးပါဘဲ.. ပွင့်ဖတ်ကလေးတွေက ဖယောင်းသား လေးလို ညက်ညက်ညောညောနဲ့ ဖြူဖြူအိအိလေး.. အလယ်က ၀တ်ဆံတိုင်နဲ့ ၀တ်မှုံတို့က ၀ါရွှေနွယ်သွေးနဲ့ အတော်လေးကို မွှေးတဲ့ ပန်းကလေးပါ.. ချိုချိုအီအီ ရနံ့မျိုးလေးမို့ သူကလဲ တစ်မျိုးစွဲမက်ဖို့ ကောင်းလွန်းလှပါတယ်.. ခုချိန်မှာတော့ မေမေ့ရဲ့ ခြံကလေးထဲမှာ စိုက်ထားတဲ့ အပင်ကလေးမို့ ပိုလို့ အချစ်တိုးရပြန်ပါတယ်.. မိုးစက်တွေ အဆက်မပြတ် ရွာသွန်းတတ်တဲ့ ခုလိုမိုးကာလမှာ အစိမ်းရောင်မြ၀တ်လွှာ ရွက်စိမ်းတွေကြားက ဖူးငုံစပြုနေတဲ့ ပုလဲလုံးလေးတွေလို ပုန်းညက်ဖူးတွေက မြင်ရတာ ရင်ခုန်ချင်စရာ ကောင်းလွန်းလှတယ်..


စပါယ်ပန်းကိုတော့ နှစ်သက်မိတဲ့ ပန်းကလေးတွေရဲ့ စာရင်းထဲကနေ ချန်ထားလို့ ဘယ်ဖြစ်မှာလဲနော်.. သူကလဲမိုးရာသီကို အစွမ်းကုန် အလှဆင်ပေးတဲ့ ဖြူစင်လှပတဲ့ ငွေကြယ်ပွင့်ကလေးတွေဘဲ မဟုတ်လား.. ကိုယ်တို့ ငယ်ငယ်က နေခဲ့တဲ့ အရပ် ဒေသမှာတော့ မိုးရာသီမှသာ စပါယ်တွေ ပွင့်ဝေကြပေမဲ့ ရန်ကုန်မြို့ကြီးမှာတော့ ၁၂ရာသီ စပါယ်တွေ ဝေနေတာ တွေ့ခဲ့ရပါပြီ.. တတ်လဲ တတ်နိုင်ကြပါတယ်နော်.. ရာသီမသိ ပန်းနဲ့လဲ ညှိလို့ရမယ် မထင်တော့ပါဘူးလေ… မိုးမရွာတဲ့ လသာသာညများဆိုရင် ဖွေးဖွေးလှုပ်နေတဲ့ စပါယ်ရုံဘေးမှာ ချစ်သူနဲ့ချိန်းတွေ့ကြဖူးသူများ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ ကိုယ်တိုင်တော့ မတွေ့ခဲ့ဖူးတဲ့အတွက် ဒီခံစားချက်ကိုတော့ မသိတတ်နိုင်ပါဘူး… လသာသာညမှာ စပါယ်ပွင့်တွေတော့ ခူးခဲ့ဖူးပါတယ်.. ကြူကြူသင်းတဲ့ စပါယ်ရနံ့သင်းသင်းလေးက နှာဝမှာကလူကြည်စယ်ရင်း ကောင်းကင်ပေါ်က လမင်းကြီးက ပြုံးတုံ့တုံ့နဲ့ ငုံ့ကြည့်ရင်ပေါ့.. ညချမ်းကလေးမှာ ဖုးငုံရာကနေ ပွင့်အာစပြုလာတဲ့ စပါယ်ဖြူ နုနုထွေးထွေးလေးတွေကို ခူးရတာ အိုး ဘယ်လောက်များ ကြည်နူးဖွယ် ညချမ်းကလေးဖြစ်လေသလဲ စဉ်းစားကြည့်ပါဦးနော်..


ပိတောက်ပန်းကိုတော့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး… ရာသီပန်းမို့ နှစ်သစ်စရာကောင်းသလို နှလုံးသားထဲမှာ စွဲငြိအောင် မွှေးလွန်းလို့လဲ ချစ်ခင်မြတ်နိုးရပါတယ်.. သူ့ကိုတော့ ခပ်ငယ်ငယ် ၂တန်း၃တန်းလောက်ကတည်းက အိမ်ရှေ့မှာ အပင်ကြီး ရှိနေလို့ ရင်းနှီးခဲ့ရတာပါ.. အပင်ပေါ်က ပန်းကို မရနိုင်တဲ့အခါ အပင်အောက်ခြေမှာ လေအလွှင့် ကြွေဆင်းလာတဲ့ ပွင့်ကြွေ လေးတွေကို မြတ်နိုးစွာ သီကုံးလို့ ပန်ဆင်ခဲ့ဖူးပါတယ်.. ပွင့်ကြွေတွေကိုဘဲ အိပ်ရာ ကဗ္ဗလာထက်မှာ ဖြန့်ခင်းလို့လဲ လျောင်းစက်ခဲ့ဖူးပါတယ်.. ပိတောက်နဲ့ပတ်သက်ရင် အမှတ်ရစရာလေးတွေ ခုချိန်ထိ မှတ်မှတ်ရရဖြစ်နေဆဲပါ… ရင်ခုန်တတ်စ ငယ်ရွယ်စဉ်အချိန်မှာ ပိတောက်ဟာ ကိုယ့်ကို အမှတ်ရစရာ များစွာကို သိမ်းဆည်းထားပေးတဲ့ ပန်းကလေးတစ်မယ်ပါဘဲ..


