ကိုယ့်ရဲ့ဘ၀မှာ ပန်းကလေးတွေကို အရမ်းချစ်ခဲ့
ဖူးတယ်..ချစ်ခဲ့ဖူးတယ်ဆိုလို့အခုမချစ်တော့ဘူး
လားမေးစရာနော်.. အခုလဲချစ်ပါတယ်..နောင်ကို
လည်း ချစ်နေဦးမှာသေချာပါတယ်..ပန်းဆိုရင်ငယ်
ငယ်ကလေးတည်းက ဘယ်ပန်းမဆို ချစ်ခင်နှစ်
သက်မြတ်နိုးမိတယ်.. ရနံ့တွေကြောင့်နှစ်သက်မိ
သလို အဆင်းကြောင့်လည်း နှစ်သက်မိတတ်ပါ
တယ်.ကိုယ် ချစ်ခင်နှစ်သက်မိတဲ့ ပန်းကလေး
တွေအကြောင်းသတိတရနဲ့စာရေးချင်လာမိတာ
ကြောင့် ရေးဖြစ်ပြန်ပါပြီ။
မှတ်မှတ်ရရ ပန်းတွေကို စပြီး တန်ဖိုးထားတတ်လာတာ ၆တန်း ၇တန်းအရွယ်လောက်က စပါတယ်... ကျောင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ မိုးရာသီရောက်တိုင်း မွှေးပျံ့ကြိုင်လှိုင်စွာ ပွင့်ဝေတတ်တဲ့ ပန်းခရေလေးတွေပေါ့ … ကျောင်းပတ် ပတ်လည် တစ်လျှောက်လုံး ခရေပင်တွေ တန်းစီနေတယ်လေ.. အိုး… တန်းစီနေတဲ့ ခရေပင်အောက်က ပွင့်ကြွေတွေကို ကောက်ချင်လွန်းလို့ ဝေးမှန်းသိပေမဲ့ ကျောင်းကို တစ်ပတ်ပတ်မိအောင် လမ်းလျှောက်ပြီး ခရေပင်အောက် တိုင်းမှာ ကြွေနေတဲ့ ပန်းကလေးတွေကို ၀င်ဝင်ပြီးကောက်မိလို့ ကျောင်းခနခန နောက်ကျရတာ မှတ်မိနေပါသေးတယ်.. လက်ခုပ်လေးထဲမှာ အပြည့်ရှိနေတဲ့ ခရေပွင့်လေးတွေရဲ့ ရနံ့က မွှေးကြိုင်သင်းထုံလို့ စွဲမက်စရာ ကောင်းလွန်းလှတယ် မဟုတ်ပါလားနော်.. အော်.. ကြွေပေမဲ့ ရနံ့မပျယ်ဘဲ လောကကို အလှဆင်နိုင်စွမ်းသေးတဲ့ ချီးကျူးစရာ ပန်းကလေး ပါဘဲလေ… သူ့လိုမျိုးလေး လောကကြီးကို တတ်စွမ်းသလောက်လေးတော့ အလှဆင်ခွင့် ရချင်ပါသေးတယ်.. ဖြစ်နိုင်ခဲ့ရင်ပေါ့..