ဆောင်းရာသီကို လှပသင်းထုံစေတဲ့ ပန်းကလေးတစ်မျိုးက ခွာညိုပန်းကလေးတွေပါ..ငယ်ငယ်က ကိုယ်ကြီးပြင်းရာအရပ်မှာ သဇင်ပန်းဆိုတာ အလွန်ရှားပါးပါတယ်.. မြို့ကြီးပြကြီးရောက်မှသာ သဇင်ပန်းကို မြင်ဖူးလာရပါတယ်. အဲဒီအချိန်က ဆောင်းရာသီရဲ့ တန်ဖိုးထားစရာ ပန်းကလေးကတော့ နှင်းရည်ကိုဝလင်စွာသောက်သုံးပြီးလို့ အစွမ်းကုန် လှပဝေဆာ ဖူးပွင့်တတ်ပါသော ကြူကြူသင်းတဲ့ ညိုပြာပြာအဆင်း ခွာညိုပန်းကလေးတွေသာ ဖြစ်ခဲ့ပါတယ်..ခုချိန်မှာတော့ နယ်ဒေသတွေ ပြန်ရောက်ဖြစ်မှသာ ပြန်ဆုံးဆည်းခွင့်ရတတ်ပါတယ်... မြို့ပြတွေမှာ တွေ့ဖို့ခဲယဉ်းလွန်းတဲ့ ရှားပါးပန်းကလေး ဖြစ်နေပါပြီ. တကယ်လို့များ ကိုယ့်မှာသာ ကိုယ်ပိုင်ခြံကလေးတစ်ခြံ ရှိခဲ့မယ်ဆိုရင် ကိုယ်နှစ်သက်မြတ်နိုးတဲ့ ပန်းကလေးတွေ အားလုံးကို ကိုယ့်ခြံကလေးထဲမှာ စိုက်ပျိုးထားချင်မိပါတယ်.. ခွာညိုပန်းကလေးကတော့ ချစ်စရာ စင်လှလှလေးတစ်ခုနဲ့ပေါ့နော်..


နောက်ထပ်လို့ ချစ်ခင်စရာပန်းကလေးက ကံ့ကော်ပန်းကလေးတွေပါ.. လှပမွှေးပျံ့တဲ့ရနံ့နဲ့အတူ နွေဦးကို ကြိုဆိုတတ်တဲ့ ချစ်စရာပန်းကလေးတွေပါဘဲ.. ကံ့ကော်ပန်းရဲ့ ၀တ်မှုံ ၀တ်ဆံလေးတွေဟာ ဆေးဘက်ဝင်သလို မွှေးရနံ့တွေကို နှစ်နှစ်သက်သက် စွဲမက်တတ်တဲ့ ကိုယ့်အတွက်တော့ တန်ဖိုးထားစရာ ပန်းကလေးတွေလဲ ဖြစ်ပါတယ်.. တစ်ချိန်ကတော့ ကိုယ့်ကို သိပ်ချစ်ပါတယ်လို့ အထပ်ထပ် ကတိစကားဆိုပြီး သစ္စာတွေနဲ့ ဘုရားမှာ တိုင်တည်ခဲ့ဖူးသူတစ်ယောက်က ရန်ကုန်တက္ကသိုလ် ပုရ၀ုဏ်ကြီးထဲက ကံ့ကော်တွေရဲ့ ၀တ်ဆံလေးတွေကို သူကိုင်တိုင် စိတ်ရှည်လက်ရှည် စုဆောင်းလို့ အခြောက်ခံပြီးကာမှ ကိုယ်သနပ်ခါးနဲ့ ရောပြီး သွေးလိမ်းဖို့အတွက် မှတ်မှတ်ရရ လက်ဆောင်ပေးတတ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်.. ခုတော့လည်း ဒါတွေက ပုံပြင်တစ်ပုဒ်လို ပြီးဆုံးသွားခဲ့တာ ကြာပါပြီလေ.. ဒီလူတစ်ယောက်ကြောင့်လည်း ဘယ်အရာမှ တည်မြဲခြင်းမရှိတာ ဘယ်လိုကတိစကားမှ ခိုင်မြဲခြင်းမရှိတတ်တာကို နားလည်တတ်ခဲ့ပါတယ်.. လောကကြီးရဲ့ သဘောသဘာဝကို စောစီးစွာ သိနားခွင့်ရလိုက်တာပါဘဲ.. ဒီအတွက်တော့ ကံ့ကော်ဝတ်ဆံ၊ ၀တ်မှုံလေးတွေ လက်ဆောင် ပေးခဲ့သူကို ကျေးဇူးတင်နေဦးမှာပါ.. ကံ့ကော်ပန်းကလေးတွေတွေ့တိုင်း ကိုယ့်နှုတ်ခမ်းတစ်ဘက်တည်းက အပေါ်ကို ခပ်မဲ့မဲ့ကလေး တွန့်ကွေးပြီး ပြုံးတတ်လာခဲ့ပါပြီ..