ကိုယ် နှစ်သစ်တဲ့ ပန်းနောက်တစ်မျိုးက ခင်မင်ရသော သူငယ်ချင်းလေး တစ်ယောက်ရဲ့ အိမ်နောက်က ပန်းခြံထဲမှာ တခုတ်တရ စိုက်ပျိုးထားတဲ့ ခွာဝါပန်း ၀ါဝါလေးတွေပါ.. သူတို့ခြံထဲမှာ အားလပ်ချိန်တွေဆို သူငယ်ချင်းတွေစုပြီး စာသွားသွားကျက်လေ့ ရှိပါတယ်.. ပန်းပင်လေးတွေရဲ့ အရိပ်အောက်မှာထိုင်ပြီး သင်းပျံ့ပျံ့ပန်းရနံ့လေးတွေကို ရှုရှိုက်ရင်း သူငယ်ချင်းတွေစုပြီး စာကျက်ခဲ့ရတာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်ရစရာ အချိန်ကလေးတွေ ဖြစ်ခဲ့ဖူးပါတယ်.. ခုတော့ စာအတူကျက်ခဲ့ရတဲ့ သူငယ်ချင်းတွေအားလုံး တစ်ယောက်တစ်နေရာစီ ဝေးကွာကြပြီး ပြန်မဆုံဖြစ်ကြတော့ပါဘူး.. ဒါပေမဲ့ စိတ်ထဲကတော့ မှတ်မှတ်ရရ အမြဲတမ်း ရှိနေဖြစ်ခဲ့ပါတယ်.. ခွာဝါပန်းကလေးတွေဟာ ပေါပေါများများ တွေ့ရလေ့ မရှိတတ်တဲ့ ပန်းကလေးတွေပါ.. လွန်ခဲ့တဲ့ နှစ်များဆီက မမျှော်လင့်ဘဲ ရန်ကုန်မြို့ရဲ့ လမ်းတစ်နေရာမှာ အဲဒီ ခွာဝါပန်း ၀ါဝါကလေးတွေ ပြန်တွေ့လိုက်ရတော့ ငယ်ဘ၀ကို တမ်းတမ်းတတ ပြန်သတိရသွားမိခဲ့တယ်.. သူလေးက ရနံ့မရှိပေမဲ့ ၀ါလွင်လွင်အရောင်လေးနဲ့ သိပ်ကို ချစ်စရာကောင်းပါတယ်။
နောက်ထပ် နှစ်သက်မိတဲ့ ပန်းတစ်မျိုးက သူငယ်ချင်းရဲ့ အိမ်ရှေ့မှာ စိုက်ထားတဲ့ ခပ်မြင့်မြင့်ပင်စည်နဲ့ အလွန်မွှေးကြိုင်စွာ ပွင့်ဝေတတ်တဲ့ ပုန်းညက်ပန်းပါ.. သူကလဲ မိုးရာသီမှာသာ ပွင့်တဲ့ ပန်းမျိုးပါဘဲ.. ပွင့်ဖတ်ကလေးတွေက ဖယောင်းသား လေးလို ညက်ညက်ညောညောနဲ့ ဖြူဖြူအိအိလေး.. အလယ်က ၀တ်ဆံတိုင်နဲ့ ၀တ်မှုံတို့က ၀ါရွှေနွယ်သွေးနဲ့ အတော်လေးကို မွှေးတဲ့ ပန်းကလေးပါ.. ချိုချိုအီအီ ရနံ့မျိုးလေးမို့ သူကလဲ တစ်မျိုးစွဲမက်ဖို့ ကောင်းလွန်းလှပါတယ်.. ခုချိန်မှာတော့ မေမေ့ရဲ့ ခြံကလေးထဲမှာ စိုက်ထားတဲ့ အပင်ကလေးမို့ ပိုလို့ အချစ်တိုးရပြန်ပါတယ်.. မိုးစက်တွေ အဆက်မပြတ် ရွာသွန်းတတ်တဲ့ ခုလိုမိုးကာလမှာ အစိမ်းရောင်မြ၀တ်လွှာ ရွက်စိမ်းတွေကြားက ဖူးငုံစပြုနေတဲ့ ပုလဲလုံးလေးတွေလို ပုန်းညက်ဖူးတွေက မြင်ရတာ ရင်ခုန်ချင်စရာ ကောင်းလွန်းလှတယ်..
စပါယ်ပန်းကိုတော့ နှစ်သက်မိတဲ့ ပန်းကလေးတွေရဲ့ စာရင်းထဲကနေ ချန်ထားလို့ ဘယ်ဖြစ်မှာလဲနော်.. သူကလဲမိုးရာသီကို အစွမ်းကုန် အလှဆင်ပေးတဲ့ ဖြူစင်လှပတဲ့ ငွေကြယ်ပွင့်ကလေးတွေဘဲ မဟုတ်လား.. ကိုယ်တို့ ငယ်ငယ်က နေခဲ့တဲ့ အရပ် ဒေသမှာတော့ မိုးရာသီမှသာ စပါယ်တွေ ပွင့်ဝေကြပေမဲ့ ရန်ကုန်မြို့ကြီးမှာတော့ ၁၂ရာသီ စပါယ်တွေ ဝေနေတာ တွေ့ခဲ့ရပါပြီ.. တတ်လဲ တတ်နိုင်ကြပါတယ်နော်.. ရာသီမသိ ပန်းနဲ့လဲ ညှိလို့ရမယ် မထင်တော့ပါဘူးလေ… မိုးမရွာတဲ့ လသာသာညများဆိုရင် ဖွေးဖွေးလှုပ်နေတဲ့ စပါယ်ရုံဘေးမှာ ချစ်သူနဲ့ချိန်းတွေ့ကြဖူးသူများ ဘယ်လောက်ကြည်နူးစရာကောင်းမလဲ ကိုယ်တိုင်တော့ မတွေ့ခဲ့ဖူးတဲ့အတွက် ဒီခံစားချက်ကိုတော့ မသိတတ်နိုင်ပါဘူး… လသာသာညမှာ စပါယ်ပွင့်တွေတော့ ခူးခဲ့ဖူးပါတယ်.. ကြူကြူသင်းတဲ့ စပါယ်ရနံ့သင်းသင်းလေးက နှာဝမှာကလူကြည်စယ်ရင်း ကောင်းကင်ပေါ်က လမင်းကြီးက ပြုံးတုံ့တုံ့နဲ့ ငုံ့ကြည့်ရင်ပေါ့.. ညချမ်းကလေးမှာ ဖုးငုံရာကနေ ပွင့်အာစပြုလာတဲ့ စပါယ်ဖြူ နုနုထွေးထွေးလေးတွေကို ခူးရတာ အိုး ဘယ်လောက်များ ကြည်နူးဖွယ် ညချမ်းကလေးဖြစ်လေသလဲ စဉ်းစားကြည့်ပါဦးနော်..
ပိတောက်ပန်းကိုတော့ ထူးထူးထွေထွေ ပြောစရာမရှိပါဘူး… ရာသီပန်းမို့ နှစ်သစ်စရာကောင်းသလို နှလုံးသားထဲမှာ စွဲငြိအောင် မွှေးလွန်းလို့လဲ ချစ်ခင်မြတ်နိုးရပါတယ်.. သူ့ကိုတော့ ခပ်ငယ်ငယ် ၂တန်း၃တန်းလောက်ကတည်းက အိမ်ရှေ့မှာ အပင်ကြီး ရှိနေလို့ ရင်းနှီးခဲ့ရတာပါ.. အပင်ပေါ်က ပန်းကို မရနိုင်တဲ့အခါ အပင်အောက်ခြေမှာ လေအလွှင့် ကြွေဆင်းလာတဲ့ ပွင့်ကြွေ လေးတွေကို မြတ်နိုးစွာ သီကုံးလို့ ပန်ဆင်ခဲ့ဖူးပါတယ်.. ပွင့်ကြွေတွေကိုဘဲ အိပ်ရာ ကဗ္ဗလာထက်မှာ ဖြန့်ခင်းလို့လဲ လျောင်းစက်ခဲ့ဖူးပါတယ်.. ပိတောက်နဲ့ပတ်သက်ရင် အမှတ်ရစရာလေးတွေ ခုချိန်ထိ မှတ်မှတ်ရရဖြစ်နေဆဲပါ… ရင်ခုန်တတ်စ ငယ်ရွယ်စဉ်အချိန်မှာ ပိတောက်ဟာ ကိုယ့်ကို အမှတ်ရစရာ များစွာကို သိမ်းဆည်းထားပေးတဲ့ ပန်းကလေးတစ်မယ်ပါဘဲ..
ဆောင်းရာသီကို လှပသင်းထုံစေတဲ့ ပန်းကလေးတစ်မျိုးက ခွာညိုပန်းကလေးတွေပါ..ငယ်ငယ်က ကိုယ်ကြီးပြင်းရာအရပ်မှာ သဇင်ပန်းဆိုတာ အလွန်ရှားပါးပါတယ်.. မြို့ကြီးပြကြီးရောက်မှသာ သဇင်ပန်းကို မြင်ဖူးလာရပါတယ်. အဲဒီအချိန်က ဆောင်းရာသီရဲ့ တန်ဖိုးထားစရာ ပန်းကလေးကတော့ နှင်းရည်ကိုဝလင်စွာသောက်သုံးပြီးလို့ အစွမ်းကုန် လှပဝေဆာ ဖူးပွင့်တတ်ပါသော ကြူကြူသင်းတဲ့ ညိုပြာပြာအဆင်း ခွာညိုပန်းကလေးတွေသာ ဖြစ်ခဲ့ပါတယ်..ခုချိန်မှာတော့ နယ်ဒေသတွေ ပြန်ရောက်ဖြစ်မှသာ ပြန်ဆုံးဆည်းခွင့်ရတတ်ပါတယ်... မြို့ပြတွေမှာ တွေ့ဖို့ခဲယဉ်းလွန်းတဲ့ ရှားပါးပန်းကလေး ဖြစ်နေပါပြီ. တကယ်လို့များ ကိုယ့်မှာသာ ကိုယ်ပိုင်ခြံကလေးတစ်ခြံ ရှိခဲ့မယ်ဆိုရင် ကိုယ်နှစ်သက်မြတ်နိုးတဲ့ ပန်းကလေးတွေ အားလုံးကို ကိုယ့်ခြံကလေးထဲမှာ စိုက်ပျိုးထားချင်မိပါတယ်.. ခွာညိုပန်းကလေးကတော့ ချစ်စရာ စင်လှလှလေးတစ်ခုနဲ့ပေါ့နော်..