နှင်းဆီပန်းကလေးတွေကတော့ ကိုယ့်ရဲ့ အမြတ်နိုးဆုံး ပန်းလို့ဆိုရင်လဲ မမှားပါဘူး… ကိုယ်နှစ်သက်မိလွန်းလို့လဲ ငယ်ငယ် ကတည်းက နှင်းဆီတစ်ပွင့် နေ့စဉ် ပန်ဆင်တတ်လို့ ကိုယ့်ကို မနှင်းဆီဆိုတဲ့ နံမည်လေးတောင် အားလုံးက ၀ိုင်းခေါ်ခဲ့ရ ဖူးတယ်လေ.. သူတို့ရဲ့အလှ သူတို့ရဲ့ ဘ၀ကို ဆူးတွေနဲ့ ကာရံရင်း တန်ဖိုးထား စောင့်ရှောက်တတ်ပုံတွေက အတုယူစရာ… ကိုယ်ကိုယ်တိုင်လဲ နှင်းဆီပန်းကလေးလို ဆူးတွေနဲ့ ကာရံထားတဲ့ သူတို့လို ဘ၀မျိုးကို အားကျခဲ့မိတယ်.. စံထားခဲ့မိတယ်.. ဆူးမရှိရင် ပန်းဆိုတာကို လူတွေက အလွယ်တကူ ခူးဆွတ်ချင်တတ်ကြတယ်.. နင်းခြေတတ်ကြတယ်.. ဆူးတွေနဲ့ ကာရံထားတဲ့ ပန်းကိုတော့ တော်တန်ရုံ ခူးဆွတ်ဖို့ မ၀ံ့ရဲကြဖူး.. မိန်းကလေးတွေရဲ့ ဘ၀မှာလည်း နှင်းဆီပန်းလို ထိုက်သင့်တဲ့ ဆူးတွေနဲ့ အရံအတားအဖြစ် ကိုယ့်ဘ၀ကို ကာရံထားဖို့ လိုအပ်ပါတယ်လို့ ကိုယ်ကတော့ ခံယူမိပါတယ်.. ဒါက ကိုယ့်ရဲ့ သီးသန့် အမြင်.. ကိုယ်ပိုင်ခံယူချက်ပါ..



ဆူးကဲ့သို့ အရံအတားမရှိဘဲ လူတကာကို ခေါင်းငုံ့ရိုကျိုး ကြောက်ရွံ့နေရတဲ့ ဘ၀မျိုးကို ကိုယ် မလိုလား၊ မနှစ်သက်ဘူး… ဒါကြောင့် ကိုယ့်ဘ၀မှာ ဆူးနဲ့တူတဲ့ အရံအတားတွေကို တတ်နိုင်သလောက် ကာရံနိုင်အောင် ကြိုးစားခဲ့ရတယ်.. အချိန်ကာလ အတော်ကြာကြာ ပေးဆပ်ခြင်းများစွာနဲ့ ဘ၀မှာ ဆူးတွေ… လိုအပ်တဲ့ ဆူးတွေ တပ်ဆင်လာနိုင်အောင်ပေါ့… ဒီလိုဆူးတွေလို အရံအတားတွေ ဖြစ်လာနိုင်အောင် ပေးဆပ်ခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အများကြီးမို့လည်း လွယ်လွယ်နဲ့တော့ ဒီ အရံအတား ဆိုတဲ့ ဆူးတွေကို စွန့်လွှတ်ဖို့ ဘယ်လွယ်ပါ့မလဲနော်.. လူတွေမှာ ဆူးတွေအများကြီး ရှိတတ်ကြပါတယ်. အတ္တဆူး၊ ဂုဏ်ပကာသနဆူး၊ ပညာမာန်မာနဆူး အိုး ပြောရရင်တော့ ဆူးတွေ အများကြီးပါဘဲ.. အဲဒီအားလုံးထဲမှာ ကိုယ်တန်ဖိုးထားတဲ့ ဆူးကလေးတစ်ချောင်းက ဂုဏ်သိက္ခာ ဆိုတဲ့ ဆူးကလေးပါ.. ကိုယ့်ရင်ထဲမှာ နက်နဲစွာ အမြစ်တွယ် နေခဲ့တဲ့ ဒီဂုဏ်သိက္ခာဆိုတဲ့ ဆူးကလေးတစ်ချောင်းအတွက်တော့ ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး.. ခွင့်မလွှတ်ရင်လဲ ကျေနပ်ပါတယ်.. ဘယ်သို့ဆိုစေ.. ဒီဆူးကလေးကတော့ ကိုယ့်ရင်ထဲမှာ ရာသက်ပန် ခိုင်မြဲနေလေဦးမှာပါ..


ပန်းနုနှင်းဆီ