နောက်ထပ်လို့ ချစ်ခင်စရာပန်းကလေးက ကံ့ကော်ပန်းကလေးတွေပါ.. လှပမွှေးပျံ့တဲ့ရနံ့နဲ့အတူ နွေဦးကို ကြိုဆိုတတ်တဲ့ ချစ်စရာပန်းကလေးတွေပါဘဲ.. ကံ့ကော်ပန်းရဲ့ ၀တ်မှုံ ၀တ်ဆံလေးတွေဟာ ဆေးဘက်ဝင်သလို မွှေးရနံ့တွေကို နှစ်နှစ်သက်သက် စွဲမက်တတ်တဲ့ ကိုယ့်အတွက်တော့ တန်ဖိုးထားစရာ ပန်းကလေးတွေလဲ ဖြစ်ပါတယ်.. တစ်ချိန်ကတော့ ကိုယ့်ကို သိပ်ချစ်ပါတယ်လို့ အထပ်ထပ် ကတိစကားဆိုပြီး သစ္စာတွေနဲ့ ဘုရားမှာ တိုင်တည်ခဲ့ဖူးသူတစ်ယောက်က ရန်ကုန်တက္ကသိုလ် ပုရ၀ုဏ်ကြီးထဲက ကံ့ကော်တွေရဲ့ ၀တ်ဆံလေးတွေကို သူကိုင်တိုင် စိတ်ရှည်လက်ရှည် စုဆောင်းလို့ အခြောက်ခံပြီးကာမှ ကိုယ်သနပ်ခါးနဲ့ ရောပြီး သွေးလိမ်းဖို့အတွက် မှတ်မှတ်ရရ လက်ဆောင်ပေးတတ်သူတစ်ယောက် ရှိခဲ့ဖူးပါတယ်.. ခုတော့လည်း ဒါတွေက ပုံပြင်တစ်ပုဒ်လို ပြီးဆုံးသွားခဲ့တာ ကြာပါပြီလေ.. ဒီလူတစ်ယောက်ကြောင့်လည်း ဘယ်အရာမှ တည်မြဲခြင်းမရှိတာ ဘယ်လိုကတိစကားမှ ခိုင်မြဲခြင်းမရှိတတ်တာကို နားလည်တတ်ခဲ့ပါတယ်.. လောကကြီးရဲ့ သဘောသဘာဝကို စောစီးစွာ သိနားခွင့်ရလိုက်တာပါဘဲ.. ဒီအတွက်တော့ ကံ့ကော်ဝတ်ဆံ၊ ၀တ်မှုံလေးတွေ လက်ဆောင် ပေးခဲ့သူကို ကျေးဇူးတင်နေဦးမှာပါ.. ကံ့ကော်ပန်းကလေးတွေတွေ့တိုင်း ကိုယ့်နှုတ်ခမ်းတစ်ဘက်တည်းက အပေါ်ကို ခပ်မဲ့မဲ့ကလေး တွန့်ကွေးပြီး ပြုံးတတ်လာခဲ့ပါပြီ..
နှင်းဆီပန်းကလေးတွေကတော့ ကိုယ့်ရဲ့ အမြတ်နိုးဆုံး ပန်းလို့ဆိုရင်လဲ မမှားပါဘူး… ကိုယ်နှစ်သက်မိလွန်းလို့လဲ ငယ်ငယ် ကတည်းက နှင်းဆီတစ်ပွင့် နေ့စဉ် ပန်ဆင်တတ်လို့ ကိုယ့်ကို မနှင်းဆီဆိုတဲ့ နံမည်လေးတောင် အားလုံးက ၀ိုင်းခေါ်ခဲ့ရ ဖူးတယ်လေ.. သူတို့ရဲ့အလှ သူတို့ရဲ့ ဘ၀ကို ဆူးတွေနဲ့ ကာရံရင်း တန်ဖိုးထား စောင့်ရှောက်တတ်ပုံတွေက အတုယူစရာ… ကိုယ်ကိုယ်တိုင်လဲ နှင်းဆီပန်းကလေးလို ဆူးတွေနဲ့ ကာရံထားတဲ့ သူတို့လို ဘ၀မျိုးကို အားကျခဲ့မိတယ်.. စံထားခဲ့မိတယ်.. ဆူးမရှိရင် ပန်းဆိုတာကို လူတွေက အလွယ်တကူ ခူးဆွတ်ချင်တတ်ကြတယ်.. နင်းခြေတတ်ကြတယ်.. ဆူးတွေနဲ့ ကာရံထားတဲ့ ပန်းကိုတော့ တော်တန်ရုံ ခူးဆွတ်ဖို့ မ၀ံ့ရဲကြဖူး.. မိန်းကလေးတွေရဲ့ ဘ၀မှာလည်း နှင်းဆီပန်းလို ထိုက်သင့်တဲ့ ဆူးတွေနဲ့ အရံအတားအဖြစ် ကိုယ့်ဘ၀ကို ကာရံထားဖို့ လိုအပ်ပါတယ်လို့ ကိုယ်ကတော့ ခံယူမိပါတယ်.. ဒါက ကိုယ့်ရဲ့ သီးသန့် အမြင်.. ကိုယ်ပိုင်ခံယူချက်ပါ..
ဆူးကဲ့သို့ အရံအတားမရှိဘဲ လူတကာကို ခေါင်းငုံ့ရိုကျိုး ကြောက်ရွံ့နေရတဲ့ ဘ၀မျိုးကို ကိုယ် မလိုလား၊ မနှစ်သက်ဘူး… ဒါကြောင့် ကိုယ့်ဘ၀မှာ ဆူးနဲ့တူတဲ့ အရံအတားတွေကို တတ်နိုင်သလောက် ကာရံနိုင်အောင် ကြိုးစားခဲ့ရတယ်.. အချိန်ကာလ အတော်ကြာကြာ ပေးဆပ်ခြင်းများစွာနဲ့ ဘ၀မှာ ဆူးတွေ… လိုအပ်တဲ့ ဆူးတွေ တပ်ဆင်လာနိုင်အောင်ပေါ့… ဒီလိုဆူးတွေလို အရံအတားတွေ ဖြစ်လာနိုင်အောင် ပေးဆပ်ခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အများကြီးမို့လည်း လွယ်လွယ်နဲ့တော့ ဒီ အရံအတား ဆိုတဲ့ ဆူးတွေကို စွန့်လွှတ်ဖို့ ဘယ်လွယ်ပါ့မလဲနော်.. လူတွေမှာ ဆူးတွေအများကြီး ရှိတတ်ကြပါတယ်. အတ္တဆူး၊ ဂုဏ်ပကာသနဆူး၊ ပညာမာန်မာနဆူး အိုး ပြောရရင်တော့ ဆူးတွေ အများကြီးပါဘဲ.. အဲဒီအားလုံးထဲမှာ ကိုယ်တန်ဖိုးထားတဲ့ ဆူးကလေးတစ်ချောင်းက ဂုဏ်သိက္ခာ ဆိုတဲ့ ဆူးကလေးပါ.. ကိုယ့်ရင်ထဲမှာ နက်နဲစွာ အမြစ်တွယ် နေခဲ့တဲ့ ဒီဂုဏ်သိက္ခာဆိုတဲ့ ဆူးကလေးတစ်ချောင်းအတွက်တော့ ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး.. ခွင့်မလွှတ်ရင်လဲ ကျေနပ်ပါတယ်.. ဘယ်သို့ဆိုစေ.. ဒီဆူးကလေးကတော့ ကိုယ့်ရင်ထဲမှာ ရာသက်ပန် ခိုင်မြဲနေလေဦးမှာပါ..
ပန်းနုနှင်းဆီ